စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ရှင်ဒေဝဒတ်ရဲ့ကျေးဇူ

🙏ရှင်ဒေဝဒတ်ရဲ့ကျေးဇူး🙏
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"အရှင်ဘုရား 
တပည့်တော်တို့ရဲ့ ရန်သူတော်ကြီး 
ရှင်ဒေဝဒတ်ကို မြေမြိုသွားပါပြီဘုရား" လို့ညီတော်အာနန္ဒာက အားရဝမ်းသာ လျှောက်တင်ပါတယ်။

အဲဒီအခါ မြတ်စွာဘုရားက 
"အရှင်ဒေဝဒတ်ရဲ့ကျေးဇူးကား 
ငါဘုရား၊ ငါဘုရားရဲ့ဓမ္မနှင့် သံဃာအပေါ် ကျေးဇူးကြီးစွ"လို့ မိန့်တော်မူပါတယ်။

ဒါကို ညီတော်အာနန္ဒာက သဘောမပေါက်ပါ။ ဘာဖြစ်လို့လဲဆိုတော့  ညီတော်အာနန္ဒာက သောတာပန်ရဟန်း၊ မြတ်စွာဘုရားက သဗ္ဗညုတ ဥာဏ်တော်ရှင်ပါ။  သဗ္ဗညုတ ရွှေဉာဏ်တော်ကို 
 သာမာန်ပုထုဇဉ်ရဟန်းရဲ့ ဉာဏ်က 
 မလိုက်နိုင်၊ လိုက်မမှီပါ။ 

ဒါပေမဲ့ ညီတော်အာနန္ဒာသိထားတာက
 မြတ်စွာဘုရားတို့မည်သည် ဘယ်သောအခါမှ အဓိပ္ပါယ်မဲ့စကားကို ပြောလေ့မရှိပါ။ 

ဒါကြောင့်သူနားလည်ဖို့ ညီတော်အာနန္ဒာက "အရှင်ဘုရား ရှင်းလင်းတော်မူပါဘုရား" လို့ထပ်လျောက်တင်တော့

 မြတ်စွာဘုရားက "ချစ်သားအာနန္ဒာ 
ရှင်ဒေဝဒတ်ကား ငါဘုရား၏ ရန်သူမဟုတ်၊ ငါဘုရား၏ ပါရမီဖြည့်ဖက်သာ ဖြစ်ပေသည်" လို့ထပ်မိန့်သတဲ့။

ညီတော်အာနန္ဒာက
" အကျယ်ရှင်းပါဘုရား" လို့လျှောက်တဲ့အခါ မြတ်စွာဘုရားက
"ငါဘုရား ဒီပင်္ကရာ ဘုရားရှင်လက်ထက်တော် ဘုရားဆုပန်ပြီးသည့်အချိန်ကစလို့ အခုဘုရားဖြစ်တဲ့ဘဝအထိ ရှင်ဒေဝဒတ်ဟာ ငါဘုရားကို အမြဲဆန့်ကျင်ခဲ့တယ်။ 

သူကဆန့်ကျင်လေ ငါကကောင်းအောင်လုပ်လေပဲ၊ ငါဘုရားပါရမီတော် နုနယ်စဉ်ကာလတွေမှာ လုပ်ခဲ့တဲ့အမှားတွေကို သူက အပြစ်တင်အပုပ်ချတယ်၊ 

ငါဘုရားက အဲဒီလိုပြောတာတွေကို အပြစ်မမြင်ခဲ့ပါ။ နောက် သူအပြောမခံရအောင် ကောင်းအောင်
 ပိုပြီး ကြိုးစားပြင်ခဲ့ပါတယ်။ 

သူ့ရဲ့ကောင်းမှုကြောင့် 
ပါရမီတွေ ရင့်သန်မှုတွေမြန်ခဲ့တယ်။ 
ဘုရားဖြစ်လာတဲ့ ယခုဘဝမှာတောင် 
ရှင်ဒေဝဒတ်ကြောင့်သာ ငါဘုရားနဲ့ ဓမ္မဟာ အခုလောက်မြန်မြန် ဂုဏ်သတင်းမွှေးပြီး ငါဘုရားရဲ့ သံဃအဖွဲ့အစည်းဟာလည်း ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းနိုင်ခဲ့တာ၊ 

ရှင်ဒေဝဒတ်က 
သူ့ရဲ့ အဓမ္မနဲ့ပြိုင်လေ၊ ဖျက်လေ၊ 
ငါဘုရားရဲ့ ဓမ္မဂုဏ်သတင်းတက်လေ၊ 

ရှင်ဒေဝဒတ်က
သံဃအဖွဲ့အစည်းကို ဖျက်လိုဖျက်ဆီးလုပ်လေ၊ သံဃိကအဖွဲ့က ပိုမိုကျစ်လစ်ခိုင်မာလေပဲ၊ 

ငါဘုရားကို ဆန့်ကျင်တာလုပ်ရင်း
 လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် ပါရမီဖြည့်လိုက်တာ  ဒီဘဝမှာမြေမြို အဝီစိငရဲမှာ ကျခံရတဲ့အထိ 
 ပါရမီဖြည့်သွားတာမို့ ကျေးဇူးရှင်လို့ဆိုတာပါ ချစ်သား အာနန္ဒာ" တဲ့

(ဒေါက်တာမောင်သင်း၊ 
အတွေးအမြင် ၂၀၁၁ ဖေဖေါ်ဝါရီ စာ-၆၄)

