🌷🌿🌷🌿🌷🌿🌷🌿🌷
ဇာတ်တော်ကြီး ဆယ်ဘွဲ့ ဆိုသည်မှာ ဗုဒ္ဓအလောင်းတော်ရှင်မြတ် ပါရမီရင့်ညောင်းပြီး ဘုရားအဖြစ် မရောက်မီ နောက်ဆုံး ဘဝဖြစ်စဉ် ဆယ်ခုကို ခေါ်သည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် မိမိ၏ အတိတ်ဘဝ များ၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့သည်။ ယင်းတို့သည် နိကာယ် ငါးရပ်အနက် ခုဒ္ဒကနိကာယ်တွင် ပါဝင်သည်။ စုစုပေါင်း (၅၄၇) ဇာတ်ရှိသော်လည်း အလွယ်တကူဖြစ်စေရန် (၅၅၀) ဇာတ်တော်ဟု ခေါ်ကြသည်။ ယင်းတို့ကို ဘုရားရှင် ဟောကြားရာ၌ တစ်ဂါထာဖြင့် ဟောကြားသောဇာတ်၊ နှစ်ဂါထာဖြင့် ဟောကြားသောဇာတ်စသဖြင့် ရှိ၍ ဂါထာတစ်ရာကျော် မှ တစ်ထောင်ကျော်အထိ ဟောကြားသော (၁၀)ဇာတ် ရှိသည်။ ယင်းဆယ်ဇာတ်ကို မဟာနိပါတ်ဟုလည်း ခေါ်ကြ သကဲ့သို့ ဇာတ်ကြီးဆယ်ဘွဲ့ ဟူ၍လည်း ခေါ်ဆိုကြသည်။
ဇာတ်ကြီးဆယ်ဘွဲ့မှာ ဘုရားဖြစ်ခါနီး နောက်ဆုံးဆယ် ဘဝ သို့မဟုတ် နောက်ဆုံးဆယ်ဇာတ် ဖြစ်သည်။ ယင်း ဆယ်ဘဝသည် ဘုရားအဖြစ်နှင့်လည်း အလွန်နီးကပ် သည်။ အခြားဘဝတို့ထက်လည်း ပိုမို၍ မြင့်မြတ်သည်။ ပါရမီလည်း ရင့်ကျက်သည်။ ထို့ကြောင့် ‘နုမှာငါးရာ၊ ရင့်မှာတစ်ကျိပ်’ ဟုခေါ်ဆိုကာ အခြားဇာတ်များကို ပါရမီနုစဉ်ဖြစ်ခဲ့သော ဇာတ်များဟု သတ်မှတ်၍ ဇာတ်ကြီး ဆယ်ဘွဲ့ကို ပါရမီရင့်စဉ်ဖြစ်ခဲ့သော ဇာတ်များအဖြစ် သတ်မှတ်ကြသည်။
ဇာတ်ကြီးဆယ်ဘွဲ့မှာ တေမိ၊ ဇနက၊ သုဝဏ္ဏသာမ၊ နေမိ၊ မဟောသဓာ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရနှင့် ဝေဿန္တရာ ဇာတ်တော်ကြီးများ ဖြစ်ကြကာ ယင်းတို့ကို အလွယ်အကူ မှတ်သားနားလည်စေရန် တေ၊ ဇ၊ သု၊ နေ၊မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ ဟူသော အက္ခရာသင်္ကေတအဖြစ် မှတ်သား ကြသည်။
ဗုဒ္ဓဘုရားရှင်သည် ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့ သည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နှစ်ပေါင်း၉၃၀ ခန့်အကြာတွင် ရာဇဂြိုဟ်ပြည်သား အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် သီရိလင်္ကာကျွန်း အနုရာဓမြို့ တောင် ဘက်ရှိ မဟာဝိဟာရကျောင်းကြီး၌ သီတင်းသုံးတော်မူစဉ် ပါဠိဘာသာဖြင့်ပင် အကျယ်ဖွင့်ဆို၍ ရေးသားတော်မူခဲ့သည်။ ထို့နောက် သာသနာနှစ် ၉၃၀ ကျော်တွင် သီရိလင်္ကာကျွန်းမှ မြန်မာနိုင်ငံ သထုံပြည်သို့ ရောက်ရှိ လာခဲ့သည်။
ဝေါဟာရအနက်
