==========
တရားထူးရဖို့ အသာထား
ထက်သန်တဲ့သံဝေဂ နဲ့ တရားရလိုစိတ် အပါယ်သံသရာ ကြောက်စိတ်လေး ဝင်လာဖို့တောင် လူတစ်ထောင်မှာ တစ်ယောက် မလွယ်ပါဘူး။
သူများသေတဲ့အသုဘကို အခါခါ ပို့နေရပေမယ့်လည်း ကိုယ်တော့ မသေနိုင်သေးဘူးလို့ ထင်ကြတာ။
အို/နာ/သေ အကြောင်း နားလျှံအောင် ကြားနေရပေမယ့် လူဖြစ်လာမှတော့ ဒါသဘာဝပဲလို့ ပေါ့ပေါ့လေး တွေးတတ်ကြတာ။
ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးတယ်။
ဒါမှ အပါယ်သံသရာက လွတ်ပြီး သုဂတိစိတ်ချရမယ်လို့ အာပေါက်အောင် ဟောပေးနေပေမဲ့လည်း သေမှရောက်မယ့် အပါယ်ဆင်းရဲကို လက်တွေ့ရင်ဆိုင်ရတဲ့ ခြင်ကိုက်ခံရတဲ့ ဒုက္ခဝေဒနာလောက်နဲ့တောင် မလဲနိုင်ကြသေးတာ။
ခက်နေတာက မသိကြတာမဟုတ်။
အသိအတတ်တွေတောင် လွန်နေသေး။
တစ်ချို့များဆို တရားတွေနာ အားထုတ်တာလည်း အနည်းအပါးရှိနေတော့ ရုပ်နာမ်အကြောင်း ပဋိစ်စသမုပ်ပါဒျအကွောငျး ဝေဒနာ သစ္စာလေးပါး ဓာတ်(၁၈) ပါး အို အစုံ အစုံ မသိတာမရှိ။
ဒါတွေသိနေလို့ စူဠသောတာပန် တစ်ဘဝ နှစ်ဘဝတော့ အပါယ်ပိတ်ပြီလို့ စိတ်ချနေသူတောင်ရှိသေး။
ဒါပေမဲ့လည်း တိုက်ဆဲအာရုံရဲ့ လောကဓံကြောင့် ခေါင်းပြူထွက်လာတဲ့ ထင်ရှားတဲ့လောဘ ဒေါသက သူ့သန္တာန် သတိမရှိသေးဘူးလို့ သက်သေပြပေးနေတာ မြင်သူများက သိနေကြလေရဲ့။
မေ့ မေ့ သွားကြတာလေ။
ကိုယ်နဲ့နီးစပ်တဲ့လူ သေသွားတယ်။
မိသားစုထဲက သေသွားတယ်။
ကိုယ်လည်း တစ်နေ့ သေရမယ်လို့ သိတယ်။
ဒါပေမဲ့ ကြာရှည်မခံဘူး
မေ့သွားရော။
အမှန်က အဲဒီအသိ မမေ့ရင် ပွားများနေရင်ကို ပြင်းထန်တဲ့လောဘ ဒေါသက ဝင်လာနိုင်စရာ မရှိတာပါ
အိုရမယ်ဆိုတာ သိတယ်။
အချိန်တိုင်း အိုနေတယ်လို့ မထင်ဘူး။
ငယ်ငယ်ကရုပ်နဲ့ ကြီးရုပ်မတူတာလောက်ပဲ။
ဒါတောင် တခါတရံမှ သတိရမှသိတာ။
ခဏပဲ။
ပြန်မေ့သွားရော။
နာခြင်းဆိုတဲ့ဗျာဓိကိုလည်း နေထိုင်မကောင်းတုန်း ခဏလေးပဲ ။
ဒါတောင် ငါ့မှာမှ ဖြစ်ရတယ်လို့ ဒေါသနဲ့သတိရတာ။
သံဝေဂနဲ့ ဝင်တဲ့သတိက ခပ်ရှားရှား။
ကောင်းတဲ့အချိန် မေ့သွားပြန်တာပါပဲ။
အဲဒီလိုမေ့တတ်တာကို မေ့ မေ့သွားတာကို ဘုရားရှင်က လူတွေနားလည်အောင် အမျိုးမျိူး ရှင်းပြခဲ့တယ်။
နိဝရဏတရားတွေဆိုတာရှိတယ်။
သူက စိတ်ကို မတည်ကြည်အောင် မငြိမ်သက်အောင် ဖုံးကာထားလို့ မေ့ကြတာ တဲ့။
နောက်တစ်မျိုးလှည့်ပြောပြန်တော့ အဝိဇ္ဇာက ဖုံးသွားလို့။
မောဟဝင်သွားလို့။
အာသဝစိမ်ရည်မှာ ပြန်နစ်မွန်းသွားလို့။
တဏှာက လှည့်ဖြားလို့။
သညာကလိမ္လို့။
ဝေဒနာကို သာယာနေကြလို့။
ဥပါဒါန်က စွဲလမ်းလို့။
စရိုက်မျိုးစုံအတွက် နည်းမျိုးစုံ ရှင်းပြခဲ့တယ်။
*ဘယ်လိုပဲ လှည့်ပတ်ဟောသည်ဖြစ်စေ ပင်ရင်းကတော့ 'ပမာဒ'ဆိုတဲ့ သတိမေ့လျော့ခြင်းက စတာချည်းပဲ။
*သတိသာရှိရင် ကာမစ္ဆန္ဒနိဝရဏ ဗျာပါဒနိဝရဏစတဲ့ နိဝရဏတရားတွေဆိုတာ လရောင်ကိုဖုံးကွယ်ထားတဲ့ မိုးတိမ်ကို လေပြင်းပြင်းနဲ့ တိုက်ထုတ်ဖယ်ရှားပစ်လိုက်သလို ရှင်းကနဲ လင်းကနဲ စိတ်ကလေးဆိုတာ တည်ကနဲ ကြည်ကနဲပါပဲ။
