စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ဉာဏ်လမ်းပေါ်ရောက်ရှိနေသူတို့ရဲ့ရှုမှတ်ပုံများ

☸️ ဉာဏ်လမ်းပေါ်ရောက်ရှိနေသူတို့ရဲ့ရှုမှတ်ပုံများ ☸️
••••••••••••••••••••••••••••••••••
         
             ဝိပဿနာ ဆိုတာ ဉာဏ်နဲ့လုပ်ရတဲ့ ဉာဏ်အလုပ်ဖြစ်ပါတယ်။
             ဒါ့ကြောင့်မို့လည်း.....
             ဝိပဿနာ အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ ကို " ဉာဏ်လမ်းပေါ်မှာ လျှောက်နေကြတဲ့သူတွေ " လို့....
           စာအုပ်၊ စာပေတွေမှာ တင်စား၊ ရေးသားလို့ထားတာတွေ ရှိတဲ့အတွက်ကြောင့်  တွေ့ဘူး၊မြင်ဘူးကြလိမ့်မယ်လို့ ထင်ပါတယ်။
             အို၊ နာ၊ သေ ဘေး က လွတ်မြောက်ဖို့အတွက် ထွက်ရာလမ်း ဆိုတာ ဝိပဿနာ အကျင့် တစ်ခုထဲသာပဲ ရှိပါလားဆိုတဲ့ အသိ သံဝေဂ နဲ့ ကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့ဟာ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်...
            မိမိတို့လျှောက်နေကြတဲ့ အဲဒီ ဉာဏ်လမ်းပေါ်ကနေ အခြားလမ်းကို ချော်မသွားကြဘဲ၊ ပြီးတော့ ဉာဏ်လမ်းပေါ်ကလည်း ဆင်းမသွားကြဘဲ၊ ဒီလျှောက်နေတဲ့ ဉာဏ်လမ်းပေါ်မှာ ရပ်တန့်ပြီးတော့လည်း မနေကြဘဲ၊ ဉာဏ်နဲ့ယှဉ်ပြီး " စရဏ "ဆိုတဲ့ ကျင့်ကြံမှုကိုသာ အဓိကထားပြီး အားထုတ်ကြဖို့အထူး လိုအပ်ပါတယ်။
              နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မရောက်နိုင်သေးတာတောင်မှ အရင်ဆုံး အပါယ်လေးဘုံ က ကင်းလွတ်သွားကြသူများဖြစ်မှသာလျှင် ဒီ ဉာဏ်လမ်းပေါ်မှာ တည်တံ့နေမှာ ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေတို့အနေနဲ့ ကျင့်ကြံအားထုတ်ကြရာမှာ ဦးတည်ချက်မမှားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့အရေးကြီးလှပါတယ်။
           အဲဒီလို ဉာဏ်လမ်းပေါ်ရောက်ရှိသွားကြသူများ နဲ့၊ ဝိပဿနာကို အတော်အတန်အားထုတ်လာလို့ဉာဏ်စဉ်တွေတက်လာတာနဲ့အမျှ " ဘင်္ဂဉာဏ် " လောက် ရောက်နေပြီးတော့ ဉာဏ်လည်း အထူးထက်မြက်တဲ့ ယောဂီတို့ဆိုရင်...
             အခုတင်ပြမဲ့ ရှုမှတ်ပုံ ကို လွယ်ကူစွာပိုင်းခြားသိနိုင်ပါလိမ့်မယ်။
             ဒါပေမယ့်.,
             ဓမ္မမိတ်ဆွေတို့အနေ နဲ့ဖတ်ရှုပြီး မိမိ နဲ့မကိုက်ညီတာတွေလည်း၊ ရှိကောင်းရှိကြမှာပါ။ တစ်ဦးနဲ့တစ်ဦး ရှုပုံ၊ ရှုနည်း၊ မြင်ပုံ၊မြင်နည်း ကွာခြားတာနဲ့အမျှ....
             တွေ့ရှိပုံ၊ တွေ့ရှိနည်း လည်း ကွာခြားကြမှာဖြစ်ပါတယ်။
              မည်သို့ပင်ဖြစ်စေ...
             ဝိပဿနာ နဲ့သက်ဆိုင်တဲ့ စာစုတွေကို ဖေါ်ပြတဲ့နေရာမှာ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်း အားလုံးအတွက် ဖြန့်ဝေဒါနပြု တာမို့ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားထားတဲ့ အနတ္တလက္ခသုတ် တရားတော်ထဲက....
              အတွင်း နဲ့အပြင် ရဲ့သဘောကို ရှုပုံ၊ အကြမ်း နဲ့အနု ရဲ့သဘောကို ရှုပုံ ၊ အကောင်း နဲ့အဆိုး သဘောကို ရှုပုံ၊ အဝေး နဲ့ အနီး သဘောကို ရှုပုံ ...စတဲ့ 
            ရှုမှတ်ပုံ အမျိုးမျိုးကို ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။