************
စာရေးဆရာ မင်းယုဝေက 'ဇာတက' ဟူသော ပါဠိစကားကို မြန်မာတို့က ‘ဇာတ်’ ဟု ခေါ်ဆိုကြ၍ ဇာတ်သည် 'အဖြစ်' ၊ 'ဘဝ' ဟူ၍ အနက်ရသည်။ အဓိကအားဖြင့် ဂေါတမ ဗုဒ္ဓဘုရားလောင်း၏ အတိတ်ဝတ္ထု၊ အဖြစ်အပျက်၊ အကြောင်းအရာများကို ‘ဇာတ်’ဟု ခေါ်လေ့ရှိသည်ဟု ဆိုသည်။
နုမှာငါးရာ၊ ရင့်မှာ တစ်ကျိပ်
*********************
ဗုဒ္ဓဘာသာအလိုအရ သံသရာတလျောက် ဗောဓိဆုပန်ခဲ့သော အလောင်းတော်သည် ဘဝပေါင်းများစွာကို ကျော်လွန်ခဲ့ရသည်။ ပါရမီတော်ကို ဖြည့်ရာတွင် လွန်စွာအလှမ်းဝေးသော ဘဝများကို ချန်လှပ်၍ မဝေးလွန်း မနီးလွန်းသော ဘဝများတွင် ဖြစ်ခဲ့သည်များကို (၅၅၀) ဇာတ်တော်များအဖြစ် မှတ်တမ်းတင်ခဲ့သည်။ အစွန်းထွက်ကို ဖြုတ်၍ နုမှာငါးရာဟု မှတ်သားကြသည်။ ဤသို့ဖြင့် ပါရမီတော်များကို တစ်စတစ်စ ဖြည့်လာရာ ဗောဓိဆုနှင့် အလွန်နီးကပ်လာသော (တေမိယ) မှသည် (ဝေဿန္တရာ) ဘဝများကို ဇာတ်တော်ကြီး ဆယ်စောင် (သို့မဟုတ်) ရင့်လာဆယ်ဘဝဟု သတ်မှတ်ပြီး ရင့်မှာ တစ်ကျိပ် ဟုခေါ်ကြသည်။
တေ•ဇ•သု• နေ•မ•ဘူ•စန်•နာ•ဝိ•ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။
တေမိယဇာတ်တော်ကြီး
🌼🌼🌼🌼🌼🌼🌼🌼
ရှေးအခါက ကာသိကရာဇ်မင်းကြီးနှင့် စန္ဒာဒေဝီမိဖုရားတွင် တေမိယကုမာရ-ခေါ် မင်းသားလေးတပါး ဖွားမြင်လေသည်။ သားတော်ဟူ၍ ဤတပါးပင်ရှိသည်။
ငယ်စဉ်က ခမည်းတော် ကာသိကရာဇ်မင်းကြီးသည် တနေ့တွင် တေမိယမင်းသားလေးကို ရင်ဝယ်ထားလျက် ခိုးသားလေးဦးကို ထိတ်လန့်ဖွယ် ပြစ်ဒဏ် အမျိုးမျိုးခတ်လေသည်။
ထို့နောက် ထီးဖြူအောက်တွင် ချသိပ်ထားစဉ် မင်းသားငယ်သည် ထိုသို့ သူတပါးအား ထိတ်လန့်ဖွယ် ပြစ်ဒဏ် စီရင်ရခြင်းများကို မနှစ်မြို့သဖြင့် စိတ်အဆင်းရဲကြီး ဆင်းရဲကာ မှိန်း၍ ဤသို့စဉ်းစားမိ၏။
ဘုရားလောင်းဖြစ်၍ နောက်နောက် ဘဝများကို ပြန်လည်တွေးမြင်နိုင်စွမ်းရှိလေသည်။
ငါသည်လည်း တနေ့တွင် ဘုရင်လုပ်ရချေဦးမည်။ ဤသို့ သူတပါးအား အပြစ်ဒဏ်စီရင်ရာ၌ အကယ်၍ မှားယွင်းစွာစီရင်မိအံ့ ငါ့၌ ဆင်းရဲပူပန်မှုရောက်လတံ့။ ငါသည် ယခင်ဘဝက မင်းပြုကာ ပြစ်ဒဏ်များကို မှားယွင်းစွာစီရင်မိသဖြင့် ငရဲပြည်တွင် ကြာမြင့်စွာ ခံခဲ့ရသလို ယခုတဖန် ခံရဦးမည်၊ ယခု မည်သို့ကြံရမည်နည်း။
ထိုအချင်းအရာကို ယခင် ၇-ဘဝက မိခင်တော်စပ်ခဲ့ဖူးသော ထီးချက်စောင့်နတ်သမီး တွေ့သိ၍ ကိုယ်ထင်ပြပြီးလျှင် မေးမြန်းရာ ဘုရင်မလုပ်လိုသော ဆန္ဒကို သိရသဖြင့်-
မင်းသားသည် ငရဲလားမည့်ဘေးကိုသာ တွေးကြောက်လှလေသောကြောင့် ထိုနေ့မှစ၍ နတ်သမီးအကြံပေးချက်အတိုင်း ဆွံ့အ နားထိုင်းသူများကဲ့သို့ မလှုပ်မယှက် ကြောင်တက်တက် နေထိုင်လိုက်တော့သည်။
