ဘုရားရှင်ခေတ်က ရဟန်းသံဃာတွေကို ဘာပဲ လှူလှူ
ချက်ချင်းလက်ငင်း အကျိုးပေးတယ်ဆိုတာ ဇာတ် နိပါတ်တွေမှာ ဖတ်ရလို့ သိရတယ်ဘုရား🙏🙏🙏
ခုခေတ် ရဟန်းတွေကို ဘယ်လောက်လှူလှူ ဘာမှ ဖြစ်မလာတာဟာ ဘာကွာသလဲ ဘုရား ၊ ဒါမှ မဟုတ်
သီလရှိခြင်း မရှိခြင်း ကွာလောက်တယ်ထင်ပါတယ်ဘုရား ? 🙏🙏🙏တဲ့။
**************
ပြန်မေးလိုက်ပါတယ်၊ ဒကာကြီးကိုယ်တိုင်က သံဃာတွေရဲ့ သီလ အပေါ်မှာ သံသယရှိနေတယ်မို့လား ..? အဲလို ပြောရမှာပါဘုရား တဲ့ .. ။
***
ဟုတ်ပါပြီ၊ ဒါဟာ ဒကာကြီးရဲ့အတွေး၊ဒကာကြီးရဲ့ အမြင်၊လွတ်လပ်စွာတွေးခွင့်မြင်ခွင့် ရှိပါတယ်၊ ဘုန်းကြီး အပြစ်မဆိုပါဘူး။
***
ဒကာကြီးကို မေးပါအုံးမယ်၊
ဒကာကြီးရော လှူဖူးလား ..?
အရှင်ဘုရား လှူဖူးတာပေါ့ဘုရား၊ သားတွေလည်း ရှင်ပြု
ဝါဆိုသင်္ကန်း ကထိန်သင်္ကန်း အများကြီးပဲ၊ဒါပေမဲ့
ဘာမှအကျိုးပေးမလာဘူး၊ကုန်သွားတာပဲ အဖတ်တင်တယ် ဘုရား။
***
ဒါဆိုဆက်မေးပါမယ်၊ ဒကာကြီးအနေနဲ့ အလှူပေးတဲ့ နေရာမှာ ချက်ချင်းလက်ငင်း ပြန်ရချင်တယ်ဆိုတဲ့
အတွေးနဲ့ လှူနေတာပေါ့။
လိုချင်တာပေါ့ဘုရား🙏🙏🙏
***
ဟုတ်ပါပြီ၊ ဒကာကြီးမှာ သားတွေသမီးတွေရှိလား..?
ရှိတာပေါ့ ဘုရား။
ဒကာကြီးရဲ့သားသမီးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ပြီး စာတွေသင်ပေးနေတာဟာ ဘယ်လိုရည်ရွယ်ချက်ကြောင့်လုပ်ပေးနေတာလဲ ဒကာကြီးဖြေပါ။
***
ဒါတော့ တပည့်တော်တို့ အိုလာတဲ့အခါ သူတို့ရဲ့ကျေးဇူး သိတတ်မှုကို လိုချင်လို့ပေါ့ဘုရား။
ဒကာကြီးက အင်မတန် ရိုးသားတယ်၊ဘုန်းဘုန်းကြိုက်သွားပြီ၊ ဒကာကြီးရေ့တချို့မိဘတွေက အဲလိုမဖြေဘူးဗျ
ဘာမျှော်လင့်ချက်မှမထားပါဘူးလို့ပြောတတ်ကြတယ်လေ။
***
ဟုတ်ပါပြီ၊ မေးရပါအုံးမယ်
ဒကာကြီးတို့လူသားလောကကိုကြည့်လိုက်ပါ၊ကိုယ်ကျွေးမွေးခဲ့တဲ့သားသမီးတိုင်းဟာကိုယ်မျှော်လင့်သလို ဖြစ်တတ်သလား ..?
အဲဒါတော့ သိပ်မရှိဘူးဘုရား၊ကိုယ်ကသာ ကြည့်ရတာ
သူတို့က ပြန်ကြည့်တာနည်းတယ်ဘုရား။
***
ဒါဟာ သားသမီးတွေ အပြစ်လား? မိဘတွေ အပြစ်လား?
