“သမားတော် ဇီဝက”
ဇီဝကသည် ဂေါတမမြတ်စွာဘုရားလက်ထပ်တွင် ထင်ရှားကျော်ကြားသော သမားတော်ကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရာဇဂြိုလ်တွင် တိုင်းပြည်သာယာစေရန် သာလဝတီမည်သော အဆင်း အင်္ဂါနှင့် ပြည့်စုံသည့် အမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာပြု၍ထားရှိထားပါတော့တယ်။ ဇီဝကသည် ထိုပြည့်တန်ဆာနှင့် ဗိမ္ဗိသာရမင်းကြီး၏သားတော် အဘယမင်းသား ဝင်ထွက် ပျော်ပါးရာမှ ဇီဝကကို သန္ဓေတည်တယ်လို့လည်း ကျမ်းဂန်တစ်ချို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ပြည့်တန်ဆာမ သာလဝတီ က ဇီဝက ကို ဖွားမြင်ပြီးသောအခါ သူမ၏အလုပ်တစ်ဖက် သားတော်မောင်ကတစ်ဖက်နှင့် အဆင်မပြေသောကြောင့် သားငယ်ကို မြို့ပြင်တွင်ပဲ စွန့်ပစ်ခဲ့ပါတယ်။ အဘယမင်းသားသည် ဗိမ္ဗိသာရမင်းကြီးထံ အခစားဝင်ရန်သွားစဉ် လမ်း၌စွန့်ပစ်ခံရသော ကလေးငယ်အားတွေ့သောအခါ အမှုထမ်းများအား ကြည့်ရှုခိုင်းစေတယ်။ ထို့နောက် “အသက်ရှိသေးသလော” ဟု မိန့်တော်မူခဲ့ပါတယ်။ အမှုထမ်းများက အသက်ရှိကြောင်းပြောသောအခါ သားငယ်လေးကို အဘယမင်းသား က ကောက်ယူမွေးစားခဲ့ပါတော့တယ်။ “အသက်ရှိသေးသလော” ဟု မေးခဲ့ဖူးသည်ကို အစွဲပြု၍ သားငယ်လေး၏နာမည်ကို ဇီဝက ဟု ခေါ်တွင်ခဲ့ပါတယ်။
ဇီဝက အရွယ်ရောက်လာသောအခါ မိမိ၏အဖြစ်မှန်ကို သိရှိ၍ အလွန်ဝါသနာပါသော လူအများကို ဆေးကုပေး၍ ကျန်းမာရေးစောင့်ရှောက်ပေးရသော ဆေးပညာကို သင်ယူရန်အတွက် အဘယမင်းသားထံ ခွင့်ပန်ခြင်းမပြုဘဲ တက္ကသိုလ်ပြည်သို့သွားရောက်၍ ဒိသာပါမောက္ခဆရာကြီးထံတွင် တောင်းပန်၍ ဆေးပညာကို ကြိုးစားသင်ယူခဲ့ပါတယ်။ တခြားသော ပညာအတူတူသင်ယူနေကြသော မင်းညီ မင်းသားများလို အခကြေးငွေမပေးနိုင်သောကြောင့် အားလပ်သည့်အချိန်တွင် ဆရာကြီး၏အိမ်အလုပ်များကို ဝိုင်းကူလုပ်သောကြောင့် ဆရာကြီးတင်မက ဆရာကတော်ကပါ ဇီဝကအား ချစ်ကြပါတယ်။ ဇီဝက သည် ဆရာကြီး၏တပည့်များထဲတွင် အတော်ဆုံးတပည့်ဖြစ်သည့်အလျှောက် လျှင်မြန်စွာ သင်ယူဆည်းပူးနိုင်သူဖြစ်ခဲ့ပါသေးတယ်။ အချိန်အတော်အတန်ကြာသောအခါ ဇီဝကသည် ဆေးအတတ်ပညာများကို သင်ယူပြီးစီးခဲ့ပါတယ်။ ထို့နောက် ဆရာကြီး ဒီသာပါမောက္ခထံ ခွင့်တောင်းပြီး ပြန်လာခဲ့ပါတော့တယ်။
