🌸🌸 🌿🌸🌸🌿🌸🌸
(၁)မြတ်စွာဘုရားအားလှူတာက ပထမ
(၂)ပစ်စကေဗုဒ်ဓါအားလှူတာက ဒုတိယ
(၃)ရဟန္တာအားလှူတာက တတိယ
(၄)ရဟန္တာဖြစ်အောင်အားထုတ်ဆဲပုဂ္ဂိုလ်အားလှူတာက စတုတ္ထ(ရဟန္တာဖြစ်အောင်အားထုတ်ဆဲဆိုတာ အားထုတ်ဆဲ အနာဂါမ်နှင့် အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ကို ဆိုလိုပါတယ်)
(၅)အနာဂါမ်အားလှူတာက ပဉ္စမ
(၆)အနာဂါမ်ဖြစ်အောင်အားထုတ်ဆဲ ပုဂ္ဂိုလ်အား လှူတာက ဆဋ္ဌမ
(၇)သကဒါဂါမ်အားလှူတာက သတ္တမ
(၈)သကဒါဂါမ်ဖြစ်အောင်အားထုတ်ဆဲပုဂ္ဂိုလ်အား လှူတာက အဋ္ဌမ
(၉)သောတာပန်အားလှူတာက နဝမ
(၁၀)သောတာပန်ဖြစ်အောင်အားထုတ်ဆဲပုဂ္ဂိုလ်အား လှူတာက ဒသမ(သောတာပန်ဖြစ်အောင်အားထုတ်ဆဲ ဆိုတာ သရဏဂုံတည်သူမှစ၍ သောတာပတ္တိမဂ္ဂဋ္ဌာန် တိုင်အောင်ပုဂ္ဂိုလ်များကိုယူရမယ်လို့ အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ဒါကြောင့် ဗုဒ္ဓသာသနာဝင် ပုထုဇဉ် ပုဂ္ဂိုလ်အားလုံးနှင့် သောတာပတ္တိမဂ်သို့ရောက်ဆဲ ပုဂ္ဂိုလ်ကိုသောတာပန်ဖြစ်အောင်အားထုတ်ဆဲပုဂ္ဂိုလ်လို့ ယူရပါတယ်။)
(၁၁)သာသနာပမှာ စျာန် အဘိညာဉ်ရပုဂ္ဂိုလ်အား လှူတာက ဧကာဒသမ
(၁၂)သာသနာပမှာသီလရှိတဲ့ပုဂ္ဂိုလ်အား လှူတာက ဒွါဒသမ
(၁၃)ဒုဿီလ(သီလမဲ့)ပုဂ္ဂိုလ်အားလှူတာက တေရသမ
(၁၄)တိရစ္ဆာန်အားလှူတာက စုဒ္ဒသမ တဲ့။
ပုဂ္ဂလိကအလှူ ၁၄ ပါး၏အကျိုးများ
(၁)တိရစ္ဆာန်အားလှူလျှင်အဆတစ်ရာအကျိုးရပါတယ် တဲ့။တိရစ္ဆာန်တစ်ကောင်အား စေတနာသန့်သန့်နှင့် ဝအောင်ကျွေးမွေးလျှင် ဘဝတစ်ရာကောင်းကျိုးပေး တယ်လို့ အဋ္ဌကထာက ဖွင့်ပြထားပါတယ်။အဲဒါကို ဘုန်းကြီးက တိရစ္ဆာန်လှူက အကျိုးရ အဆတစ်ရာဆို လို့ ဆောင်ပုဒ်စီထားပါတယ်။ကဲ အဲဒါကလေးဆိုကြ ရမယ်။
တိရစ္ဆာန်လှူက အကျိုးရ အဆတစ်ရာ ဆို။
အဲဒီမှာ အဆတစ်ရာလို့ ဆိုတာကတော့ သတဂုဏာဆို တဲ့ပါဠိကို အတိအကျဘာသာပြန်ထားတာပါ။ အဋ္ဌကထာကဖွင့်ပြတဲ့အတိုင်းဆိုချင်ရင်တော့ အဆတစ်ရာအစား ဘဝတစ်ရာလို့ပြင်ပြီးဆိုရုံပါပဲ။
(၂)သီလမရှိတဲ့ ဒုဿီလ ပုဂ္ဂိုလ်အားလှူလျှင် အဆတစ်ထောင် ဘဝတစ်ထောင်အကျိုးရပါတယ်တဲ့။