၁။ အတွင်း နဲ့အပြင် ရဲ့သဘောကို ရှုပုံ
             သာမာန်ပုထုဇဉ်တွေဟာ...
             တံတွေးထွေးတဲ့အခါ မှာပဲ ဖြစ်ဖြစ်၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ကြတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ မိမိတို့ရဲ ့ခန္ဓာကိုယ်တွင်းက ရုပ်က အပြင်ရောက်သွားတယ်..လို့ထင်နေကြပါတယ်။
            နောက်ပြီး
             စားသောက်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ အသက်ရှုတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ အပြင်ဖက်က ရုပ် က ကိုယ်ထဲကို ရောက်လာတယ်လို့ ထင်နေကြပါတယ်။
            အမှန်စင်စစ်ကတော့ ဒီလိုမဟုတ်ပါဘူး။
            ရုပ်တွေဟာ..
             သူ ဖြစ်ခိုက်ဖြစ်ခိုက် နေရာမှာသာ ကုန်ဆုံး ချုပ်ပျက် သွားကြတာပါပဲ။ နောက်ထပ်အသစ်ဖြစ်တဲ့ ရုပ်တွေကလည်း နေရာအသစ်တွေမှာ ထင်ရှားပေါ်နေကြပြီးတော့၊ အဲဒီနေရာမှာတင် ကုန်ဆုံးချုပ်ပျက်သွားပုံကို ရှုမှတ်နေတဲ့ ယောဂီက ထင်ထင်ရှားရှားတွေ့ရပါတယ်။
            ဘယ်လို တွေ့နိုင်သလဲဆိုတော့...
            အမှတ်သတိ၊ သမာဓိဉာဏ်ကောင်းနေတဲ့ အခါမှာ ဖောင်းတယ် ပိန်တယ်၊ ဝင်တယ် ထွက်တယ် စတဲ့ ကမ္မဋ္ဌာန်းတရားတွေ ရှုမှတ်နေရင်း နဲ့ထွက်လာတဲ့လေဟာ ရင်ထဲ၊လည်ချောင်းထဲ၊ နှာခေါင်းထဲက တစ်ပိုင်းချင်းပြတ်ပြတ်ထွက်သွားတာကို တွေ့ရမှာပါ။
              အဲဒီလိုပဲ..ဝင်လာတယ်ဆိုတဲ့ လေ ဟာလည်း၊ တစ်ပိုင်းချင်း ပြတ်ပြတ်ပြီးဝင်လာတာ၊ တိုးဝှေးလာတာကို တွေ့ရမှာပါ။ ရေ သောက်တဲ့အခါမှာလည်း ပါးစပ်ထဲ၊ လည်ချောင်းထဲမှာ တစ်ပိုင်းစီ၊ တစ်ပိုင်းစီ တိုးတိုက်ပြီး ဝင်လာတာ ကို တွေ့ကြရမှာပါပဲ။
            ဒါ့ကြောင့်မို့
             ဓမ္မမိတ်ဆွေတို့ထင်နေသလို၊ အတွင်းရုပ်က အပြင်ကို မရောက်၊ အပြင်ရုပ်ကလည်း အတွင်းကို မရောက်ဘဲနဲ့၊ သူဖြစ်ရာနေရာ၊ ဖြစ်ရာခဏ မှာသာ ကုန်ဆုံးချုပ်ပျက်သွားတဲ့အတွက်ကြောင့် မမြဲဘူး၊ ဆင်းရဲဒုက္ခပဲ၊ အနတ္တပဲ လို့သိလိုက်ရတယ်။ အဲဒီလို ရှု လို့သိပြီး သုံးသပ်ဆင်ခြင်ကြပါတယ်။