*သတိရှိရင် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ပါတယ်။
*သတိရှိရင် မောဟကလည်း အမောဟဆိုတဲ့ ဉာဏ်ဖြစ်တယ်။
*သတိသာရှိလို့ကတော့ ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ အဝိဇ္ဇာသဝဆိုတဲ့ ယစ်မူးစေတတ်တဲ့ အာသဝစိမ်ရည်တွေ ကုန်စေခမ်းခြောက်သွားစေ နိုင်ပါတယ်။
*သတိရှိရင် တဏှာအစေးကိုလည်း ပါးရာက ပြတ်စေနိုင်တယ်။
*သတိရှိရင် သညာအလိမ်တွေပြုတ်ပြီး အမြင်မှန်နဲ့ အမှန်မြင်လာမယ်။
*သတိရှိရင် ခံစားမှုမှန်သမျှဟာလည်း ခဏဖြစ်ပြီး ခဏပျက်နေတာပဲလို့ နားလည်ပြီး သာယာခြင်းသောမနဿ နဲ့ ရှောင်ခွာခြင်းဒေါမနဿ ကလွတ်တဲ့ ဥပေက္ခာခံစားမှုကို အမှန်သိမြင်လာနိုင်တယ်။
*သတိသာရှိမယ်ဆိုရင် ဥပါဒါန်ဆိုတဲ့ စွဲလမ်းမှုဟာ ဒုက္ခရဲ့ အရင်းအမြစ်ပါလားလို့ အသိမှန်ပြီး အစွဲလွတ်ရာက ဒုက္ခလမ်းဆုံးသွားစေနိုင်ပါတယ်။
ဒါကြောင့်လည်း
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿ ာနံ အတ္ထင်္ဂမာယ ဥာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ လို့
ဟောတော်မူခဲ့တာပေါ့။
အဓိပ်ပါယျကတော့ သတ္တဝါတွေမှာ ကိလေသာဆိုတဲ့ စိတ်အညစ်အကြေးကင်းဖို့အတွက် ဒီလေးပါးသော အမှတ်ရမှု သတိပဋ္ဌာန်လမ်းဟာ တစ်ကြောင်းတည်းသော လမ်းပါပဲတဲ့။
သတိရှိဖို့ လိုရင်းပါပဲ။
သတိရှိရင် သီလစင်ကြယ်မယ်။
သမာဓိတည်ကြည်မယ်။
ပညာဉာဏ် ဖြစ်ထွန်းလာမယ်။
သီလ သမာဓိ ပညာ သာသနာရဲ့ အနှစ်သုံးပါး တခြားဘာများလိုသေးလဲပေါ့။
ဒါကြောင့် လူ့ဘဝ အသက်ရှင်ခိုက် သာသနာထွန်းကားခိုက်မှာ
သင် အသက်ရှုနေကျ ရှုပါ။
'သိ' ပြီး ရှုလိုက်ပါ။
စားနေကျ စားသာစားပါ။
သတိလေးကပ် 'သိ' လျက်စားပါ။
သွားနေကျအတိုင်း သွားပါလေ။
ခြေလှမ်းတိုင်းမှာ 'သိ' ဖို့လေးပါ။
ကာမဂုဏ်အာရုံ ခံစာချင်သေးလား။
ရပါတယ် ပစ္စုပ္ပန် ထိဆဲ မြင်ဆဲ ခံစားဆဲ ဖြစ်နေတဲ့အတိုင်းလေး 'သိ'ဖို့သာ သင့်ဘက်က တာဝန်ယူရင်း ခံစားလိုက်ပါ။
သတိကို လေ့ကျင့်မွေးမြူပေးဖို့ပါပဲ။
ကျန်တဲ့အပိုင်းကို ဓမ္မက ဆောင်သွားပေးပါလိမ့်မယ်။
မဆုံးနိုင်တဲ့ သင်ယူမှုတွေအတွက် အချိန်မဖြုန်းမိပါစေနဲ့။
အသိ နဲ့ အကျင့် တွဲလျက် ခရီးစပါ။
မေ့မေ့လျော့လျော့နေခြင်းဟာ သေသူနဲ့တူပါတယ်။
မမေ့မလျော့ ရှင်သန်နေသူများဟာ အိုနာသေလွတ်ရာ နိဗ္ဗာန်ကို ရောက်ခြင်းရဲ့ အကြောင်းပါပဲ။
မြတ်ဘုရားဟောပါ။
ကိုယ့်ခန္ဓာက စက္ကန့်မလပ် ပြပေးနေတဲ့ အဖန်ဖန် အိုနာသေကို အမြဲမြင်တွေ့နေခြင်းကြောင့် တပ်မက်မှုရာဂ ဒေါသ မောဟကင်းသူအတွက် နိဗ္ဗာန်ဆိုတာ လက်တကမ်းမှာပါလို့။
စာဖတ်သူအားလုံး သတိလွတ်ကင်း မေ့လျော့ခြင်း ကင်းရှင်းကြပါစေ။
မေတ္တာဖြင့် - မစံပယ်(စလင်း)
Credit....Photo
No comments:
Post a Comment