သေချာစဉ်းစား ဖြေနော် ဒကာကြီး
မှန်ပါ၊ သားသမီးတွေကမသိတတ်တော့ သူတို့ အပြစ်ပေါ့ဘုရား။
***
မှားနေတယ် ဒကာကြီး၊မိဘမေတ္တာ ဆိုတာ သားသမီး အပေါ်မှာဘာမျှော်လင့်ချက်မှမထားမှ မိဘမေတ္တာအစစ်၊
သားသမီးတွေ ကြီးပွားချမ်းသာ တိုးတက်နေတာကြည့်ပြီး ပီတိနဲ့ အားရှိတတ်ရမယ်လေ။
ဒကာကြီးက " အစထဲကယဉ်သကို" ဆိုတာလိုမျှော်လင့်ချက်နဲ့ ပေးကျွေးခဲ့တာမို့ဒကာကြီးတို့မေတ္တာဟာမသန့်ရှင်းဘူး၊အရောင်တွေပါနေတာမို့ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့အခါ မသိတတ်ရကောင်းလားဆိုပြီး မေတ္တာတွေ ပျက်လာကြတယ်၊မခံချိမခံသာတွေဖြစ်လာတယ်၊ ဒါတွေဟာ ကိုယ့်မေတ္တာမစင်ကြယ်ခဲ့လို့ သားသမီးက ပြန် မသိတတ်တာပါ။
***
ခုအလှူပေးတဲ့ နေရာမှာလည်းမပြတ်မသားနဲ့ ချမ်းသာချင်တဲ့ လောဘကို အခြေခံလှူတာမို့ အကျိုးပေး မသန်တာရော မဖြစ်နိုင်ဘူးလား ..?
***
အလှူပေးတယ်ဆိုတာ မိမိအတွက်ငဲ့ကွက်ခြင်းမရှိရဘူး ဒကာရဲ့ ။
ဒကာကြီး ဖတ်ဖူးနာဖူးတဲ့ဇာတ်နိပါတ်ထဲက အလှူရှင်တွေဟာချမ်းသာတဲ့သူဌေးတွေကလည်းငဲ့ကွက်တာ မရှိသလို
ဆင်းရဲသူ ဆင်းရဲသားတွေကလည်းငဲ့ကွက်ခြင်း အလျဉ်း မရှိကြဘူး ဒကာ။
***
ဥပမာ ဆိုပါတော့ ...
သုမေဓာသူဌေးသားလှူတာ သူ့အတွက်ဘာချန်ထားသလဲ ..?
ဝေဿန္တရာမင်း ဘာတွေ ချန်ထားလဲ ..?
ဘာမှမချန်ပဲ၊အကုန်လှူတာလေ၊နက်ဖန်ခွက်ဆွဲတောင်းစားရင်စားရပါစေဆိုတဲ့ စိတ်နဲ့ လှူတာ။
***
ဒကာကြီးလှူတာကစဉ်းစားကြည့် ...
လမ်းဘေး အလှူခံဆိုပါစို့၊ ကိုယ့်အိတ်ထဲမှာ တစ်သောင်းတန်ရယ်၊ငါးထောင်တန်ရယ် ၊ထောင်တန်ရယ် ၊နောက်ပြီး ၁၀၀ တန်အနုတ်အနွမ်းလေးတစ်ရွက်ရယ် ပါတယ် ဆိုပါစို့၊ အလှူခံကလည်း ကြုံနေပြီ၊ ဒကာကြီး ဘယ်အရွက်ကို
ဆွဲထုတ် လှူတတ်လဲ ..?
***
ဒါတော့ဘုရား ...