ထိုအချင်းအရာကို အထိန်းတော်များ တွေ့ကြသော် မိဖုရားကြီးထံ ချက်ချင်းဝင်၍ သံတော်ဦးတင်လေလျှင်-
မိဖုရားကြီးသည် ကိုယ်တိုင်ကိုယ်ကျ သားတော်အား စမ်းသပ်ပြီးနောက် ဧကန်အမှန်ဖြစ်ကြောင်း သိရှိရသောကြောင့် ဘုရင်ကြီးထံ ချဉ်းကပ်ပြီး အကျိုးအကြောင်း တင်ပြသောအခါ ဘုရင်ကြီးက
ပုဏ္ဏားတော်များအား သားတော်လေး စကားပြောရန် အမျိုးမျိုးပြုလုပ်စေ၏။
အစားအသောက် ကစားစရာတို့ဖြင့် မြူဆွယ်သော်လည်း မရ။
ပွဲတော်တည်ချိန် မကြွေးဘဲ ငိုအောင်ထားသော်လည်း မငို၊
ထိတ်လန့်တုန်လှုပ်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ပျော်ရွှင်မြူးတူး၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ဒေါသထွက်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ချစ်မေတ္တာစိတ် ယိုဖိတ်၍ ရယ်ပြုံးအောင်လုပ်သော်လည်း မရ၊
ကျွမ်းဘား မျက်လှည့် ရုပ်သေးပွဲများဖြင့် စမ်းသပ်သော်လည်း မတုန်လှုပ်၊
ဆင်လိမ္မာများ၊ အစွယ်မဲ့ မြွေများ၊ လက်နက်များ မီးများဖြင့် စမ်းသပ်သော်လည်း မကြောက်၊
တင်လဲလူးခြင်း၊ အပုပ်နံ့ပေးခြင်း၊ မှိုင်းတိုက်ခြင်းပြုသော်လည်း မရ၊
လှပသော မိန်းမပျိုများနှင့် ဆိတ်ကွယ်ရာတွင် တွေ့ဆုံစေသော်လည်း မရ။
မင်းသားလေး စိတ်ထဲတွင်ကား ငရဲခံရသည်ကိုသာ မြင်နေသည်။
မင်းသားလေး ၁၇-နှစ်သို့ရောက်သည့်တိုင် ထူးခြားမှုမရှိဖြင့် ပုဏ္ဏားတော်များအား ခေါ်ယူပြောဆိုရာ ပုဏ္ဏားတော်များက-
မင်းသားလေး တည်ရှိနေမည်ဆိုလျှင် အရှင်မင်းကြီးသည်၄င်း၊ မိဖုရားကြီးသည်၄င်း၊ တိုင်းပြည်သည်၄င်း၊ ပျက်စီးခြင်းသို့ ရောက်ပါလိမ့်မည်။ ဤဘေးဆိုးကြီးက လွတ်မြောက်လိုက မင်းသားအား မြေတွင်း၌ မြှုပ်နှံရပါမည်-ဟု လျှောက်တင်သောအခါ ဘုရင်ကြီး တုန်လှုပ်ချောက်ချားသွား၏။
ထိုအခါ မိဖုရားကြီးက မင်းသားအား စိတ်ပြောင်းစေရန် ထီးနန်းစည်းစိမ်ဖြင့် အပ်နှင်းလေသည်။ သို့သော် ၇-ရက်စေ့သည့်တိုင် မထူးခြားသဖြင့် ဘုရင်ကြီးက ဒေါသထွက်ပြီး ရထားမှူးကိုခေါ်၍ နက်ဖြန်နံနက် မိုးသောက်လျှင် ဤမင်းသားအား ဘုရင်အသုံးအဆောင်ချွတ်၍ တောရပ်မြိုင်လယ်သို့ ရထားနှင့် ခေါ်ဆောင်သွားပြီး တွင်းတူးမြေမြှုပ်စေ-ဟု အမိန့်တော်မှတ်သည့်အတိုင်း ရထားမှူးလည်း အမိန့်တော်ကို မလွန်ဆန်နိုင်သဖြင့် တေမိယမင်းသားကို ခေါ်သွားပြီး တွင်းတူးနေစဉ်-တွင်းအထက်မှ အသံကြား၍ မော့ကြည့်လိုက်ရာ-
အိုရထားမှူး ဘာကိစ္စအတွက် တွင်းတူနေရသနည်း-
