နာရဒဇာတ်တော်ကြီး
🌼🌼🌼🌼🌼🌼🌼
နာရဒဇာတ်တော်သည် ဇာတ်ကြီးဆယ်ဘွဲ့တွင် ရှစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်အနီး နွယ်ချိုတောတွင် သီတင်းသုံးတော်မူစဉ် ဥရုဝေလတောတွင်း၌ ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ တည်းဟူသော ရသေ့ညီနောင် သုံးဦးနှင့်တကွ တပည့်များအား မိစ္ဆာဒိဋ္ဌိအယူမှ ချွတ်သည်ကို အကြောင်းပြု၍ နာရဒဇာတ်တော်ကို ဟောကြားတော်မူသည်။ ထိုဇာတ်တော်ကား အောက်ပါအတိုင်း ဖြစ်သည်။
ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ အင်္ဂတိအမည်ရှိသော မင်းသည် မင်းပြုသည်။ ထိုမင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့် ပြည့်စုံသည်။ တရားကိုလည်း စောင့်သည်။ ထိုမင်းတွင် အလွန်အဆင်းလှသော ရုဇာအမည်ရှိ သမီးတော်တစ်ပါးတည်းသာ ထွန်းကားသည်။ ထိုသမီးတော်အား အလှူပေးစိမ့်သောငှာ ဥစ္စာတစ်ထောင်ကို လခွဲတစ်ကြိမ် ပေးတော်မူသည်။ ထိုမင်းကြီး၏ အမတ်ကြီး ၃ ပါးမှာ ဝိဇယ၊ သုနာမ၊ အလာတတို့ဖြစ်ကြသည်။
တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့ ကြတ္တိကာ နက္ခတ်သဘင်အခါတွင် မင်းကြီးသည် နန်းပြသာဒ်ထက်မှ ဖြူစင်စွာ ထွန်းတောက်သော လပြည့်ဝန်းကိုမြင်၌ အထူးစိတ်ကြည်နူးမိသည်။ ထိုညဉ့်မျိုးတွင် အဘယ်ကဲ့သို့ မွေ့လျော်ရသော် ကောင်းအံ့ည်းဟု အကြံဖြစ်၍ အမတ်တို့အား နှစ်သက်ရာကို တင်လျှောက်စေသည်။ ထိုအခါ စစ်သူကြီးဖြစ်သော အလာတ အမတ်က စစ်ပြုရန် လျှောက်သည်။ သုနာမ အမတ်က ကာမဂုဏ်တို့၌ မွေ့လျော်ရန် လျှောက်သည်။ ဝိဇယ အမတ်က အကြားအမြင်နှင့် ပြည့်စုံသော ရဟန်းပုဏ္ဏားတို့ထံ ဆည်းကပ်လျက် ယုံမှားခြင်းတို့ကို ပယ်ဖျောက်ရန် လျှောက်သည်။ မင်းကြီးလည်း ဝိဇယအမတ်၏ စကားကို နှစ်သက်သဖြင့် အာလာတ အမတ် ညွှန်ကြားရာ မိဂဒါဝုန်တောရှိ ကဿပ တက္ကတွန်းတို့ထံ ဗိုလ်ပါများနှင့် သွားရောက်လေသည်။
ရောက်လျှင် မင်းကြီးက မိဖ၊ ဆရာ၊ သားမယား၊ သက်ကြီးရွယ်အို၊ ရဟန်းပုဏ္ဏား၊ မှူးမတ်ဗိုလ်ပါ၊ ပြည်ရွာအပေါ်တွင် ကျင့်ရမည့်တရားနှင့် နတ်ရွာရောက်ကြောင်း ငရဲလွတ်ကြောင်းတရားတို့ကို မေးလေသည်။ ကဿပ တက္ကတွန်းကား မေးနှင့်လျော်သော အဖြေကို မသိနားမလည်၍ မဖြေချေ။ ကောင်းကျိုး မကောင်းကျိုး၊ တမလွန် လောက၊ မိဖ၊ ဆရာဟူ၍မရှိ။ အလှူပေးခြင်းဖြင့် အကျိုးမရှိ။ မီး၊ မြေ၊ ရေ၊ လေ၊ ချမ်းသာ၊ ဆင်းရဲ၊ အသက် ဤခုနစ်ပါးသည် မြဲကုန်သည်။ သတ္တဝါတို့သည် ၈၄ ကမ္ဘာစေ့မှ စင်ကြယ်မည်။ ထိုအတွင်း ကောင်းမှုပြုသော်လည်း မစင်ကြယ်နိုင်၊ မကောင်းမှုပြုသော်လည်း ထိုခဏကို မလွန်နိုင်ကုန်ဟု ဟောကြားလေသည်။
အလာတ အမတ်ကလည်း မိမိရှေးဘဝက မကောင်းမှု ပြုခဲ့သော်လည်း ယခုအခါ ကောင်းကျိုးကိုသာ ခံစားရပုံကို ပြောပြလျက် ထိုစကားကို ထောက်ခံ၏။ ကဿပ တက္ကတွန်းထံတွင် ဆည်းကပ်နေသော မိထိလာပြည်သား ဗီဇက သူဆင်းရဲကလည်း မိမိသည် အတိတ်ဘဝက သူဌေးအဖြစ်ဖြင့် အလှူကောင်းမှုပြုပါသော်လည်း ယခုဘဝတွင် သူဆင်းရဲဖြစ်လာကြောင်းကို တင်ပြသောအားဖြင့် အလာတ အမတ်၏ စကားကို ထောက်ခံလေသည်။ ထိုအခါမှစ၍ မင်းကြီးသည် ပြည်ထဲရေးကို အမတ်တို့အား လွှဲပြီးသော် ကာမဂုဏ်စည်းစိမ်ကိုသာ ခံစားလေတော့သည်။ အလှူဇရပ်တို့ကိုလည်း