၂။ အကြမ်း နဲ့အနု ရဲ့သဘောကို ရှုပုံ
       သာမာန်ပုထုဇဉ်တွေဟာ...
                  ကလေးငယ်ငယ် နုနယ်စဉ်ဘဝ ကနေ လူကြီးဘဝ ရုပ်ကြမ်းတွေ ဖြစ်လာကြတယ်လို့ထင်မြင်နေကြပါတယ်။ ကျန်းမာရေးကောင်းနေတဲ့ နုနယ်သန်စွမ်းတဲ့ရုပ်ကနေ မကျန်းမာပဲ လေးလံတဲ့ ရုပ်ကြမ်းတွေ ဖြစ်လာတယ်လို့ထင်နေကြပါတယ်။ ပြီးတော့.. ကျန်းမာရေးကြောင့် ဆေးဝါးမှီဝဲရင်း၊ မကျန်းမာဘဲ လေးလံနေတဲ့ ရုပ်ကြမ်းတွေကနေပြီး၊ ကျန်းမာ ဖြတ်လတ်တဲ့ နုနယ်သန်စွမ်းတဲ့ ရုပ်နုတွေ ဖြစ်လာတယ်လို့ထင်နေကြပါတယ်။
                ကိုယ်ထဲက အတွေ့ထိရုပ်တွေကို မပြတ်ရှုမှတ်နေတဲ့ ယောဂီအဖို့ကတော့၊ ရှုမှတ်နေဆဲမှာပဲ၊ တစ်ပိုင်းစီ တစ်ပိုင်းစီ၊ ပြတ်ပြတ် ကုန်ကုန်သွားတာကို တွေ့ရပါတယ်။ အဲဒီလိုတွေ့ရတဲ့ ယောဂီဟာ...
             ကြမ်းတဲ့အတွေ့ရှိတဲ့ ရုပ်က၊ နုနယ်တဲ့ အတွေ့ရုပ် မဖြစ်၊
             နုနယ်တဲ့ အတွေ့ရုပ် ကလည်း၊ ကြမ်းတဲ့အတွေ့ရုပ်မဖြစ်၊
             ကြမ်းတဲ့ အပူရုပ် အအေးရုပ်ကလည်း၊ နူးညံ့တဲ့ အနွေးရုပ် အအေးရုပ်မဖြစ်၊ 
                နူးညံ့တဲ့ အနွေးရုပ် အအေးရုပ်ကလည်း၊ ကြမ်းတဲ့ အပူရုပ် အအေးရုပ်မဖြစ်၊
                 ကြမ်းတဲ့ တောင့်တင်းနေတဲ့ လှုပ်ရှားမှုရုပ်ကလည်း၊ နူးညံ့တည်ငြိမ်နေတဲ့ရုပ်မဖြစ်၊
                   နူးညံ့တည်ငြိမ်နေတဲ့ရုပ်ကလည်း၊ ကြမ်းတဲ့ တောင့်တင်းနေတဲ့ လှုပ်ရှားမှုရုပ် မဖြစ်၊ 
               ဖြစ်လိုက်တဲ့ အခိုက်မှာတင်ပဲ၊ပျက်ပျက်သွားလို့မမြဲဘူးဆိုတာ မြင်တွေ့သွားလို့"အနတ္တ"ဘဲ ဆိုတာ သိသွားတဲ့အတွက်  ကျေနပ်သဘောကျသွားပြီး သုံးသပ်ဆင်ခြင်ရှုမှတ်ကြပါတယ်။


၃။ အကောင်း နဲ့အဆိုး သဘောကို ရှုပုံ
        သာမာန်ပုထုဇဉ်တွေဟာ...
           ကျန်းမာရေးမကောင်းတဲ့ ရုပ်ညံ့တွေ ကနေပြီး ၊ ကျန်းမာတဲ့ ရုပ်ကောင်းတွေဖြစ်လာတယ်။ ကျန်းမာတဲ့ ရုပ်အကောင်းတွေ ကနေပြီး မကျန်းမာတဲ့ ရုပ်ညံ့တွေ ဖြစ်လာတယ်။ ပျိုပျိုရွယ်ရွယ်ရုပ်တွေကနေပြီး လူအိုရုပ်တွေဖြစ်လာတယ်လို့ထင်နေကြတယ်။
           ဖြစ်ခိုက် ရုပ်နာမ်တွေကို မပြတ်ရှုမှတ်နေတဲ့ ယောဂီကတော့...
             ထင်ရှားပေါ်လာတဲ့ ရုပ်တွေဟာ ရှုမှတ်နေဆဲမှာပင် ကုန်ဆုံးချုပ်ပျက်သွားတာကို တွေ့ရတဲ့အတွက်၊ ရုပ်ညံ့က နေပြီး ရုပ်ကောင်းမဖြစ်၊ ရုပ်အကောင်းကလည်း ရုပ်ညံ့မဖြစ်၊ သူ့အခိုက်အတန့်မှာပဲ ကုန်ဆုံးပျောက်ပျက်သွားတဲ့အတွက်ကြောင့် မမြဲဘူး၊ ဆင်းရဲလိုက်တာ ကို မြင်တွေ့သွားလို့အနတ္တဘဲ ဆိုတာ သိသွားတဲ့ သုံးသပ်ဆင်ခြင် မှုတွေနဲ့ရှုမှတ်ကြပါတယ်။