သင် မင်းမှုထမ်းသည် အပြစ်လည်းလွတ်၍ ဆုလာဘ်များပင် ရစေခြင်းငှါ ယခုပင်လျှင် ရွှေနန်းတော်သို့ပြန်၍ အကြောင်းစုံ သံတော်ဦးတင်လော့-ဟု မင်းသားဆိုလေသော် ရထားမှူးသည် ဝမ်းပန်းတသာဖြင့် အမြန်သွားလေတော့၏။ ခမည်းတော် မည်တော်နှင့်တကွ အားလုံး ဝမ်းသာမဆုံးရှိကြ၏။
ဘုရင်မင်းကြီးသည် သားတော်အား တောတွင်း၌ပင် ဘိသိက်သွန်း နန်းအပ်ကာ ပြန်ခေါ်မည်ဟုကြံစည်၍ အချိန်ယူလျက် မင်းခမ်းမင်းနားပြည့်စုံစွာ ဖန်တီးစေပြီးမှ သားတော်ရှိရာ တောရပ်မြိုင်ခြေသို့ လေးရက်မြောက်သောနေ့၌ ကြွချီတော်မူလေသည်။
ခရီးဆိုက်၍ သားတော် တေမိမင်းသားမှာ ရသေ့ဝတ်နှင့်ဖြစ်နေသည်ကို တွေ့လျှင် ဝတ်ပြုလျက်-
သားတော် တောတွင်း၌ အဘယ်ကဲ့သို့သော အစာအာဟာရများ မှီဝဲနေရ၍ ဤမျှအသားအရေ အရောင်အဆင်း ဝင်း၍ ကြက်သရေမင်္ဂလာ ဆောင်ပါသနည်း။
ဖခမည်းတော် တောတွင်း၌ ဆားမပါသော သစ်ရွက်စိမ်းကိုသာ မှီဝဲရပါသည်။
အရောင်အဆင်းဟူသည်ကား-စိတ်ငြိမ်သက်သောသူ၊
ပူပင်သောက ဒေါသကင်း၍ တပ်မက်ခြင်းမရှိသူများအတွက်သာ ဖြစ်သည်။
ကောင်းပေစွ သားတော် ခမည်းတော်သည်ပင် ဤသောကကင်းဝေးသော ရသေ့ဘဝကို လိုလားလာချေပြီ။ သားတော်ကား အသက် နုပါသေး၏။ တရားဓမ္မလည်း ပြည့်ဝ၏။ ထို့ကြောင့် ခမည်းတော် တောထွက်နိုင်စေ ခြင်းငှါ ထီးမွေနန်းမွေ လက်ခံပြီး နုပျိုစဉ် ရွှေနန်းစည်းစိမ် ခံစားပါ။ အသက်ကြီးလာမှ သားတော်ရှိက သားတော်ကို နန်းအပ်ကာ တောထွက်မည်ဆိုလျှင် တိုင်းသူပြည်သားများအားလည်း ကူညီရာရောက်မည် မဟုတ်ပါလော။
အို ဖခမည်းတော် သတ္တဝါတို့မည်သည် ကြီးသည် ငယ်သည်မဟုတ် သေခြင်းဘေးက အချိန်မရွေး လာသည်မဟုတ်ပါလော၊ ရွှေနန်းစည်းစိမ်ကိုလည်း ခံစားလိုစိတ် မရှိ၍ ဆွံ့အ နားထိုင်းဟန် နေခဲ့ပြီ။ စသည်ဖြင့်
တေမိယ ရသေ့လေးက အကျယ်တဝင့် တရားပြပြီးသည့်အဆုံး၌ ဘုရင်ကြီး မိဖုရားကြီးနှင့် တကွ အားလုံးသော မင်းချင်းတို့ ကျွတ်တန်းဝင်ကာ ရသေ့ဝတ်ကြကုန်သတည်း။
တေမိမင်း - ဂေါတမမြတ်စွာဘုရား
ထီးဖြူစောင့်နတ်သမီး - ဥပ္ပလဝဏ်ထေရီ
သုနန္ဒာရထားမှူး - ရှင်သာရိပုတ္တရာထေရ်
သိကြားမင်း - ရှင်အနုရုဒ္ဓါထေရ်
ဝိသုကြုံနတ်သား - ရှင်အာနန္ဒာထေရ်
ကာသိကရာဇ်မင်းကြီး - သုဒ္ဓေါဓနမင်းကြီး
စန္ဒာဒေဝီမိဖုရားကြီး - မယ်တော်မာယာ
🌼🌼🌼🌼🌼🌼🌼
ရှေးသရောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်တွင် မဟာဇနကမင်းကြီး နန်းစံသည်။ ထိုမင်းကြီး နတ်ရွာစံလျှင် သားတော်ကြီး အရိဋ္ဌဇနက မင်းပြု၍ သားတော်ငယ် ပေါလဇနကကို အိမ်ရှေ့အရာ ပေးသည်။