ဖျက်စေသည်။ ပြည့်ရှင်မင်းကြီး အယူမှားသည်ကို တပြည်လုံး အုတ်အုတ်ကျက်ကျက် ပြောဆိုကြလေသည်။ ထိုအကြောင်းကို ရုဇာမင်းသမီးကြားလတ်သော် ခမည်းတော်၏ အယူမှားကို ပယ်ရှားအံ့ဟု အခွင့်ကို စောင့်လင့်၏။ ရုဇာမင်းသမီးကား ရှေ့ဘဝနှင့် နောက်ဘဝတို့ကို သိမြင်နိုင်သောသူတည်း။ အချိန်ကျရောက်လတ်သော် မင်းကြီးထံသို့ အခစားဝင်၍ အလှူပြုရန် ရမြဲရိက္ခာကို တောင်းလေသည်။ ထိုအခါ မင်းကြီးက အလှူကို မယုံကြည်တော့၍ အပြစ်ပြကာ တားမြစ်သည်။ သမီးတော်က ခမည်းတော် အယူမှားနေပုံ၊ တက္ကတွန်းတို့ အပြောနှင့် အကျင့်မညီပုံများ၊ မိမိ၏ အတိတ်နှင့် အနာဂတ်ဘဝ အကြောင်းများကို ရှင်းလင်း ပြောပြလေသည်။ သို့သော် မင်းကြီးကား မိစ္ဆာအယူကို မစွန့်ချေ။ ထိုအခါ မင်းသမီးက နတ်ဗြဟ္မာများအား ကူညီရန် သစ္စာအဓိဋ္ဌာန်ပြုသည်။ ထိုသို့ပြုလတ်သော် နာရဒဗြဟ္မာကြီးသည် မင်းကြီးကို ချွတ်အံ့ဟု ရဟန်းအသွင်ဖြင့် ရောက်လာသည်။
မင်းကြီးလည်း ဗြဟ္မာကြီးအား တန်ခိုးရှိခြင်း၏ အကြောင်းရင်းကို မေးသည်။ ကုသိုလ်ကောင်းမှုသာ အကြောင်းရင်းဖြစ်သည်ဟု ဗြဟ္မာကြီးက ဖြေသည်။ မင်းကြီးက သိလို၍ မေးသမျှသော ပြဿနာတိုင်းကိုလည်း မင်းကြီးစိတ်ကျေနပ်အောင် ဥပမာ သာဓကများစွာဖြင့် ဖြေဆိုသည်။ ထိုနောက် ငရဲအကြောင်း၊ ရှေးမင်းမြတ်တို့ ကျင့်စဉ်အကြောင်း စသည်တို့ကို ဟောကြားလေသည်။ ဤသို့ အယူမှားကို ပယ်ရှားစေရန် ဟောကြားပြီးနောက် မင်းကြီးအား သီလ၌ တည်စေသည်။ ရုဇာမင်းသမီးကိုလည်း များစွာသော အကြောင်းတို့ဖြင့် ချီးမွမ်းသည်။ မင်း၊ မိဖုရား၊ မောင်းမမိဿံတို့ကိုလည်း အဆုံးအမ ပေးသည်။ ထိုနောက် ပရိသတ်တို့ မြင်စဉ်ပင်လျှင် နာရဒဗြဟ္မာကြီးသည် ဗြဟ္မာပြည်သို့ ပြန်သွားလေသည်။
နာရဒ - ဂေါတမမြတ်စွာဘုရား
အလာတအမတ် - ဒေဝဒတ်
သုနာမအမတ်ကြီး - ဘဒ္ဒဇိ
ဝိဇယအမတ်ကြီး - သာရိပုတ္တရာ
ဗီဇကသူဆင်းရဲ - မဟာမောဂ္ဂလာန်
ကဿပတက္ကတွန်း - သုနက္ခတ်
အင်္ဂတိမင်းကြီး - ဥရုဝေလကဿပ
ဝိဓူရဇာတ်တော်ကြီး
🌼🌼🌼🌼🌼🌼🌼🌼
တစ်ရံရောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်ပြည်၌
ကောရဗျမင်း စိုးစံသည်။ ထိုမင်း၌ ဝိဓူရ အမည်ရှိသော အမတ် ပညာရှိတစ်ဦး ရှိသည်။ ဝိဓူရသည် ဉာဏ်ပညာနှင့် အထူးပြည့်စုံရုံမျှမက တရားဟောလည်း ကောင်းသည်။ သာယာနာပျော်ဖွယ် အသံဖြင့် တရားဟောတတ်သည်။ သူ့တရားကို နာသူတိုင်း နှစ်သက်မဆုံး ရှိကြသည်။
ကောရဗျမင်းသည် ကြွေအန်ကစားမှု၌ အလွန်တပ်မက်သည်။ ကစားတိုင်းလည်း အနိုင်ရလေ့ရှိသည်။ ဘဝဟောင်းက မိခင်တော်ခဲ့ဖူးသော ထီးဖြူစောင့်နတ်သမီးက တန်ခိုးဖြင့် ကူညီလေ့ရှိသော
ကြောင့် ဖြစ်သည်။
မင်းကြီးသည် ကြွေအန်ကစားသော်လည်း
တရားဓမ္မကို လွန်စွာမြတ်နိုးသည်။ တစ်နေ့သ၌ မင်းကြီးသည် ဥပုသ်စောင့်၍ ဥယျာဉ်တော်ဝယ် တရားအားထုတ်သည်။ ရှေးဘဝက အဆွေခင်ပွန်းများ ဖြစ်ခဲ့ဖူးကြသော သိကြားမင်း၊ နဂါးမင်း၊ ဂဠုန်မင်းတို့သည်လည်း ထိုနည်းတူ ဥပုသ်စောင့်ကြသည်။ မင်းကြီး နေရာဥယျာဉ်သို့ လာရောက်၍ တရားအားထုတ်ကြသည်။ မင်းလေးပါး ဆုံမိကြသည်။
ထိုအခါ ဝမ်းမြောက် ဝမ်းသာ ရင်းနှီးစွာ စကားပြောကြသည်။ ယင်းသို့ စကားပြောရာမှ သိကြားမင်းက ယခု ငါတို့လေးယောက် စောင့်သော သီလတွင် ဘယ်သူ၏ သီလက ပို၍ မြတ်သနည်း ဟု မေးသည်။