၄။ အဝေး နဲ့ အနီး သဘောကို ရှုပုံ 
          သာမာန်ပုထုဇဉ်တွေဟာ...
             လူတစ်ယောက်အဝေးက ရောက်လာရင်၊ အဲဒီ လူရဲ ့ကိုယ်ရုပ်ဟာ အဝေးကနေပြီး အနီးကို ရောက်လာတယ်လို့ထင်တတ်ကြပါတယ်။ မိမိရဲ ့အနီးကလူ ထွက်သွားရင်လည်း ၊ အဲဒီလူရဲ ့ရုပ်ဟာ မိမိအနီးနားကနေ အဝေးကို ရောက်သွားတယ် လို့ ထင်တတ်ကြပါတယ်။
              ဖြစ်တဲ့ ရုပ်နာမ်တွေကို မပြတ်ရှုမှတ်နေတဲ့ ယောဂီကတော့...
               ခြေလက်ကို ဆန့်တဲ့အခါ ဆန့်တယ် ဆန့်တယ်လို့ ရှုမှတ်နေရင်း နဲ့တစ်နေရာကနေ တစ်ခြားတစ်နေရာကို မရောက်ဘဲ တရိပ်ရိပ်နဲ့ကုန်ဆုံး ကုန်ဆုံး သွားတာကို တွေ့နေရတယ်။ ခြေလက်ကွေးတဲ့ အခါမှာလည်း ကွေးတယ် ကွေးတယ် လို့မှတ်နေရင်းနဲ့တစ်နေရာကနေ တစ်ခြားတစ်နေရာကို မရောက်ဘဲ ၊ တရိပ်ရိပ်နဲ့ကုန်ဆုံး ကုန်ဆုံး သွားတာကို တွေ့နေရတယ်။

            အဲဒီလို တွေ့နေရတဲ့အတွက်..
အနီးကရုပ်က အဝေးကို ရောက်သွားတာမဟုတ်၊ အဝေးရုပ်ကလည်း အနီးကို ရောက်လာတာမဟုတ်၊ အဲဒီ ခဏမှာပဲ ကုန်ဆုံး ကုန်ဆုံးသွားတဲ့ အတွက်ကြောင့်..
            မမြဲဘူး၊ ဆင်းရဲတာဘဲ၊ "အနတ္တ"ပဲ လို သိမြင်သဘောကျသွားပါတယ်။
             နောက်ပြီးတော့..
              အဝေးက လာတဲ့လူကို... မြင်တယ်၊ မြင်တယ် လို့ရှုမှတ်နေရင်း နဲ့တစ်ပိုင်းစီ တစ်ပိုင်းစီ ပြတ်ပြတ် ကုန်ကုန်သွားတာကိုတွေရတယ်။ အနီးက ထွက်ခွာသွားတဲ့ လူကိုမြင်ရင်လည်း မြင်တယ်မြင်တယ် လို့ရှုမှတ်နေရင်း တစ်ပိုင်းစီ တစ်ပိုင်းစီ ပြတ်ပြတ် ကုန်ကုန်သွားတာကိုတွေ့ရတယ်။

                အဲဒီလို တွေ့နေရတဲ့အတွက် အဝေးရုပ်က အနီးကိုရောက်လာတာမဟုတ်ဘူး၊ အနီးရုပ်ကလည်း အဝေးကို ရောက်သွားတာမဟုတ်ဘူး။ ရုပ် အဟောင်း အဟောင်းတွေက ပျောက်ပျောက်သွားပြီး အသစ်အသစ်တွေ ဖြစ်ဖြစ်လာတာကို အဝေးက လူက အနီးကို ရောက်လာတယ်။ အနီးကလူက အဝေးကို ရောက်သွားတယ် လို့ ပြောဆိုရတာပါလား ဆိုပြီး သဘောပေါက်သွားပါတယ်။
             အဲဒီလိုအမြင်ကတော့ ဉာဏ်မထက်တဲ့ သူတွေကတော့ ဒီလောက်ရှင်းရှင်းလင်းလင်း သိနိုင်ဖို့မလွယ်လှပါဘူး။