ထိုသို့ပြုရာမှ နောင်တော်မင်းသည် သူတပါးကုန်းချောမှုကြောင့် ညီတော်ကို မယုံကြည်၍ ဖမ်းဆီးရာမှ ညီနောင်နှစ်ဦး စစ်ပြိုင်ကြသည်။ နောင်တော် စစ်ရှုံး၍ စစ်ပွဲ၌ ကျဆုံးသွားသည်။ မိဖုရားကြီးလည်း ကိုယ်ဝန်အရင့်အမာရှိနေရာ သူဆင်းရဲအသွင်ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွားရသည်။
မိဖုရားကြီးသည် ကာလစမ္ပာနဂိုရ်ပြည်သို့ ရောက်သွားသည်။ ဒိသာပါမောက္ခ ဆရာကြီးက ပြုစုစောင့်ရှောက်ထားသည်။ အချိန်ရောက်သော် ဘုရားလောင်း သားတော်ကို ဖွားမြင်သည်။ မဟာဇနက-ဟု အမည်ပေးသည်။
မဟာဇနကမင်းသား အရွယ်ရောက်လျှင် ခမည်းတော်၏ မိထိလာပြည်ကို ပြန်သိမ်းနိုင်ရန် ဥစ္စာများ စုဆောင်းသည်။ ဥစ္စာများရရန် သင်္ဘောဖြင့် ကုန်ကူးထွက်သည်။ ပင်လယ်ခရီးလမ်းတွင် လေပြင်းကျကာ သင်္ဘောနစ်သည်။ မင်းသားလည်း ဇွဲလုံ့လ မလျှော့။ အနိုင်မခံ အရှုံးမပေး။ ပင်လယ်တွင် ကူးခတ်သည်။ ပင်လယ်စောင့် မဏိမေခလာ နတ်သမီးက လျစ်လျူရှု၍ မထားနိုင်။ မင်းသားကို ဆယ်တင်၍ မိထိလာပြည်သို့ ပို့ဆောင်ကာ ကျောက်ဖျာထက်၌ တင်ထားခဲ့သည်။
ထိုအချိန်တွင် ပေါလဇနကမင်းကြီး နတ်ရွာစံသွားသည်မှာ ၇-ရက်ရှိပြီ ဖြစ်သည်။ သားတော် မရှိ၊ သမီးတော် သီဝလိဒေဝီ တပါးသာ ကျန်ရစ်သည်။ ထို့ကြောင့် မင်းလောင်းရှာရန် ဖုတ်သွင်းရထား စေလွှတ်ထားသည်။ ရထားသည် ဇနကမင်းသား အိပ်စက်ရာ ကျောက်ဖျာ၌ ဆိုက်၍ မင်းသားကို နန်းတော်သို့ ခေါ်ဆောင်သွားသည်။
ဇနကမင်းသားလည်း ရာဇပလ္လင်၏ ဦးခေါင်းဘက်ကို ပြနိုင်ခြင်း၊ လေးတော် တင်နိုင်ခြင်း၊ ရွှေအိုး ၁၆-လုံးကို ဖော်ပေးနိုင်ခြင်းဖြင့် အစွမ်းပြခဲ့သည်။ အားလုံးပင် မင်းသားကို ဘုန်းရှင်၊ ကံရှင်မှန်း သိကာ နန်းတင်ကြသည်။
မဟာဇနကမင်းသည် မင်းပြုနေရာမှ တနေ့သော် သရက်ဥယျာဉ်သို့ ထွက်စဉ် သံဝေဂရသွားသည်။ နန်းစည်းစိမ်ကို မပျော်ပိုက်တော့ဘဲ တောထွက်ရန် ဆုံးဖြတ်လိုက်သည်။ နန်းတော်အထက် ပြာသာဒ်၌ ရဟန်းပြုပြီးလျှင် တောသို့ ထွက်ကြွသွားသည်။ မိဖုရားနှင့် အခြွေအရံများသည် တောသို့လိုက်၍ တောင်းပန်ကြသော်လည်း ဘုရားလောင်း မဟာဇနကမင်းက လက်မခံ။ နန်းတော်သို့ ပြန်မကြွ။ တော၌သာပင် တရားအားထုတ်နေထိုင်လေသည်။
မဟာဇနက။ - ဂေါတမမြတ်စွာဘုရား
မဏိမေခလာနတ်သမီး - ဥပ္ပလဝဏ်ထေရီ
ရွှေလက်ကောက်ရှင်သတို့သမီး - ခေမာထေရီ
မိဂါဇိန်ရှင်ရသေ့ - မဟာမောဂ္ဂလာန်ထေရ်
နာရဒရသေ့ - ရှင်သာရိပုတ္တရာထေရ်
ထူဏမြို့သား လေးသမား - ရှင်အာနန္ဒာထေရ်
သီဝလိဒေဝီ - ယသောဓရာထေရီ