မဖြေနိုင်ရင်မဖြေပါနဲ့ ဒကာရယ်၊ ဒကာကြီး တစ်ယောက်ထဲသာ ဒီလိုမဟုတ်လို့ ရှက်စရာမရှိပါဘူး၊ လူအများစုက ဒီအတိုင်းပါပဲ၊ အလှူတော့ပေးတယ်၊ စိတ်က မထားတတ်သလို မျှော်လင့်ခြင်းတွေနဲ့ လုပ်နေတာမို့ ထင်သလောက် အကျိုးမသက်ရောက်တာပါ၊ဒါပေမဲ့ ဒီကုသိုလ်အကျိုးကတော့ အလကား ဖြစ်မသွားပါဘူး၊တစ်ချိန်မှာ အကျိုးပြန်ပေးမယ်ဆိုတာ ယုံကြည်ပါ ဒကာ။
***
သံဃာတွေကိုလှူတဲ့ အခါမှာလည်း ထိုနည်းအတူပါ၊အားနည်းချက်တွေ အများကြီးရှိတာကိုသိရမှာပါ။
ဥပမာ ဆိုပါစို့ ...
အိမ်မှာဆွမ်းခံကြွနေတဲ့ရဟန်းတစ်ပါးနှင့် ကိုယ်မွေးထားတဲ့ သားသမီးနှစ်ဦးယှဉ်လာတဲ့အခ့ါ ဘယ်သူ့အပေါ်မှာ ကိုယျ့ရဲ့သဒ်ဓါ ပိုသလဲ ..? စဉ်းစားကြည့်ပါ။
***
သားသမီးတစ်ယောက်အတွက်၊မိန်းမအတွက်၊ခင်ပွန်းအတွက် သိန်းပေါင်းများစွာ အကုန်အကျခံနိုင်ပေမဲ့
ရဟန်းတစ်ပါးအတွက် ဒကာကြီး ဘယ်လောက်ရက်ရောဖူးလဲ ..? စဉ်းစားပါ။
***
ရှေးတုန်းကပန်းတစ်ပွင့် လှူလို့ချမ်းသာသွားတာ ဘုရင်ကတော်ဖြစ်သွားတာ ဘာမှတန်ဖိုးမရှိတဲ့မုန့်လေးတစ်ခု တစ်ဖဲ့ လှူလို့ ချမ်းသာသွားတာတွေဟာ အလှူခံပုဂ္ဂိုလ်တွေကရဟန္တာတွေဖြစ်ကြသလို လှူသူတို့ရဲ့ပိုင်ဆိုင်မှုကလည်း ဒီမုန့် ဒီပန်းကလွဲပြီး ဘာမှမရှိတာမို့ ကိုယ်အငတ်ခံ လှူလိုက်တာဖြစ်တဲ့အတွက်သူ့အသက် သူ့ခန္ဓာအပေါ်မှာ ငဲ့ကွက်ခြင်း မရှိ၊မစားရလို့ သေရင် သေပါစေ ဆိုတဲ့ စိတ်နဲ့ လှူကြတာ ဒကာကြီးရဲ့။
***
စိတ်ထား မကွာဘူးလား..! အဲ့လို စိတ်ထားကွာတော့
အကျိုးပေးတွေကွာသွားတာပေါ့ ဒကာရယ်လို့
ဖြေလိုက်တော့။
***
ဝမ်းသာလိုက်တာဘုရား .. တဲ့ ... ။
***
တပည့်တော်ရဲ့အသိမှားတွေကို ပယ်ဖျောက်ပေးလို့ ကျေးဇူးကြီးပါတယ် ဘုရား၊တပည့်တော်ရဲ့ မဖြစ်စလောက်ဗဟုသုတလေးနဲ့ သံဃာတွေအပေါ်
အထင်သေးခဲ့ပါတယ်ဘုရား 🙏🙏🙏 တဲ့ ...။
***
ခုချိန်ကစပြီး တပည့်တော် အတွေးမှား အယူမှား အမြင်မှားတွေ ပယ်ဖျောက်ပြီးတကယ် စွန့်လွှတ်နိုင်သူဖြစ်အောင် ကြိုးစားပါတော့မယ်ဘုရား တဲ့။
***
သာဓု သာဓု သာဓု
ဒကာကြီးရဲ့ ခွင့်ပြုချက်နဲ့ ပြန်ရေးပေးလိုက်ပါသည် ။
လိုအပ်ချက်ရှိပါကဖြည့်စွက်ပေးပါရန် တောင်းဆိုပါသည် ။
***
မေတ္တာဖြင့် -
အရှင်ပညာသီရိ (လောကသရဖူမှန်ကင်း)
No comments:
Post a Comment