(၃)သာသနာပမှာ သီလရှိတဲ့သူအားလှူလျှင် အဆတစ်သိန်း ဘဝတစ်သိန်း အကျိုးရပါတယ်တဲ့။
အဲဒါကိုလည်း သီလမဲ့လှူ တစ်ထောင်ဟူ သီ-ဖြူ တစ်သိန်း ဆို လို့ဆောင်ပုဒ်စီထားပါတယ်။အဲဒီမှာ သီဖြူဆိုတာ သီလဖြူစင်ပြည့်စုံတဲ့သူအားလှူလျှင်လို့ ဆိုလိုပါတယ်။အဲဒါကိုလည်း ဆိုကြရမယ်။
သီလမဲ့လှူ တစ်ထောင်ဟူ သီ-ဖြူ တစ်သိန်းဆို။
(၄)နောက်ပြီးတော့ သာသနာပမှာ စျာန်အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်အားလှူလျှင် အဆပေါင်း ဘဝပေါင်း ကုဋေတစ်သိန်းအကျိုးရပါတယ်တဲ့။
အဲဒါကိုလည်း စျာန်ရလှူလေ အကျိုးတွေ ကုဋေတစ်သိန်းဆို လို့ဆောင်ပုဒ်စီထားပါတယ်။အဲဒါကို ဆိုကြရမယ်။
စျာန်ရလှူလေ အကျိုးတွေ ကုဋေတစ်သိန်းဆို။
(၅)သာသနာတော်တွင်းမှာတော့ သရဏဂုံတည်တဲ့သူ ကစပြီး သောတာပတ္တိမဂ်ကိုရောက်ဆဲပုဂ္ဂိုလ်အထိ သောတာပန်ဖြစ်အောင်အားထုတ်ဆဲပုဂ္ဂိုလ်မည်ပါ တယ်။သောတာပန်လောင်းလို့ဆိုရမှာပေါ့။အဲဒီ သောတာပန်လောင်းပုဂ္ဂိုလ်အားလှူလျှင် အသင်္ချေယျ အပ္ပမေယျ မရေတွက်နိုင် မနှိုင်းယှဉ်လောက်အောင် များစွာသောအကျိုးကိုရပါတယ်တဲ့။သရဏဂုံတည်ကာ မျှလူအားလှူရင်တောင်အကျိုးအသင်္ချေရနိုင်ပါတယ်။ ထိုထက်သရဏဂုံတည်ပြီး ငါးပါးသီလနှင့်ပြည့်စုံတဲ့ လူအား လှူလျှင်သာပြီးအကျိုးများတယ်။အဲဒါထက် ရှစ်ပါးသီလ ဆယ်ပါးသီလတို့နှင့်ပြည့်စုံတဲ့လူအား လှူလျှင်သာပြီးအကျိုးကြီးတယ်။အဲဒါထက်သမထ ဘာဝနာကိုပွားများနေတဲ့လူအားလှူလျှင်သာပြီး အကျိုးကြီးတယ်။အဲဒါထက်ဝိပဿနာရှုနေတဲ့လူအား လှူလျှင် သာပြီးအကျိုးကြီးတယ်။
နောက်ပြီးတော့သီလနှင့်ပြည့်စုံတဲ့လူအားလှူတာထက် သီလနှင့်ပြည့်စုံတဲ့ရှင်သာမဏေအားလှူတာကသာပြီး အကျိုးကြီးတယ်။အဲဒါထက်သီလနှင့်ပြည့်စုံတဲ့ရဟန်း အားလှူတာကသာပြီးအကျိုးကြီးတယ်။အဲဒါထက် သမထ ဘာဝနာ ဝိပဿနာအလုပ်ကို နည်းလမ်းမှန်ဖြင့် အားထုတ်နေတဲ့ရဟန်းအားလှူတာကသာပြီးအကျိုး ကြီးတယ်။ဝိပဿနာမှာလည်းအထက်အထက်ဉာဏ် တွေရောက်နေတဲ့ပုဂ္ဂိုလ်အားလှူတာကသာပြီးအကျိုး