ပြန်လာသောလမ်းတွင် ပါလာသောရိက္ခာကုန်သွားသောကြောင့် ဆေးကုသပြီး ရိက္ခာရှာဖွေရန်အတွက် အနီးအနားတွင် နာမကျန်းဖြစ်သောသူများ ရှိ မရှိ စုံစမ်းကြည့်ရာ သာကေတပြည် သူဌေးကတော်ကြီးတစ်ယောက်၏ ခုနှစ်နှစ်တာ ခံစားနေရသော ဦးခေါင်းကိုက်ခဲရောဂါ ကို သိရှိ၍ သူဌေးကတေ်ာအား မိမိဆေးကုသပေးရန် သွားရောက်ခဲ့ပါတယ်။ အသက်ငယ်ရွယ်သေးသော ဇီဝက၏ ဆေးကုသရန် ငြင်းဆန်ခဲ့ပါတယ်။ ထိုအခါ ဇီဝက က သူဌေးကတော်၏ ရောဂါမပျောက်ကင်းခဲ့လျှင် အသပြာပေးရန်မလိုဟု ပြောသောကြောင့် ကပ်စဲနှဲသူဌေးကတော်ကြီးက လက်ခံ၍ ကုသရန် သဘောတူခဲ့ပါတယ်။ ဇီဝကသည် သဘာဝဆေးဓာတ်စာများဖြင့် ကုသပေးလိုက်ရာ သူဌေးကတော်ကြီး၏ ခုနှစ်နှစ်တာ ခေါင်းကိုက်ဝေဒနာသည် ချက်ချင်းဆိုသလို သက်သာပျောက်ကင်းခဲ့ပါတော့တယ်။ ကျေးဇူးတင်လွန်းသောကြောင့် သူဌေးကတော်င်္ကြီးသာမက မိသားစုဝင်များကပါ ဆုလာဒ်တွေများစွာ ပေးအပ် ချီးမြှင့်ခဲ့ပါသေးတယ်။ ထို့နောက်တွင် မွေးစားဖခင်ထံသို့ ပြန်၍ ဆေးကု၍ရရှိထားသော အသပြာများကို ပေးအပ်၍ ကျေးဇူးဆပ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားက လက်မခံပဲ ဇီဝကကိုသာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဇီဝက သည် ဗိမ္ဗိသာရမင်းကြီး၏ မြင်းသရိုက်နာစွဲကပ်နေသောကြောင့် အဝတ်အစားများတွင် ပေကျံနေသောသွေးများအား မိဘုရားငယ်၊မောင်းမငယ်များက လှောင်ပြောင်နေကြသော စိတ်မချမ်းသာစရာကောင်းသော မြင်ကွင်းကို တွေ့မြင်လိုက်ရသောအခါ စိတ်မကောင်းဖြစ်မိ၍ ရောဂါသောက်ကင်းစေသော ဆေးများကို အဘယမင်းသားအား ဆက်သစေခဲ့ပါတယ်။ ဗိမ္ဗိသာရမင်းကြီးလည်း ရောဂါပျောက်ကင်းသွားသောကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ဇီဝကအား ဆုလာဒ်တော်အမြောက်အများပေးအပ်ခဲ့သော်လည်း ဇီဝက က မိမိ၏ဘိုးတော်ဖြစ်သောကြောင့် လက်မခံခဲ့ချေ။
ထို့နောက် ဗိမ္ဗိသာရမင်းကြီးက ဇီဝကအား ဘုရားအမှူးရှိသော သံဃာတော်များနှင့် မိမိ၏မိသားစုဝင်များအား ဆေးကု၍စောင့်ရှောက်ရန် မိန့်ကြားတော်မူခဲ့ပါတယ်။ ထိုအမိန့်ကိုလည်း ဇီဝက က လက်ခံခဲ့ပါတယ်။ ရာဇဂြိုလ်ပြည်၏ မြောက်မျက်နှာတွင်နေသော မဟာသာလသူဌေးသည် ဦးခေါင်းခဲနာစွဲကပ်လျှက်ရှိရာ ဇီဝက က သူဌေးကြီးအားအိပ်ပျော်စေ၍ ဦးခေါင်းအား ဓားဖြင့်ခွဲပြီး ဦးနှောက်ကို လှိုက်စားလျှက်ရှိနေသော ပိုး ၂ ကောင်ကို ထုတ်ယူခြင်းဖြင့် ပျောက်ကင်းသက်သာစေခဲ့ပါသေးတယ်။ ထိုနောက်တွင်လည်း ဗာရာဏသီပြည်ရှိ သူဌေးသားတစ်ယောက်၏ အူထုံးသောရောဂါကို ဇီဝက က မူးမေ့စေသော ဆေးကိုပေးပြီးမှ ဝမ်းကို ဖောက်ခွဲ၍ ထုံးနေသောအူကို ဖြေပေးခဲ့ပြန်ပါတယ်။