ဝရုဏနဂါးမင်းက အရှင်တို့ သုံးဦး၏ သီလထက် ကျွန်ုပ်၏ သီလက ပို၍ မြတ်သည်။ ဂဠုန်မင်းသည် ကျွန်ုပ်ကို ရန်ပြုသည်ဖြစ်စေ ရန်မပြုသည်ဖြစ်စေ ဂဠုန်မည်သည်ကား နဂါး၏ ရန်သူသာ ဖြစ်သည်။ ကျွန်ုပ်သည် ဤကဲ့သို့ အသက်ကို ရန်ပြုတတ်သည့် ရန်သူကို တွေ့ရသော်လည်း အမျက်ဒေါသမထွက်ဘဲ နေခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်၏သီလက ပို၍ မြတ်ပါသည် ဟု ဆို၏။
ထိုအခါ ဂဠုန်မင်းက နဂါးသည် ကျွန်ုပ်အဖို့ မွန်မြတ်သော အစာအာဟာရကို တွေ့ရသော်လည်း
မစား၊ ဆာလောင် မွတ်သိပ်မှုကို သည်းခံလျက် အစာအတွက် မကောင်းမှုကို မပြု။ ထို့ကြောင့် ကျွန်ုပ်သီလက ပို၍ မြတ်ပါသည် ဟု ဆို၏။
ထို့နောက် သိကြားမင်းက ငါသည် အမျိုးမျိုးသော နတ်စည်းစိမ်တို့ကို စွန့်၍ သီလစောင့်ရန် ဤအရပ်သို့ လာခြင်း ဖြစ်သည်။ သို့ဖြစ်၍ ငါ၏သီလက ပို၍ မြတ်ပေသည် ဟု ဆိုပြန်သည်။
ဤတွင် ကောရဗျမင်းကလည်း အကျွန်ုပ်သည် များစွာသော ဥစ္စာတို့နှင့်တကွ တစ်သောင်းခြောက်ထောင်သော မောင်းမတို့ဖြင့် ပြည့်နေသော ရွှေနန်းစည်းစိမ်ကို မျက်ကွယ်ပြုလျက် ကြောင့်ကြမှု မထားဘဲ ဤ ဥယျာဉ်၌ ဥပုသ်စောင့်နေသည်။ ကျွန်ုပ်၏ သီလက ပိုမြတ်ပါသည် ဟူ၍ ဆိုလေသည်။ ဤသို့လျှင် မင်းလေးပါးတို့သည် မိမိသီလက ပို၍ မြတ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အလျှော့မပေးကြ။ နောက်ဆုံး၌ ဝိဓူရ သုခမိန်ထံ သွား၍ အဆုံးအဖြတ် ရယူရန် မင်းလေးပါးလုံး သဘောတူညီ သွားကြသည်။ ဝိဓူရထံသွား၍ အကျိုးအကြောင်း တင်ပြကြသည်။ မှန်ကန်စွာ ဆုံးဖြတ်ပေးပါ ဟူ၍လည်း ဆိုကြသည်။
ဝိဓူရသည် မင်းတစ်ပါးစီ၏ စကားကို သေချာစွာ ကြားနာသည်။ ထို့နောက် အရှင်မင်းကြီးတို့၊ မင်းကြီးတို့ ဆိုကြသော အချက် လေးရပ်စလုံးပင် ကောင်းမြတ်လှသည်။
လှည်းပုံတောင်း၌ ဒေါက်များ စု၍ တည်သကဲ့သို့ပင် အကြင်ပုဂ္ဂိုလ်သည် သည်းခံခြင်း၊ အစာကြောင့် မကောင်းမှုကို မပြုခြင်း၊ ကာမဂုဏ် မွေ့လျော်မှုမှ ရှောင်ခြင်း၊ ကြောင့်ကြမှု မရှိခြင်း ဟူသော ဂုဏ်လေးပါးနှင့် ပြည့်စုံအံ့။ လောက၌ ထိုပုဂ္ဂိုလ်ကို ငြိမ်းအေးသောသူ ဟူ၍ ဆိုကြကုန်၏ ဟု ဆိုကာ မင်းလေးပါးတို့၏ သီလသည် မည်သူကမှ မသာလွန်၊ ထပ်တူ အညီထား၍ ဆုံးဖြတ်လိုက်လေသည်။
မင်းလေးပါးတို့သည် ဝိဓူရ၏ ဖြေကြားချက်ကို နှစ်သက်သွားကြသည်။ ဝိဓူရအား ချီးကျူးစကား ဆိုကြသည်။ ထို့နောက် သိကြားမင်းက ဝိဓူရအား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်သည်။ ဂဠုန်မင်းက ရွှေပန်းခိုင်ဖြင့် ပူဇော်သည်။ နဂါးမင်းက ပတ္တမြားဖြင့် ပူဇော်သည်။ ကောရဗျမင်းက နို့စား နွားမတစ်ထောင်၊ ဆင်တစ်စီး၊ အာဇာနည်မြင်း လေးကောင်ကသော ရထားဆယ်စီး၊ ရွာကြီးတစ်ဆယ့်ခြောက်ရွာတို့ဖြင့် ပူဇော်လေသည်။ ထို့နောက် မင်းလေးပါးသည် ချစ်ကြည်စွာ ခွဲခွာသွားကြလေသည်။
ဝရုဏ နဂါးမင်းသည် နဂါးပြည်သို့ ပြန်ရောက်သော် နဂါးမိဖုရားဖြစ်သူက ဝိမလာက ပတ္တမြားကို မမြင်၍ မေးသည်။ နဂါးမင်းက အကြောင်းစုံ ပြောပြသည်။ ဤတွင် ဝိမလာသည် ဝိဓူရသုခမိန်၏ တရားကို
နာကြားလိုသော ဆန္ဒ တဖွားဖွား ဖြစ်ပေါ်မိသည်။
ဝိမလာက ငါသည် နဂါးမင်းအား ဝိဓူရ၏ တရားကို နာလိုသောကြောင့် ပင့်ဆောင်ပေးပါ ဆိုလျှင်