ကြီးတယ်။သောတာပန်ဖြစ်အောင်အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ သောတာပတ္တိမဂ်ကိုရောက်ဆဲပုဂ္ဂိုလ် ဟာအမြတ်ဆုံးပဲ။ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ကာလက စိတ်တစ်ကြိမ်မျှပဲရှိတဲ့အတွက် အဲဒီမဂ်ပုဂ္ဂိုလ်အားလှူဖို့ ဆိုတာကတော့ဖြစ်နိုင်ဖွယ်မရှိပါဘူး။ဒါကြောင့် ခေါင်ထိပ်သခါင်္ရုပေက္ခာဉာဏ်ရောက်နေတဲ့ကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်အားလှူလျှင်သောတာပန်လောင်းအားလှူတဲ့ဒါနထဲမှာ အမြတ်ဆုံးဒါန အကျိုးအကြီးဆုံးဒါနလို့ ဆိုဖွယ်ရှိပါတယ်။
သောတာပန်အစစ်အားလှူတဲ့ဒါနမှစပြီး အထက်အထက်ပုဂ္ဂိုလ်မြတ်တွေလှူတဲ့ဒါနတွေကို တော့အကျိုးများတယ်လို့ပြောနေဖို့မလိုတော့ပါဘူး။ တစ်ဆင့်ထက်တစ်ဆင့်သာသာပြီးအကျိုးများသွား တော့တာချည်းပါပဲတဲ့။ဒါကြောင့် အဲဒီသောတာပန် လောင်းနဲ့ သောတာပန်အစရှိတဲ့အရိယာအရှင်မြတ်တို့ အားလှူတဲ့ဒါနအကျိုးကြီးပုံတွေကို ဒီလိုဆောင်ပုဒ်စီ ထားပါတယ်။
သောတာလောင်းပင် လှူလေလျှင် များဖြင့်အသင်္ချေ။
နောက် ကိုးပါးဝယ် ကျိုးများတယ် ပြောဖွယ်မရှိပေ။
သောတာပန်ဖြစ်အောင်ကျင့်ကြံအားထုတ်နေတဲ့ပုဂ္ဂိုလ် အားလှူတာတောင်မှ အဆပေါင်း အသင်္ချေ ဘဝပေါင်း အသင်္ချေအကျိုးများကိုရတယ်။သောတာပန်အားလှူလျှင်တော့ အကျိုးများတယ်လို့ဆိုဖွယ်မရှိ။ သကဒါဂါမ်ဖြစ်အောင်ကျင့်နေဆဲပုဂ္ဂိုလ်အားလှူလျှင် လည်း သကဒါဂါမ်အားလှူလျှင်လည်း အနာဂါမ်ဖြစ် အောင်ကျင့်နေဆဲပုဂ္ဂိုလ်အားလှူလျှင်လည်း အနာဂါမ် အားလှူလျှင်လည်း ရဟန္တာဖြစ်အောင်ကျင့်နေဆဲပုဂ္ဂိုလ် အားလှူလျှင်လည်း ရဟန္တာအားလှူလျှင်လည်း ပစ္စေကဗုဒ္ဓအားလှူလျှင်လည်း ဘုရားအားလှူလျှင် လည်း အကျိုးများတယ်လို့ဆိုဖွယ်မရှိ တစ်ဆင့်ထက် တစ်ဆင့် သာ၍သာ၍အကျိုးများတယ်လို့ဆိုလိုပါ တယ်။အဲဒီဆောင်ပုဒ်များကိုဆိုရမယ်။
သောတာလောင်းပင် လှူလေလျှင် များဖြင့် အသင်္ချေ။
နောက် ကိုးပါးဝယ် ကျိုးများတယ် ပြောဖွယ်မရှိပေ။
No comments:
Post a Comment