ဒီဃာဝုမင်းသား - ရာဟုလာထေရ်
အကိုး။ ။ ၅၅၀-ဇနကဇာတ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
သုဝဏ္ဏသာမဇာတ်တော်သည် ဂေါတမမြတ်စွာဘုရား ဟောကြားတော်မူသော ဇာတ်ကြီးဆယ်ဘွဲ့တွင် တတိယ ဇာတ်တော်ဖြစ်၍ မူရင်းပါဠိတော်၌ ဂါထာပေါင်း ၁၂၅ ဂါထာဖြင့်ဖွဲ့ဆိုထား လေသည်။ မြတ်စွာဘုရားသည် သာဝတ္တိပြည်ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူခိုက် တစ်နေ့သ၌မိဘကို လုပ်ကျွေးသော ရဟန်းအား အကြောင်းပြု၍ဟောကြားတော်မူသည်။
ထိုရဟန်းကား သာဝတ္တိပြည်၌ ၁၈ ကုဋေကြွယ်ဝသော သူဌေးမျိုးမှ တစ်ယောက်တည်းသောသား ဖြစ်၏။ သူဌေးသားသည် ရဟန်းပြုလိုလှသဖြင့် အမိအဘတို့အား မရ အရ တောင်းပန်၍ ရဟန်းပြုသော် မိခင်ဖခင်တို့သည် အထီးကျန်ဖြစ်ကာ ဆင်းရဲလေကုန်သဖြင့် ရဟန်းဘဝနှင့်ပင် မိဖတို့အား လုပ်ကျွေးလျက်နေ၏။ ယင်းသို့နေသည်ကို လူတို့သဒ္ဓါ၍ လှူသောပစ္စည်းဖြင့် လူတို့အားပေးကမ်း ကြွေးမွေးကြောင်းဖြင့် ရဟန်းတို့က ကဲ့ရဲ့ကာ ဘုရားသခင်အား လျှောက်ကြားကြလေရာ မြတ်စွာဘုရားက ရဟန်း၏ အားထုတ်ပြုမူမှုသည် ကောင်းစွဟု သာဓုသုံးကြိမ် ခေါ်ပြီးနောက် 'ချစ်သား သင်သည် ငါဘုရား၏သွားသောခရီး၌ တည်သောသူပေတည်း။ ငါဘုရားသည်လည်း ရှေးသောအခါကအကျင့်ကိုကျင့်ရင်းအမိအဘတို့ကိုလုပ်ကျွေးဘူး ၏'ဟုဆိုကာရဟန်း တို့တောင်းပန်သဖြင့် သုဝဏ္ဏသာမဇာတ်တော်ကိုဟောကြားတော်မူသည်။
ထိုဇာတ်တော်ကြီးကိုဘကြီးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၈၈ ခုနယုန်လပြည့်ကျော် ၈ ရက်နေ့တွင် စာရေးတော်ကြီး မောင်သာတောင်းပန်သဖြင့် မင်းဘူးမြို့ ရန်ကုန်တိုက်ကျောင်းတွင် စာပေပို့ချနေသော ရန်ကုန်ဆရာ တော်၏တပည့် ပညာတိက္ခမ ထေရ်သည် ပါဠိတော်မှမြန်မာသို့ အနက်ပြန်၍ပြုစုတော်မူသည်။ သုဝဏ္ဏသာမဇာတ်တော်ကား ဤသို့တည်း။ ရှေးလွန်လေပြီးသော အခါ ဗာရာဏသီပြည်အနီး၌ နေသာဒဂါမခေါ် ရွာတစ်ရွာတွင် တံငါသည်ကြီးတစ်ဦးရှိသည်။ ထိုရွာ၏တဘက်ကမ်းတွင်လည်း တံငါသည်ကြီးတစ်ဦးရှိလေရာ ထိုသူ နှစ်ဦးတို့သည် မိတ်ဆွေ ဖြစ်ကြသည့်အလျောက် မိမိတို့၏သားနှင့်သမီးတို့ကို လက်ထပ် ထိမ်းမြားရန် ကတိထားကြလေသည်။ တစ်ယောက်သောအမျိုး သားအိမ်၌ ဒုကူလသတို့သားကိုဖွားမြင်၍ တစ်ယောက်သောအမျိုး သားအိမ်၌ ပါရိကာ သတို့သမီးကိုဖွားမြင်သည်။ ထိုသူတို့ အရွယ်ရောက်လာသောအခါ ကတိရှိသည့်အတိုင်း ထိမ်းမြား ပေးကြသည်။ သို့ရာတွင် ဒုကူလနှင့်ပါရိကာတို့သည် ဗြမ္မာ့ပြည်မှလာသည်ဖြစ်၍ အိမ်ထောင်မှုကို မနှစ်သက်ကြသောကြောင့် နှစ်ဦးသား တိုင်ပင်၍ တောထွက်ကြလေသည်။ သူတို့သည်ဟိမဝန္တာတော မိဂသမ္မတာမြစ်သို့ ဆန်တက်သွားကြသော် သိကြားမင်း ဖန်ဆင်းသော ကျောင်းသင်္ခမ်းကိုတွေ့၍ ပျော်မွေ့စွာ ရသေ့ပြုကာနေကြသည်။