အခါတစ်ပါးတွင် မြတ်စွာဘုရားရှင်တွင် စမြင်းဒေါသဖြစ်များပြီး ကိုယ်လက်မအီမသာဖြစ်နေတော်မူသောကြောင့် ဝမ်းနုပ်ဆေးသောက်လိုကြောင်း ရှင်အာနန္ဒာအား မိန့်ကြားလိုက်ပါတယ်။ ရှင်အာနန္ဒာသည် သမားတော်ဇီဝကအိမ်သိုကြွသွား၍ အကြောင်းကိုမိန့်ကြားလေသော်သမားတော်ဇီဝကက "အရှင်ဘုရား- မြတ်စွာဘုရားရှင်အား ဝမ်းနူးစေ၇န် သုံးရက်တိတိ ဆီနှင့်ရေ ရော၍ဆွမ်းဆက်ကပ်ပါ လေးရက်မြောက်သောနေ့တွင် တပည့်တော်လာ၍ ဆေးဆက်ကပ်ပါမည်။"ဟုလျှောက်ထားလေ၏ ရှင်အာနန္ဒာသည်သမားတော်ဇီဝက လျှောက်တင်လိုက်သည့်အတိုင်း မြတ်စွာဘုရားရှင်အား ဆီနှင့်ရောသောဆွမ်းကို သုံးရက်တိတိ ဆက်ကပ်ခဲ့ပါတယ်။ သမားတော်ဇီဝကမှ" မြတ်စွာဘုရားရှင်အားကြမ်းတမ်းသောဆေးဖြင့် ဝမ်းလျှောစေရန်မသင့် သိမ်မွေ့သောဆေးကိုသာ ဆက်ကပ်ပါအံ့"ဟု ကြံ၍ လေးရက်မြောက်သောနေ့တွင် ဆေးဖြင့်ထုံအပ်သောကြာလက်သုံးလက်ကို ကျောင်းတော်သို့ယူလာ၍ မြတ်စွာဘုရားရှင်အားဆက်ကပ်ပြီး
"အရှင်မြတ်ဘုရား-ပထမကြာလက်ကိုသုံးကြိမ်နမ်းလျှင် ကြမ်းတမ်းသောစမြင်းဒေါသများ၊ ဆယ်ကြိမ်သက်ပါလိမ့်မယ် တတိယကြာလက်ကိုသုံးကြိမ်နမ်းလျှင် နူးညံ့သော စမြင်းဒေါသများဆယ်ကြိမ်သက်ပါလိမ့်မည်"ဟုလျှောက်ထားပါတာ့တယ်။
မြတ်စွာဘုရားရှင်ထံမှပြန်လာသော ဇီဝကသည် ကျောင်းပရဝဏ်၏အပြင်ဘက်သို့ရောက်သောအခါ မြတ်စွာဘုရားရှင်ထံတွင် ထားခဲ့သော ကြာသုံးလက်တွင် တတိယကြာလက်၌ ဆေးတစ်မျိူးလျော့သောကြောင့် မြတ်စွာဘုရားရှင်သည် နှစ်ဆယ့်ကိုးကြိမ်သာ ဝမ်းသက်မည်ဖြစ်ကြောင်း
စဉ်းစားမိသော်လည်း "အကယ်၍ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် ရေချိူးလိုက်လျှင် အကြိမ်သုံးဆယ်အထိပင်ဝမ်းသက်ပါလိမ့်မည်"ဟူ၍ စဉ်းစာမိပြန်သောကြောင့် မြတ်စွာဘုရားရှင်အထံ၊ပြန်လည်လျှောက်ထားခြင်းမပြုတော့ဘဲအိမ်သို့သာ ပြန်လာခဲ့တော့တယ်။
မြတ်စွာဘုရားရှင်သည် သမားတော်ဇီဝက၏အကြံစည်ကိုသိတော်မူလေသောကြောင့်ဝမ်းလျှောသက်၍ နှစ်ဆယ့်ကိုးကြိမ် စေ့သောအခါ ရှင်အာနန္ဒာအား ရေနွေးကိုစီရင်စေပြီးလျှင် ရေသပ္ပါယ်ချိူးလိုက်လေရာအကြိမ်သုံးဆယ်တိတိပင် ဝမ်းလျှောသက်သွားခဲ့ပါတယ်။ နောက်တစ်နေ့ နံနက်စောစောတွင်သမားတော်ဇီဝကသည် ယာဂုကိုစီရင်၍ ကျောင်းတော်သို့ ယူလာပြီး မြတ်စွာဘုရားရှင်အား"အရှင်ဘုရား တပည့်တော်လျှောက်ထားသည့်အတိုင်း ဝမ်းသက်လျှောပါရဲ့လားဘုရား" ဟုလျှောက်လေလျှင်မြတ်စွာဘုရားရှင်က အကြိမ်သုံးဆယ်အထိပင်ဝမ်းလျှောသက်ခဲ့ကြောင်း