ပင့်ဆောင် ပေးလိမ့်မည် မဟုတ်။ ပရိယာယ် ဆင်လျက် ဝဓူရ၏ နှလုံးသားကို ချစ်ခြင်းဖြစ်သည် ဆိုကာ မကျန်းမာယောင် ဆောင်နေမည်။ ထိုအခါ
မုချမသွေ ဝိဓူရကို ဆောင်ယူစေမည်။ ထိုအခါတွင်မှ ဝိဓူရ၏ တရားတော်ကို နာယူနိုင်တော့မည် ဟူ၍ ကြံစည်၏။
ကြံစည်သည့်အတိုင်း မကျန်းမာဟန် ပြု၏။ ဝိဓူရ၏ နှလုံးသားကို မရလျှင် သေရတော့မည် ဟူ၍ ဆိုကာ အိပ်နေ၏။ နဂါးမင်းလည်း စိတ်နှလုံး မသာယာတော့။ မည်သည့်နည်းဖြင့် ဝိဓူရ၏ နှလုံးသားကို ရနိုင်ပါအံ့နည်း ဟု ကြံတွေး၍ မှိုင်ငေးနေလေသည်။
ခမည်းတော်၏ ဖြစ်အင်ကို နဂါးမင်းသမီး ဣရန္ဓတီ တွေ့မြင်သောအခါ အကျိုးအကြောင်း မေးသည်။ နဂါးမင်းက မိဖုရား၏ အကြောင်းကို ပြောပြသည်။ ချစ်သမီး၊ သင့်မယ်တော် အသက်မသေအောင် ဆောင်ရွက်ပါ။ ဝိဓူရကို ဆောင်ယူနိုင်သူအား ဖူးစာရှင်အဖြစ် ရွေးပါ။ ထိုသူကို ရှာပါ ဟူ၍ ဆို၏။
ဣရန္ဓတီကလည်း သည်ကိစ္စကို သမီးတော် အောင်မြင်အောင် ဆောင်ရွက်ပါမည် ဟူ၍ ဝန်ခံစကား ပြောဆိုသည်။ မယ်တော့်ကိုလည်း နှစ်သိမ့်စကားဆိုသည်။ ထို့နောက် လှပနီလွင်သော အဝတ်တန်ဆာကို ဆင်ယင်၍ ချက်ချင်းပင် ဟိမဝန္တာသို့ ထွက်ခွာသွားလေသည်။ ဣရန္ဓတီသည် ဟိမဝန္တာရှိ ကာဠာဂီရိခေါ် ကျောက်ညိုတောင်သို့ ရောက်သောအခါ ပန်းမျိုးစုံကို ခူးသည်။ တောင်ထိပ်၌ ပန်းအခင်း ခင်းသည်။ ထို ပန်းအခင်း၌ ကလျက် ညှို့ဓာတ်ပါသော အသံဖြင့် ဝိဓူရ၏ နှလုံးသားကို တောင့်တနေသော မယ်တော်၏ အလိုဆန္ဒကို ပြည့်ဝအောင် စွမ်းဆောင်နိုင်သူအား ဖူးစာရှင်အဖြစ် ရွေးချယ်ပါမည် ဟူ၍ ဖွဲ့နွဲ့ သီချင်းဆိုသည်။
ထိုအခိုက် ပုဏ္ဏက အမည်ရှိသော ဘီလူးစစ်သူကြီးသည် မနောမယမြင်းကို စီးလျက် ကောင်းကင်ခရီး
ဖြင့် နှင်လာရာ ဣရန္ဓတီ၏ အသံကို ကြားရသည်။
ပုဏ္ဏကသည် ဝေဿဝဏ် နတ်မင်းကြီး၏ တူဖြစ်သည်။ ဘီလူးအစည်းအဝေးသို့ သွားရန် ထွက်လာရာမှ ဣရန္ဓတီနှင့် ဆုံတွေ့ခြင်း ဖြစ်သည်။
သူသည် ဣရန္ဓတီကို ချစ်ကြိုက်သွားသည်။
ထို့ကြောင့် အနီးသို့ ချဉ်းကပ်ပြီးလျှင် မင်းသမီး၏ မယ်တော်ဖုရား အလိုရှိသော ဝိဓူရ၏ နှလုံးသားကို ဆောင်ယူပေးမည် ဟူ၍ ကတိပြုသည်။
ကစ္စည်းလုလင်၊ ဝိဓူရသည် ငါ၏ကျွန် ဖြစ်သည်မှန်လျှင် ဝိဓူရကို ယူသွားလော့ ဟု ဆို၏။ ဝိဓူရကို ပုဏ္ဏကအား ပေးအပ်လိုက်လေသည်။
သို့ပေးအပ်ရာမှ မင်းကြီးသည် ဝိဓူရ မရှိသော် တရားစကားကို ကြားနာရဖို့ မလွယ်ပြီ ဟူ၍ စဉ်းစားမိပြန်သည်။ ထို့ကြောင့် ဝိဓူရအား အိမ်ရာတည်ထောင်၍ လူ့ဘောင်၌ နေသောသူတို့ လိုက်နာရမည့် တရားတော်ကို မသွားမီ ဟောကြားပါဦး ဟု တောင်းပန်သည်။ ဝိဓူရကလည်း စိတ်ရှည်စွာ ဟောကြားသည်။
အရှင်မင်းကြီး၊ အိမ်ထောင်ရှင် ဖြစ်သူတို့သည် သူတစ်ပါး၏ မယားကို မပြစ်မှားအပ်။ ကောင်းမွန်သော ခဲဖွယ် ဘောဇဉ်တို့ကို သင့်ရာ သူတို့အား မပေးကမ်း၊ မဝေခြမ်းဘဲ မစားသောက်အပ်။ မျက်မှောက်တွင် အကျိုးစီးပွားလည်း မဖြစ်ထွန်းသော၊ နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်းလည်း မဟုတ်သော လောကာယတိက ကျမ်း ကို မလိုက်နာအပ်။