တစ်နေ့သ၌သကြားမင်းသည် ဒုကူလပါရိကာတို့ အန္တရာယ် ဖြစ်လတ္တံသည်ကိုမြင်၍ အလုပ်အကျွေးဖြစ်မည့် သားသမီး ရစေရန် ရွာသူတို့အမှုကိုပြုရန် တိုက်တွန်းသည်။ ထိုအခါ ဒုကူလကငြင်းပယ်သဖြင့် ပါရိကာ၏ချက်ကိုလက်ဖြင့် သုံးသပ်ရန် တောင်းပန်ပြီးနောက် တာဝတိံသာသို့ပြန်လေသည်။ ထိုနောက်သော်ရွှေအဆင်းရှိသည့် သုဝဏ္ဏသာမမည်သော သားတစ်ပါးကို ဖွားမြင်သည်။ သားငယ်သည် အရွယ်ရောက် လတ်သော် တစ်နေ့သ၌ ဒုကူလနှင့် ပါရိကာတို့သည် သစ်သီး ရှာသွားစဉ်မိုးရွာသဖြင့် တောင်ပို့ထက်၌ ခိုနား နေခိုက်တောင် ပို့၌ နေသောမြွေသည် နှာခေါင်းလေဖြင့်မှုတ်သောကြောင့် အဆိပ်သင့်၍ ရသေ့နှစ်ပါးစလုံး မျက်စိကွယ်လေသည်။ သား သုဝဏ္ဏသာမသည် မိဘတို့်ပြန်ချိန်၌ မပြန်လာသဖြင့် လိုက်ပါသွားရာ မိဘတို့မျက်စိကွယ်ကြောင်းသိရ၍ မိမိက လုပ်ကြွေးပြုစုပါမည့် အကြောင်း ပြောပြကာ ခေါ်ဆောင်လာခဲ့သည်။
ထိုနေ့မှစ၍ သုဝဏ္ဏသာမသည် တောထဲတွင် သစ်သီးများရှာဖွေ၍လည်းကောင်း၊ မြစ်မှရေကိုခပ်ယူ၍ လည်းကောင်း မိဘတို့အား လုပ်ကြွေးပြုစုလေသည်။ ထိုအခါ ဗာရာဏသီပြည်၌ ပီဠိယက္ခမင်းသည်မင်းပြု၏။ ထိုမင်းသည် သမင်သားကိုနှစ်သက်သဖြင့် မယ်တော်ကိုထီးနန်းအပ်ကာ တောသို့သွား၍ သမင်များကို ပစ်ခတ်စားသောက်နေသည်။ တစ်နေ့သ၌ သုဝဏ္ဏသာမသည် ယဉ်ပါးသော သမင်များနှင့်အတူ မြစ်ဆိပ်သို့ရေခပ်လာ၏။ ထိုအခါ ပီဠိယက္ခမင်းကြီးသည် သမင်များကိုပစ်ခတ်ရန် စောင့်ဆိုင်းနေစဉ် သမင်များကိုတွေ့မြင်သည်။
ထိုအခါမင်းကြီးသည် သုဝဏ္ဏသာမကို ရှေးကမမြင်ဖူးသဖြင့် တောအတွင်း၌ လူလော နတ်လော နဂါးလောဟုသိလိုသောကြောင့် မြားဖြင့်ပစ်လိုက်သည်။ သုဝဏ္ဏသာမသည် မြားမှန်လေသော် မိမိအား အဘယ်သူသည် မြားဖြင့်ပစ်ဘိသနည်းဟု ချိုသာစွာ မည်တမ်း ရာမင်းကြီးသည် အနီးသို့ကပ်၍ မိမိသည် ကာသိကရာဇ်မင်းဖြစ်ကြောင်းပြောပြ၍ သုဝဏ္ဏသာမ အကြောင်းကိုလည်းမေးလေသည်။ သုဝဏ္ဏသာမသည်မိမိမှာ မျက်မမြင်မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေသူဖြစ်၍ ရေခပ်ရန်လာကြောင်းများကို ပြောပြသောအခါ မင်းကြီးသည် သူတော်ကောင်းကို ပစ်ခတ်မိပြီဟု စိတ်မကောင်းဖြစ်ကာ သုဝဏ္ဏသာမ၏မိဘများကို မိမိပင် လုပ်ကျွေးရစ်ပါမည်ဟု ကတိပေးပြီးလျှင် သုဝဏ္ဏသာမ မိန်းမောသည်ကိုသေပြီထင်မှတ်၍ ဒုကူလပါရိကာတို့ထံသို့ အလုပ်အကျွေးပြုရန်ထွက်သွားလေသည်။