မိန့်ကြားသောကြောင့် သမားတော်ဇီဝကသည် မိမိယူဆောင်လာခဲ့သော ယာဂုကို မြတ်စွာဘုရားရှင်ထံ ဆက်ကပ်ခဲ့ပါတယ်။
ဝေဒနာ ရောဂါ ကင်းစင်နေ၍ ကြည်လင်နေသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့လိုက်ရသော သမားတော်ဇီဝကသည် လွန်စွာကြည်ညိုမှုများ ဖြစ်ပေါ်လာပြီး စဏ္ဍပဇ္ဇောတမင်းကြီးထံမှ ရရှိထားသော ဝတ်စုံကို မြတ်စွာဘုရားရှင်အား လှူဒါန်းလိုက်ပါတယ်။။ " မြတ်စွာဘုရား..ဤဝတ်စုံသည် ဥဇ္ဇေနီပြည့်ရှင် စဏ္ဍပဇ္ဇောမင်ထံမှရရှိခဲ့ပြီး တပည့်တော်အားချီးမြောက်သောအားဖြင့် အလှူခံယူတော်မူပါ အရှင်မြတ်ဘုရား၏ တပည့်သံဃာတော်တို့မှာလည်း ပံ့သကူသင်္ကန်းကိုသာဆောင်ရသဖြင့် ဆင်းရဲပင်ပန်းကြလိမ့်မည်။ ထို့ကြောင့် ဒါယကာတို့လှူဒါန်းသည့် အဝတ်သင်္ကန်းကို ခံယူသုံးစွဲခွင့်ပြုတော်မူမှသာ လူဒါယကာများလည်း ကုသိုလ်ပွားခွင့် ရကြပါလိမ့်မည်"ဟုလျှောက်ထားခဲ့ပါတယ်။ ထိုသို့ သမားတော်ဇီဝကလျှောက်ထားတောင်းပန်ချက်အရ မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား အလှူ့ဒါယကာများ လှူဒါန်းသည့် အဝတ်သင်္ကန်းကို အလှူခံယူသုံးစွဲရန် ခွင့်ပြုတော်မူခဲ့ပါတယ်။ ထိုသတင်းကိုကြားရသောရာဇဂြိုလ် မြို့သူ မြို့သားတို့သည် ဝမ်းမြောက်ဝမ်းသာဖြင့် များစွာသော အဝတ်သင်္ကန်းတို့ကို လှူဒါန်းကြလေတော့တယ်။
သမားတော်ဇီဝကသည် ဆေးကုခြင်းအရာ၌ မအားမလပ်နိုင်အောင်ရှိနေသော်လည်း ဘုရားရှင်နှင့် သံဃာတော်တို့အား ပြုမြဲသောဝတ်တို့ကိုတော့ မပျက်ခဲ့ချေ။ ဘုရားရှင်၏ တပည့်သားအပေါင်းတွင် ဇီဝကသည် လူချစ်လူခင် အပေါများဆုံး၊ ကြည်ညိုသူ အများဆုံးဖြစ်သဖြင့် “ကုလပ္ပသာဒက” တည်းဟူသော ဧတဒင်္ဂဘွဲ့ထူးကို ဆင်မြန်းခဲ့ရပါသေးတယ်။ ဤသည်မှာ သမားတော်ဇီဝက၏ ဘုရားရှင်လက်ထပ် ဗုဒ္ဓသာသနာကို အထောက်အပံ့ဖြစ်စေခဲ့သော အကြောင်းတစ်ချို့ကို ဖော်ပြပေးခြင်းပဲ ဖြစ်ပါတယ် ခင်ဗျာ။
ကာတွန်း Page ကနေပြီး သားသားမီးမီးလေးတို့အတွက် အသိပညာတိုးတက်ပြီး ဗဟုသုတရစေဖို့ အပတ်စဉ်အင်္ဂါနေ့တိုင်း တင်ဆက်ပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် Page လေးကို See First လုပ်ထားဖို့လည်း မမေ့ကြနဲ့ဦးနော်။
No comments:
Post a Comment