နေ့တိုင်း ငါးပါးသီလကို စောင့်ထိန်းအပ်၏။ အိမ်ထောင်သည်တို့ လိုက်နာရသော ကျင့်ဝတ်နှင့်လည်း ပြည့်စုံအပ်၏။ မင်းတို့ကျင့်ရာသော တရားနှင့်လည်း ပြည့်စုံအပ်၏။ ကုသိုလ်ကောင်းမှုတို့ကို မမေ့အပ်။ ကိစ္စအားလုံးကို ပညာဖြင့် ဆင်ခြင်ပြုအပ်၏။ မာန်မာန မထောင်လွှားအပ်။ မိမိကိုယ်ကို နှိမ့်ချအပ်၏။ သူတော်ကောင်းတို့ ဆုံးမလျှင် နာယူအပ်၏။ ဝန်တိုခြင်း၊ စောင်းမြောင်းခြင်း၊ ငြူစူခြင်း မရှိအပ်။
ရဲရင့်ခြင်း ရှိအပ်၏။ ချစ်ခင်နှစ်လိုဖွယ် စကားကို ဆိုအပ်၏။ ကိုယ်၊ နှုတ်၊ နှလုံး နူးညံ့အပ်၏။
(၁) အဆွေခင်ပွန်းတို့အား ပေးကမ်းခြင်း။
(၂) ချစ်ဖွယ်သော စကားကို ဆိုခြင်း။
(၃) မေတ္တာစိတ် ပွားများခြင်း
(၄) ကိုယ်နှင့် ထပ်တူ ကျင့်ခြင်း ဟူသော သင်္ဂဟတရားတို့နှင့်လည်း ပြည့်စုံအပ်၏။ တရားစောင့်သော ရဟန်းတို့အားလည်း လှူဒါန်းအပ်၏။ ဤကား လယ်ထွန်ချိန် အခါတည်း၊ ဤကား ပျိုးကြဲချိန်အခါတည်း စသည်ဖြင့်လည်း စီရင်ခန့်ခွဲ တတ်အပ်၏။ သူတော်ကောင်းတရားကို လိုလားသူ ဖြစ်အပ်၏။ မိမိ၏ မျိုးနွယ်ကို စောင့်ရှောက်သူ ဖြစ်အပ်၏။ အကြားအမြင် များရန် ဝတ္ထု၊ ထုံးတမ်း နည်းနာ
စသော ကျမ်းဂန်တို့ကို လေ့လာသင်ကြား အပ်၏။ မှတ်သားခြင်း၊ ကြည့်ရှုခြင်း၊ နှီးနှောပြောဟောခြင်း၊ မေးမြန်းခြင်း ပြုအပ်၏။ အကြားအမြင်များသော၊ သီလရှိသော ရဟန်း၊ ပုဏ္ဏားတို့ကိုလည်း ရိုသေဆည်းကပ်ရာ၏။ အရှင်မင်းကြီး၊ ဤသို့ လိုက်နာပြုကျင့်သည် ရှိသော် ဘေးကင်းသူ၊ သင်္ဂဟတရားနှင့်
ပြည့်စုံသူ၊ မှန်သော အယူဝါဒ ရှိသူ ဖြစ်ရာ၏။ သေလွန်သောအခါ၌လည်း မစိုးရိမ်ရဘဲ ကောင်းရာ သုဂတိသို့ လားရာ၏ ဟု ဝိဓူရက ဟောကြား၏။
မင်းကြီးလည်း ဝိဓူရအား အထူးပူဇော် သက္ကာရပြု၍ တစ်ရာ့တစ်ပါးသော မင်းတို့ခြံရံလျက် နန်းတော်သို့ ဝင်လေသည်။
ထို့နောက် ပုဏ္ဏကအားလည်း ပုဏ္ဏက၊ အသင်သည် ယူဆောင်ရန် အလွန်ခက်ခဲသော သုခမိန်ကို တရား
သဖြင့် ဆောင်ယူခဲ့သည့်အတွက် ငါ ချီးကျူးပါသည်။ မိဖုရားကြီး၏ အလိုဆန္ဒ ပြည့်ဝသောကြောင့်
သင့်အား သမီးတော် ဣရန္ဓတီကို ဆောင်နှင်းပေးအပ်ပါ၏။ သင် ပုဏ္ဏက စစ်သူကြီးသည် ယနေ့ပင် သုခမိန်ကို ဣန္ဒပတ္ထနဂိုရ်ပြည်သို့ ပြန်ပို့ပေးပါလော့ ဟူ၍ ဆို၏။
ပုဏ္ဏကသည် ဣရန္ဓတီကို ရ၍ လွန်စွာဝမ်းမြောက်သွားသည်။ ထို့ကြောင့် ဝိဓူရအား စကြာမင်းတို့သာ သုံးသည့် မနောဟရပတ္တမြားကို ပေးသည်။ ထို့နောက် နဂါးမင်းနှင့် မိဖုရားတို့ကို ခွင့်ပန်၍ သိန္ဓောမြင်းကို ပြင်စေသည်။ မြင်းပျံပေါ်၌ ဝိဓူရအား ရှေ့ကထားလျက်၊ ပုဏ္ဏက က အလယ်ကစီးလျက်၊ ဣရန္ဓတီအား နောက်ကထားလျက် နဂါးပြည်မှ ထွက်ခွာလာကြသည်။
ထိုနေ့ မိုးသောက်ယံ၌ ကောရဗျမင်းကြီးသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်သည်။ ထိုအိပ်မက်အရ ယနေ့ပင် ဝိဓူရသုခမိန် မုချရောက်လာလိမ့်မည် ဟူ၍ ဝမ်းမြောက် ဝမ်းသာဖြစ်နေသည်။ ချက်ချင်းပင် မြို့ကို တန်ဆာဆင်စေသည်။ ရတနာ မဏ္ဍပ်ကြီး ထိုးစေသည်။ တရားပလ္လင် ပြင်စေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့နှင့်တကွ တိုင်းသူပြည်သားတို့အားလည်း ယနေ့ ဝိဓူရသုခမိန် ပြန်ရောက်လိမ့်မည် ဟု ပြောဆိုသည်။ ဝိဓူရကို စောင့်မျှော်နေကြစေသည်။
ထိုခဏ၌ ပုဏ္ဏကသည် မြင်းပျံဖြင့် ရောက်လာသည်။ ဝိဓူရကို မြင်းပေါ်မှချ၍ တရားသဘင် ပရိသတ် အလယ်၌ ထားခဲ့သည်။ ဣရန္ဓတီနှင့်အတူ ကြည်ရွှင် ချမ်းမြေ့စွာ ထွက်ခွာ သွားလေသည်။ မင်းကြီးက