ဒုကူလနှင့်ပါရိကာတို့သည် ခြေသံကြားသည်နှင့်ပင် မိမိတို့သား သုဝဏ္ဏသာမမဟုတ်မှန်း သိရှိကာမေးလေသော် ပီဠိယက္ခမင်းက အကြောင်းစုံကိုပြန်၍ပြောပြသည်။ ထိုအခါတွင်ဒုကူလနှင့်ပါရိကာတို့သည် မိမိတို့သားရှိရာသို့ မင်းကြီးအားလိုက်ပို့စေသည်။ ရသေ့နှစ်ပါးသည် သုဝဏ္ဏသာမ မိန်းမောနေရာသို့ ရောက်သောအခါ သစ္စာမှတစ်ပါးကိုးကွယ်ရာမရှိဟု ဆင်ခြင် လျက်မိန်းမောနေသော သုဝဏ္ဏသာမ၏ ခေါင်းရင်းခြေရင်းတို့၌ ထိုင်၍ သုဝဏ္ဏသာမသည် ရှေး၌ကုသိုလ်ကောင်းမှုကိုပြုခြင်း၊ ကောင်းသောအကျင့်ကိုကျင့်ခြင်း၊ ဟုတ်မှန်သောစကားကို ဆိုခြင်း၊ မိဘတို့ကိုလုပ်ကျွေးခြင်း၊ အမိအဘတို့ကို ရိုသေခြင်း၊ မိမိတို့သည် သုဝဏ္ဏသာမအားအသက်ထက်ချစ်ခြင်း၊ မိမိတို့သည် အမှတ်မထင်သော ကောင်းမှုရှိခြင်းစသော မှန်သောအကြောင်းများဖြင့် သစ္စာပြုလေသည်။ ထိုသစ္စာစကားများကြောင့် သုဝဏ္ဏသာမသည် မြားဆိပ် ပျောက်စေသတည်းဟု မိခင်ဖခင်တို့ တစ်လှည့်စီ သစ္စာပြုကြသည်။ ရှေးဘဝကမိခင်တော်ခဲ့ဘူးသော ဗဟုသုန္ဒရီနတ်သမီးကလည်း သုဝဏ္ဏသာမ အသက် ရှင်စေရန်အတွက် သစ္စာပြုလာသည်။
ထိုအခါ သစ္စာ၏အာနုဘော်ကြောင့်သုဝဏ္ဏသာမသည် မြားဆိပ်ပျောက်ကင်းရုံမက မယ်တော် ခမည်းတော်တို့လည်း မျက်စိအလင်းပြန်၍ ရကြသဖြင့်အားလုံးဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလေသည်။ ထိုနောက်သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီးအား တရားဟောကြား၍ ပီဠိယက္ခမင်းလည်း ဗာရာဏသီပြည်သို့ ပြန်ပြီးကောင်းမှုများကို ပြုကာအသက်ထက်ဆုံးနေလေသည်။ ဇာတ်ပေါင်းသော်သုဝဏ္ဏသာမသည် မြတ်စွာဘုရား၊ ပီဠိယက္ခမင်းကြီးသည် ညီတော် အာနန္ဒာ ထေရ်၊ ဗဟုသုန္ဒရီနတ်သမီးသည် ဥပ္ပလဝဏ်ထေရီ၊ သိကြားမင်းသည် အနုရုဒ္ဓါထေရ်၊ ဒုကူလသည် တတိယ မဟာသာဝက မဟာကဿပထေရ်၊ ပါရိကာသည် ဘဒ္ဒကပိလာနီထေရီ ဖြစ်လာလေသည်။
တရားတော်၏အဆုံး၌ ပရိသတ်ပေါင်းများစွာတို့သည် အကျွတ်တရားရကြသည်။ ဤသုဝဏ္ဏသာမ ဇာတ်တော်၌ မိဖကိုလုပ်ကျွေးသော ရဟန်းအား အဓိကထား၍ မြတ်စွာဘုရား ဟောကြားတော်မူသည်ဖြစ်သော်လည်း သစ္စာပါရမီ ထက်မြက်မှုကိုလည်း ပြဆိုလေသည်။
သုဝဏ္ဏသာမ - ဂေါတမမြတ်စွာဘုရား
ပီဠိယက္ခမင်းကြီး - ရှင်အာနန္ဒာထေရ်
ဗဟုသုန္ဒရီနတ်သမီး - ဥပ္ပလဝဏ်ထေရီ
သိကြားမင်း - ရှင်အနုရုဒ္ဓါထေရ်
ဒုကူလသုခမိန် - မဟာကဿပထေရ်
ပါရိကာ - ဘဒ္ဒါကာပိလာနီထေရီ
No comments:
Post a Comment