တကယ်တော့ လူအများစု စဉ်းစားတာ နားလည်မိတာက မိမိရဲ့ အကြိုက်ကို လိုက်လုပ်ပေးနေတာ၊ ကူညီနေတာ ၊ လိုတာ လိုက်လံဖြည့်ဆည်းပေးနေတာတွေနဲ့ ဘေးမှာ လာပြုစုပေးတာကိုဘဲ 
ပါရမီဖြည့်ဖက်လို့ နားလည်ကြ မြင်ကြမှာပါဘဲ။

တကယ်တော့ 
မျက်မွေးတစ်ဆုံးသာ မကြည့်ဘဲ မျက်စိတစ်ဆုံးသာ ကြည့်တတ်ရင် ကိုယ့်ဘဝဘဝတွေမှာ ဖြည့်ဆည်းဖို့ 
ပါရမီတွေ ပြည့်ဖို့ လိုတာတွေက ကိုယ့်အကြိုက်လိုက်သူရော မလိုက်သူရော၊ ချစ်သူရော မုန်းသူရော၊ ပညာတတ်ရော ပညာမဲ့ရော၊ 
ဥစ္စာရှိရော ဥစ္စာမဲ့ရော အကုန်ဖြစ်နိုင်ပါတယ်။

ခန္တီပါရမီပြည့်ဖို့ နှိပ်စက်သူ လိုသလို ၊ 
သီလပါရမီပြည့်ဖို့ မြူဆွယ်သူ လိုပါတယ်။ 
ဘဝမှာ ကြုံတွေရတာတွေကို ကိုယ့်စိတ်ကနေ 
ဒီအဖြစ်အပျက်တွေကို တည်မှီပြီး 
စိတ်က ဖြစ်ပျက်ကြတာမို့ ပတ်ဝန်းကျင် သက်ရောက်မှု တခုတည်းက တဦးကို ကုသိုလ်ဖြစ်စေပြီး နောက်တဦးကို အကုသိုလ်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် တခါက ဘုန်းတော်ကြီးတစ်ပါးဟာ သူ့ကျောင်းတိုက်နားလာပြီး ရန်ဖြစ်ရင်းလုံးထွေးသတ်ပုတ် ဆူညံနေတာကိဘုန်းကြီးကျောင်းနား လာဆူညံရဦးလားလို့ မတွေးဘဲ ကိုရင်တွေ ဥူးဇင်းတွေ ခေါ်ပြီး ၊"မောင်ရင်တို့ကို ဒေါသ မောဟ အကြောင်းတရားလာပြပေးတဲ့ ဒီ ဒကာမကြီးတွေကို ရေတိုက် ငှက်ပျောသီးသွားကျွေးပြီး ကျေးဇူးဆပ်ချေ" လို့မိန့်တော်မူသတဲ့။

ဒါကြောင့် ကုသိုလ် အကုသိုလ်ဆိုတာ သူများက၊ ပတ်ဝန်းကျင်က ကိုယ့်ကို ပေးတာမဟုတ်ပါဘူး၊ ကိုယ်က ယူသလို ရနေတာပါလို့ ဆိုရမှာဖြစ်ပါတယ်။ ကိုယ့်ကို ဆဲနေလဲ ကိုယ်မခံယူရင် ကိုယ်မရပါဘူး ဆိုတာ ဘုရားဟောခဲ့ဘူးပါတယ်။

မြတ်စွာဘုရား ဒေဝဒတ်ကို မြင်သလို 
ကိုယ့်ပြိုင်ဖက် အတိုက်ခံကို ကျေးဇူးရှင်လို့ မြင်တတ်ရင် ကိုယ်ဘဝ ပိုမိုတောက်ပြောင်မှာ သေချာပါတယ်။

တစ်ခါ ငယ်ငယ်က 
အတန်းမှာ မေးမဲ့မေးခွန်းတွေ ပြောပြပြီး 
စာမေးပွဲလွယ်လွယ်အောင်ခဲ့တဲ့ ဖျက်ဆီးမှုဟာလဲ အဆိုးပါရမီကိုဖြည့်တာဖြစ်ပြီး ကိုယ်ပညာမတတ်တဲ့ အကျိုး စာမကြိုးစားဖြစ်တော့ အတတ်ပညာ နားမလည်တော့တဲ့ အခြေခံမရခဲ့တဲ့ အပြစ် ဖြစ်တတ်ပါတယ်။

ပါရမီဖြည့်ဖက်အမည်ခံပြီး အရာရာကို 
အလိုက်တသိ လိုက်ဖြည့်တင်းတတ်သူတွေ ကိုယ့်ကို သာယာစေသူတွေရဲ့ ထိတွေ့မှုကို မက်မောမိသူ၊ မိန်းမောမိသူ၊ သာယာမိသူတွေ ဘဝပျက်ကြ၊ ကျဆုံးပျက်ဆီးကြတာလည်း သမိုင်းမှာ မရေတွက်နိုင်အောင်ပါဘဲ။

ဒါကြောင့် သံသရာခရီးမှာ
မဖြစ်မနေလျှောက်လှမ်းနေရသူတွေအဖို့
ပါရမီဖြည့်ဖက်ဆိုတာ 
အတိုက်ခံလဲပါတယ်ဆိုတာကို 
သတိပြုမိလို့ရေးမိတာပါ။ 

Credit ...

No comments:

Post a Comment