ဖြစ်ပျက်ပုံ အလုံးစုံကို မေးမြန်းသည်။ ဝိဓူရကလည်း
စုံစေ့စွာ လျှောက်ထားသည်။ နောက် ပုဏ္ဏကပေးလိုက်သော ပတ္တမြား ရတနာကို ကောရဗျမင်းကြီးအား ဆက်သလေသည်။
မင်းကြီးကလည်း တိုင်းသူပြည်သား အပေါင်းတို့အား ငါ၏ အမတ်ကြီးသည် ဝိဓူရသုခမိန်သည် အနှောင်အဖွဲ့မှ လွတ်သည့်နည်းတူ နိုင်ငံအတွင်း၌ အချုပ်အနှောင် ခံနေကြရသော သူများကိုလည်း အနှောင်အဖွဲ့မှ လွှတ်စေ။ ပိုက်ကွန်၊ ကျော့ကွင်း၊ မြှုံးစသည်တို့ဖြင့် ဖမ်းမိကုန်သော ငှက်တို့ကိုလည်း လွှတ်စေ။ မုဆိုး တံငါ အလုပ်များကိုလည်း မလုပ်စေနှင့်။ ဤ တစ်လအတွင်း လယ်သမားတို့လည်း အနားယူ၍ ပျော်ပွဲသဘင်ကို ဆင်ယင် ကျင်းပ ပျော်ရွှင်ကြစေ ဟူ၍ မိန့်တော်မူသည်။ ထို့ပြင် ဝိဓူရကိုလည်း အထူးထူးသော လက်ဆောင် ပဏ္ဏာတို့ဖြင့် ပူဇော်ရန် တိုက်တွန်းသည်။ တိုင်းသူပြည်သားတို့ကလည်း ဝမ်းမြောက် ဝမ်းသာ ပူဇော်ကြသည်။
ဝိဓူရသုခမိန်သည် မင်းနှင့်တကွသော တိုင်းသူ
ပြည်သားတို့အား တရားစကား ဟောကြားဆုံးမသည်။ ကောင်းမှုများ ပြုစေသည်။ မိမိကိုယ်တိုင်လည်း ကောင်းမှုများ ပြုသည်။ ဤသို့ဖြင့် စုတေသောအခါ အားလုံးပင် နတ်ပြည်သို့ လားကြလေသတည်း။
(ဇာတ်ပေါင်းသော် ဝိဓူရသုခမိန်သည် ဂေါတမ ဘုရားရှင်၊ ကောရဗျမင်းသည် အရှင် အာနန္ဒာ၊ ပုဏ္ဏကဘီလူးသည် အင်္ဂုလိမာလ၊ ဝရုဏနဂါးမင်းသည် အရှင်သာရိပုတ္တရာ၊ သိကြားမင်းသည် အရှင်အနုရုဒ်ဓါ၊ ဂဠုန်မင်းသည် အရှင်မောဂ္ဂလာန်၊ ဝိမလာဒေဝီသည် ခေမာဘိက္ခုနီ၊ ဣရန္ဓတီသည် ကိသာဂေါတမီ၊ သိန္ဓောမြင်းသည် ခဏ္ဍကမြင်း၊ ဝိဓူရ၏ မယားကြီး အနော်ဇာသည် ယသော်ဓရာ အသီးသီး ဖြစ်လာကြလေသည်)
**ဤ ဝိဓူရဇာတ်တွင် ဂေါတမဘုရားရှင် ပညာပါရမီ၊ သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊ ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်**
ဝိဓူရသုခမိန် - ဂေါတမမြတ်စွာဘုရား
အနောဇာဒေဝီ - ယသော်ဓရာ
ဝရုဏနဂါးမင်း - သာရိပုတ္တရာ
ဂဠုန်မင်း - မောဂ္ဂလာန်
သိကြားမင်း - အနုရုဒ္ဓါ
ဓနဉ္စကောရေဗျမင်းကြီး - အာနန္ဒာ
ပုဏ္ဏကဘီလူး - အင်္ဂုလိမာလထေရ်
မနောမယသိန္ဓောမြင်း - ခဏ္ဍကမြင်း
ဝိမာလဒဝေီ - ခမောဘိက်ခုနီ
ဣရန္ဓတီ - ကိသာဂေါတမီ
🌼🌼🌼🌼🌼🌼🌼🌼🌼
မဒ္ဒရာဇ်မင်းနှင့် မိဖုရားကြီး၏ သမီးတော် ဖုဿတီသည် ရှေးဆုတောင်းပြည့်သောကြောင့် မွေးစကပင် ရနံ့မွေးကြိုင်လေသည်။ အရွယ်ရောက်သောအခါ၌လည်း၊ မွှေးကြိုင်၍တင့်တယ်လှပပေသည်။ ထိုဖုဿတီမင်းသမီးနှင့် သိဉ္စည်းမင်းသားတို့ ထိမ်းမြားလက်ထပ်ပြီးနောက် ခမည်းတော် သိဝိမင်းကြီးက သိဉ္စည်းမင်းသားကို ထီးနန်းမွေပါပေးအပ်သဖြင့် ဖုဿတီသည် တောင်ညာစံဒေဝီဖြစ်လာသည်။ တစ်နေ့သော် မိဖုရားကြီးသည် ရွှေမြို့တော်ကို လှည့်လည်ကြည့်ရှုလိုသော ဆန္ဒရှိသဖြင့် အခြွေအရံများရံလျက် လှည့်လည်လေ၏။ ကုန်သည်များသွားသောလမ်းသို့ရောက်လျှင် မိဖုရားကြီးသည် ရုတ်တရက် ဗိုက်နာလာပြီး လမ်းမပေါ်တွင်ပင် သားတော်တစ်ပါးဖွားမြင်၏။ ထိုသို့ လမ်းပေါ်တွင် မွေးသောကြောင့် ထိုခေတ်သုံးသော စကားဖြင့် ဝေဿန္တရာဟု အမည်ပေးလေသည်။ ထိုည၌ကောင်းကင်တွင် ထိုအခါက ကျက်စားနေသော ဆင်ပျံတစ်ကောင်သည် ဆင်ဖြူလေးတစ်ကောင်ကို ချီလာကာ ရွှေနန်းတော်တင်းကုတ်၌ ချထားခဲ့လေသည်။ သိဉ္စည်းမင်းကြီးက ဘုန်းရှင်ကံရှင်ဖြစ်သော သားတော် ဝေဿန္တရာအား အဖိုးထိုက်တန်သော လည်ရွှဲကို ဆင်မြန်းစေ၏။ ငါးနှစ်သားအရွယ်ရောက်သော အခါ မင်းသားလေးက လည်ရွဲကို ချွတ်၍ အထိန်းတော်အားပေးလေ၏။ အထိန်းတော်လည်း မယူဝံ၍ မင်းကြီးထံ အကျိုးအကြောင်းလျှောက်တင်လေသော် ‘‘ငါ၏ သားတော်ပေးလျှင် အပိုင်ယူခွင့်ပြုသည်။’’ဟု မိန့်လေသည်။ ထိုသို့မိန့်တော်မူပြီး သာ၍ကောင်းသော လည်ရွှဲအသစ်တစ်ကုံး ဆင်စေ၏။ ဤသို့ဖြင့် မင်းသားလေးသည် လည်ရွဲကို ကိုးကြိမ်တိတိလှူလေသည်။ ဝေဿန္တရာမင်းသားသည် အသက်ရှစ်နှစ်အရွယ်သို့ ရောက်သောအခါ ဤသို့တွေးတောလေ၏။ ‘‘ငါ့မျက်စိများကို လည်းကောင်း၊ ငါ့အသွေးအသားများကို လည်းကောင်း၊ ငါ့ဦးခေါင်းကို ပင်လည်းကောင်း လှူရန် အာသာပြင်းပြလိုက်တာ၊ သို့တည်း မဟုတ် ကျေးကျွန်အဖြစ် အလှူခံအံ ... ငါသည် ကျွန်အဖြစ် လိုက်သွားမည်တည်း’’ဟူ၍ဖြစ်၏။ ထိုသို့ အကြံပြုနေစဉ် ရွှေမြို့တော်တွင် ထူးဆန်းစွာ ငလျင်တုန်လှုပ်လေသည်။ အသက် ၁၆နှစ် ပြည့်ပြီးသော အခါ မယ်မဒ္ဒီ မင်းသမီးနှင့် ရွှေလက်တော်ဆက်၍ ထိမ်းမြားမင်္ဂလာပြုလေသည်။ ထိုမျှမကသေး ထီးနန်းအရာကိုပင် အပ်နှံခြင်း ခံရလေသည်။ မင်းဖြစ်လျှင် ဝေဿန္တရာသည် အလှူမဏ္ဍပ်ခြောက်ဆောင် ဆောက်စေ၏။ နန်းတွင်း၌ တစ်ဆောင် မြို့လည်၌တစ်ဆောင်၊ မြို့တံခါးလေးခု၌တစ်ဆောင်စီဖြစ်၏။ ခြောက်သိန်းသော တန်ဖိုးရှိ ပစ္စည်းများကို နေ့စဉ်လှူလေသည်။ နောင်အခါ သားတော် ဇာလီနှင့် သမီးတော် ကဏှာစိန်တို့ကို မွေးဖွားလေသည်။ ထိုနှစ်တွင် ကလိင်္ဂရာဇ်တိုင်း၌ မိုးခေါင်၍ သီးနှံများ မအောင်မြင်သဖြင့် ငတ်မွတ်ကြ၏။ ကလိင်္ဂရာဇ် မင်းကြီးလည်း ထုံးစံအတိုင်း မိုးရွာစေရန် ခုနစ်ရက်တိုင်တိုင် အဓိဌာန်ပြု၍ ဥပုသ်ဝင်တော်မူသည်။ သို့သော် မိုးမရွာပေ။ အရပ်ဓလေ့အတိုင်းလည်း နတ်ပသကာ လွန်ဆွဲပွဲများပြုလုပ်လေ၏။ သို့သော် မိုးမရွာချေ။ ထိုအခါမင်းကြီးက၊ ပညာရှိပုရောဟိတ် ပုဏ္ဏားများကို ဆင့်ခေါ်၍ တိုင်ပင်တော်မူ၏။ ပုဏ္ဏားများက ဆင်ဖြူတော်ရှိသော အရပ်၌မိုးကောင်းကြောင်း လျှောက်သောအခါ ဝေဿန္တရာမင်းကြီးထံ အလှူခံရန် အကြံရလေသည်။ ဝေဿန္တရာမင်းကြီးသည် ဆင်ဖြူတော်ကို စီး၍ အလှူတော် မဏ္ဍပ်များကို လှည့်လည်ကြည့်ရှုနေစဉ် ပုဏ္ဏားရှစ်ယောက်ရောက်လာပြီး ဆင်ဖြူတော်ကို အလှူခံရာ ဝေဿန္တရာမင်းသည် ဆင်ဖြူတော်သာမက ဆင်ကကြိုးတန်ဆာပါလှူ၍ ဆင်ဦးစီးကိုပါ ခေတ္တငှားလိုက်လေသည်။ ထိုအခိုက် မဟာပထဝီမြေကြီးသည် ငလျင်ဆတ်ဆတ်လှုပ်လေသည်။ ဤသို့ဆင်ဖြူတော်ကို လှူကြောင်းသတင်းပြန့်သွားလျှင် တိုင်းသူပြည်သားများသည် မင်းကြီးကို အလွန်ဒေါသထွက်ကုန်၏။ ဆူပူနေသည်ကို ကြား၍ ခမည်းတော်သိဝိမင်းကြီးထွက်ကြည့်သော် ဝေဿန္တရာမင်းကြီးအား ထီးနန်းစွန့်ခိုင်းရန် ဆူပူကြလေသည်။ ထိုအခါ ခမည်းတော်လည်း ကတိပေးလိုက်လေသည်။ ဝေဿန္တရာမင်းကြီးနှင့် ဖွားဖက်တော်များသည် ကြီးကျယ်သော ဆင်ဖြူတော် အလှူအတွက် ဝမ်းမြောက်ဝမ်းသာနေကြ၏။ ထိုသို့ ပီတိဖြစ်နေစဉ် ခမည်းတော်လွှတ်လိုက်သော မင်းလုလင် အခစားဝင်လာပြီး ငိုယိုကာ ပြည်သူများက ဝေဿန္တရာမင်းအား ထီးနန်းစွန့်စေလိုကြောင်း တင်လျှောက်၏။ ထိုအခါ ဝေဿန္တရာမင်းသည် သူ၏ ခံယူချက်ကို ထုတ်ဖော်မြွက်ဟ၏။ ‘‘ဆင်ဖြူတော်သည် မည်မျှပင်တန်ဖိုးရှိသည်ထား၊ မည်မျှပင် ရထောင့်ရခဲသည်ထား .... ဤဆင်ဖြူလှူလိုက်လျှင် ဤတိုင်းပြည်အတွက် အကျိုးမဲ့စရာများ ဖြစ်နိုင်မည်လော။ ဖြစ်နိုင်ရင်လည်း တိုင်းပြည်က နှင်ထုတ်က ကျေနပ်စွာပင်လက်ခံသည် ဟု စကားပြန်ချေလော့’’ ဟု ပြောကြားလေ၏။ ထိုသို့ပြော၍ မိဖုရားခေါင်ကြီး မယ်မဒ္ဒီထံသို့ ကြွချီတော်မူသွားပြီး မှာစရာရှိတာမှာကြားလေသည်။ သို့သော် မယ်မဒ္ဒီမှာ ဝေဿန္တရာနှင့် လိုက်မည်ဟုပင် ပြောကြားသော အခါ ဝေဿန္တရာလည်း ခေါ်သွားရန်ဆုံးဖြတ်လိုက်လေသည်။ သားတော်နှင့် သမီးတော် တို့ကို လည်း ခေါ်သွားလေသည်။ လမ်းခရီးတွင် မြင်းအလှူခံနှင့်တွေ့ သော အခါ မြင်းလှူလိုက်ပေသည်။ ထိုအခါ ရထားလုံးတွင် နတ်များ ဖန်ဆင်းထားသော သမင်များရောက်လာလေသည်။ ထို့နောက် ရထားအလှူခံနှင့် တွေ့ရာ ရထားထပ်လှူလေသည်။ ရထားလှူလိုက်သော အခါ သမင်များပျောက်သွားလေသည်။ ဝေဿန္တရာ မိသားစုသည် တောနက်ထဲတွင် နတ်များဖန်ဆင်းသော ရသေ့ဂေဟာ၌ ရသေ့ဝတ်ရန်ဆုံးဖြတ်ကာ အခြွေအရံများကို ပြန်လွှတ်လိုက်လေသည်။ တစ်နေ့တွင် ပုဏ္ဏားတစ်ဦးမှ သားနှင့် သမီးကို အလှူခံရာ လှူလိုက်လေသည်။ ထို့နောက်တွင် သကြားမင်းသည် ဝေဿန္တရာမင်းကို စမ်းသပ်အံ့ဟု ဆိုကာ ပုဏ္ဏားပုံ ဖန်ဆင်း၍ မယ်မဒ္ဒီအား အလှူခံရာ ဝေဿန္တရာက လှူပြန်လေသည်။ ထိုအခါ သကြားမင်းက မယ်မဒ္ဒီအား ပြန်ပေး၍ လိုရာဆုတောင်းစေလိုသည်။ သားတော်နှင့် သမီးတော်ကို အလှူခံသွားသော ပုဏ္ဏားသည် ဝေဿန္တရာ၏ ခမည်းတော်ဆီသို့ ရောက်သွားကာ ဆုငွေများထုတ်ယူပြီး အစားများရာမှ စားပိုးနင့်ပြီး သေဆုံးလေသည်။ ထို့နောက်တွင် ကလိင်္ဂရာဇ်တိုင်းပြည်မှ မိုးမှန်နေပြီဖြစ်သဖြင့် ဆင်ဖြူတော်ပြန်လာအပ်လေသည်။ ထိုအခါ ခမည်းတော်သိဝိမင်းကြီးသည် သားတော်ကို ပြန်ခေါ်ရန် တောထဲသို့ အပေါင်းအပါများဖြင့် သွားလေသည်။ ဝေဿန္တရာသည် ခမည်းတော်၊ မယ်တော်၊ သားတော်နှင့် သမီးတော်တို့ကို တွေ့သောအခါ မေ့လဲလေသည်။ အပေါင်းအပါများ အားလုံးလည်းမေ့လဲလေသည်။ ထိုအခါ သကြားမင်းက မိုးရွာသွန်း၍ သတိပြန်ရစေသည်။ ထို့နောက် ဝေဿန္တရာသည် ရသေ့ဝတ်ချွတ်ပြီး မင်းဝတ်တန်ဆာကို ဆင်၍ ဆင်ဖြူတော်စီးကာ နန်းတော်သို့ ပြန်လိုက်လေသည်။ နန်းတော် ပြန်ရောက်သော အခါ ချုပ်နှောင်ထားသူတို့ကို ဘေးမဲ့ပေး၍ ခုနစ်ရက်တိုင် ပျော်ပွဲရွှင်ပွဲကျင်းပလေသည်။ ပွဲတော်ပြီးသော နေ့တွင် ကောင်းကင်မှ ရတနာရွှေမိုး၊ ငွေမိုးများ ထူးဆန်းစွာ ရွာသွန်းလေသည်။ ဝေဿန္တရာမင်းကြီးသည် ပြည်သူများအား မိမိအိမ်တွင်းရှိ ရတနာတို့အား ယူစေ၍ ကြွင်းသောရတနာတို့အား ဘဏ္ဍာတော်အဖြစ်သိမ်းယူကာ ထိုရတနာတို့ဖြင့် အသက်ထက်ဆုံး အလှူဒါန ပြုလုပ်လေသတည်း။
ဝေဿန္တရာမင်းကြီး - ဂေါတမမြတ်စွာဘုရား
ဇူဇကာပုဏ္ဏား - ဒေဝဒတ်
အမိတ်တာပုံ - စိဉ်စမာဏဝိကာ
စေတမုဆိုး - ဆန္နအမတ်
အစ္စုတရှင်ရသေ့ - သာရိပုတ္တရာ
သိကြားမင်း - အနုရုဒ္ဓါ
သိဉ္စည်းမင်းကြီး - သုဒ္ဓေါဒနမင်းကြီး
ဖုဿတီမိဖုရား - မဟာမာယာဒဝေီ
မဒ္ဒီဒေဝီ - ယသော်ဓရာဒေဝီ
ဇာလီမင်းသား - ရာဟုလာမင်းသား
ကဏှာဇိန် - ဥပ္ပလဝဏ်
Credit.. original writer.
No comments:
Post a Comment