           ဒါပေမယ့်...
           ဉာဏ်လမ်းပေါ်ရောက်သွားကြသူတွေ နဲ့ ဝိပဿနာကို အတော်အတန်အားထုတ်လာလို့" ဘင်္ဂဉာဏ် " လောက် ရောက်နေပြီးတော့ ဉာဏ်လည်း အထူးထက်မြက်တဲ့ ယောဂီတို့ဆိုရင်တော့ အဲဒီအမြင်ကို ပိုင်းခြားသိနိုင်ပါတယ်။
            နောက်ပြီးတော့...
             ကြွတယ်၊ လှမ်းတယ်။ ချတယ် လို့ ရှုမှတ်ပြီး စင်္ကြံ လျှောက်နေတဲ့အခါမှာလည်း ကြွတာက တစ်ပိုင်း၊ လှမ်းတာက တစ်ပိုင်း၊ ချတာက တစ်ပိုင်း၊  ပြတ်ပြတ်ပြီးတော့ကို ထင်နေတယ်။ တကယ့်ကို "ဉာဏ်"ရင့်သန်နေတဲ့ အခါမှာတော့ ခြေထောက်တွေက ရွေ့တိုင်း၊ ရွေ့တိုင်း တရိပ်ရိပ် နဲ့ကုန်ကုန်ပြတ်ပြတ်သွားတာကိုတွေ့ရတယ်။ အဲဒီလို တွေ့နေရတဲ့အတွက် ရုပ်တွေဟာ တစ်နေရာကနေ တစ်နေရာကို မရောက်ဘူး။ သူဖြစ်တဲ့နေရာမှာပဲ ပျက်ပျက်သွားတယ်ဆိုတာကို ကျေနပ်သဘောပေါက်သွားတယ်။

               တကယ်တော့ အဲဒီလို သိလိုက်တာကတော့....
            " ပရမတ္တတရားတွေဟာ တစ်ခြားဘယ်နေရာကို မှ ပြောင်းရွေခြင်းမရှိဘူး၊ သူဖြစ်ရာနေရာမှာပဲ ချုပ်ပျက်သွားကြတယ် " လို့ ပြဆိုထားတဲ့ ဋီကာကျမ်းဂန် စကားနဲ့အညီ သိနေတာပါပဲ၊ တစ်ကယ် သဘာဝကျတဲ့ အသိတွေပဲ ဖြစ်ပါတယ်။ စာအသိနဲ့လက်တွေ့အသိက အင်မတန်မှ ကွာခြားပါတယ်။ လက်တွေ့မြင်လိုက်ရတဲ့ ဓမ္မမိတ်ဆွေတို့ကတော့ ပိုပြီး ထင်းလင်း မြင်သာ တာပေါ့နော်။

            အကျဉ်းချုံးရရင်တော့..
                " နေတံမမ နေသောဟ မသ္မိ၊ နမေသော အတ္တာ"
               ဤအရာသည် ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ် “အတ္တ” မဟုတ်။ ရှူဆဲ ထုတ်ဆဲ အမူအယာနဲ့အတူ ပေါ်လာသမျှ အရာတွေကို ခံစားကြည့်ပါ။ ပေါ်လာတဲ့ အမူအယာ ဟာ ငါ့ဥစ္စာ ဟုတ်ရဲ့လား၊
                  သူဖြစ်ရာနေရာမှာသာ ကုန်ဆုံးချုပ်ပျောက်သွားတဲ့အတွက်ကြောင့်...
                   အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘောတရားတွေသာပဲ ဖြစ်ပါတယ်။

ဓမ္မမိတ်တွေတို့အနေဖြင့်..
          အတိတ်ဖြစ်စေ၊ အနာဂါတ်ဖြစ်စေ၊ ပစ္စုပ္ပန်ဖြစ်စေ၊ ကိုယ်တွင်းက ဖြစ်စေ၊ ကိုယ်ခန္ဓာပြင်ပကပဲ ဖြစ်စေ၊ အကောင်းဖြစ်စေ၊ အဆိုးပဲဖြစ်စေ၊ အကြမ်းဖြစ်စေ၊ အနုပဲ ဖြစ်စေ၊ အဝေး ဖြစ်စေ၊ အနီး ဖြစ်စေ၊ ရုပ်ဟူသမျှကို " ဒါဟာ.. ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ့အတ္တမဟုတ် " လို့ ကိုယ်ပိုင်ဉာဏ် နဲ့အမှန်တိုင်းသိအောင်ရှုမှတ်အားထုတ်ကြဖို့လိုအပ်ကြောင်း အသိပေးရင်း ဓမ္မဒါနပြုလိုက်ပါတယ်။

( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပါရန် မေတ္တာရပ်ခံပါသည်။

No comments:

Post a Comment