🥀🌿🌿🥀🌿🌿🥀
မြတ်စွာဘုရားကိုယ်တိုင်ကိုက ဝေလာမသုတ္တန်မှာ သံဃာကို ကျောင်းဆောက်လှူဒါန်းတာဟာ ပိုကောင်း တယ်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဆိုတဲ့ အလှူတွေ ထဲမှာ ကျောင်းအလှူဟာ ပိုကောင်းတယ်တဲ့။
ဘာပြု လို့လဲဆိုရင် အခုပြောတဲ့အတိုင်းပဲ ကျောင်းဆောက် လိုက်သဖြင့် ဗုဒ္ဓပူဇာ ဖြစ်တယ်၊ တရားဓမ္မတွေ သင်ယူ ပို့ချနေသည့်အတွက်ကြောင့် ဓမ္မပူဇာလည်းဖြစ်တယ်၊ သံဃာတွေ သီတင်းသုံးနေသည့် အတွက်ကြောင့် သံဃပူဇာလည်းဖြစ်တယ်။
ဒါတင်လားလို့ဆိုတော့ မကဘူး၊ သံဃာတွေက အဲဒီကျောင်းမှာ သီတင်းသုံးပြီးတော့ (Generation to Generation) မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပြီးတော့ ဘုရားရဲ့ တရားတော် တွေကို သင်ကြားပို့ချပေးလိုက်လို့ နောက်တစ်ဆက်က ထပ်ပြီးတော့ သင်ကြားပို့ချပေးမယ်ဆိုရင် မြတ်စွာ ဘုရားရဲ့ တရားတော်တွေကို လက်ဆင့်ကမ်းပြီး သင်ယူ သွားတာ။
ရှေးတုန်းကလည်း ဒီစနစ်နဲ့သင်ယူလာလို့ ခု နှစ်ပေါင်း(၂၆ဝဝ)ထိအောင် တရားတွေ မပျောက်ပျက်တာ။ အကယ်၍ မသင်ဘဲနေမယ် ဆိုလို့ရှိရင် ပျောက်သွားတာ ကြာလှပြီ၊ ဘယ်သူမှ အဓိပ္ပာယ် မဖော်နိုင်တော့ဘူး။
အဲတော့ သာသနာရှည်ကြာဖို့ အတွက် တို့လုပ်ထားတဲ့အလုပ်ဟာ အင်မတန်မှ အကျိုး ဖြစ်တယ်လို့ မှတ်ရမယ်။
အနာတပိဏ် သူဌေးကြီးက ကျောင်းဆောက် လှူတဲ့အခါမှာ နောက်ဘဝရောက်သွားတဲ့အထိ သူက ဘာပြောတုန်းဆိုတော့ ပီတိ သဉ္ဇနနံ မမ ပီတိ အဖြစ်ဆုံး နေရာပဲတဲ့။
အခု ကျောင်းဒကာ၊ ကျောင်း အစ်မတွေလည်း ဒီဟာကို ပီတိဖြစ်နေရမယ်။ ဘာပြုလို့ တုန်းဆို ကိုယ်လှူတာ ဘုရားကိုပူဇော်တာ၊ တရားကို ပူဇော်တာ၊ သံဃာကို ပူဇော်တာ၊ ဘုရား တရား သံဃာ ကို ပူဇော်ခြင်းဖြင့် သာသနာတော်မြတ်ကြီးကိုလည်း အရှည်တည်တံ့ဖို့အတွက် အထောက်အကူတွေ အများကြီး ဖြစ်သွားတယ်။
စိတ်ထဲမှာ ဒီလို ဝမ်းသာ စရာကြီး ဖြစ်တာပေါ့။
အဲတော့ ဒီအလုပ်တွေအားလုံးဟာ အတ္တာ ဟိ အတ္တနော နာထော ကိုယ့်အား ကိုယ်ကိုးရာ ဖြစ်တယ် နော်။
ဘယ်သူ့ဆီကမှ မျှော်လင့်တာမဟုတ်ဘူး။
ဒီ ကုသိုလ်ကောင်းမှုဟာ ကိုယ်လုပ်လို့ရတဲ့ ကုသိုလ် ကောင်းမှု၊ ဘယ်သူကမှ ရော့အင့်လို့ လာပေးတဲ့ ကုသိုလ်ကောင်းမှု မဟုတ်ဘူး။
သာသနာတော်နဲ့ ပတ်သက်ပြီးတော့ ကိုယ်ကိုယ်တိုင် လုပ်ကိုင်တဲ့အတွက် ရလာတဲ့ ကုသိုလ်ကောင်းမှုတဲ့။
အဲဒီ ကုသိုလ်ကောင်းမှု ကို အားကိုးတာသည်ပင်လျှင် အတ္တာ ဟိ အတ္တနော နာထော ကိုယ့်ကိုယ်ကို အားကိုးရာလို့ပြောတာ။
နောက်အဓိပ္ပာယ်တစ်ခု ဖွင့်မယ်ဆိုရင် ကိုယ့်ကိုယ်ကို အားကိုးတယ်ဆိုတာ ဘာကိုအားကိုးတာလဲဆိုတော့ ကိုယ်ကျင့်သုံးတဲ့တရားကို အားကိုးတာ၊ ဒီလိုဆိုတာ နော်။ ကိုယ်ကျင့်သုံးတဲ့တရား။
လောကမှာ သေချာစဉ်းစားကြည့်၊ လူတွေဟာ ပစ္စည်းဥစ္စာလဲရှာကြတယ်၊
တရားဓမ္မလဲ ရှာကြသလို ကုသိုလ်ကောင်းမှုလဲ လုပ်ကြတယ်။ အဲဒီထဲမယ်ပစ္စည်းဥစ္စာရှာတဲ့သူက ပိုများတယ်၊ တရားရှာတဲ့သူက နည်းတယ်။
အတိုင်းအတာတစ်ခုစီ တွက်ချက်ပြီးတော့ ကြည့်၊ ရှာထားတဲ့ ပစ္စည်းဥစ္စာဟာ နှစ်ပေါင်း ဘယ်လောက်ကြာအောင် သုံးနိုင်လဲ၊ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်။ လူ့ရဲ့သက်တမ်းဟာ ဒီကနေ့ခေတ် နှစ်(၁ဝဝ)လောက်နဲ့ပဲ ပြောပါဦး၊
ကိုယ်ရှာထားတဲ့ ပစ္စည်းဟာ နှစ်(၁ဝဝ) မသုံးရဘူး၊ ဘဝတစ်ခု အဆုံး သတ်သွားတာနဲ့ တစ်ပြိုင်နက် ဒါတွေအကုန် ထားပစ် ခဲ့ရတယ်။
အဲတော့ အခုလို ဘဝတစ်ခု အဆုံးမသတ်ခင် လည်း ကိုယ့်လက်ကနေ လွတ်သွားနိုင်တယ်၊ ဆုံးရှုံး သွားနိုင်တယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက ဟောတာ၊ လောက ပစ္စည်းတွေဆိုတာ ပဟာယဂမနီယ ထားပြီးသွားရတဲ့ ပစ္စည်းတွေချည်းပဲ၊ ယူသွားလို့ရတာ တစ်ခုမှ မရှိဘူး။
အဲတော့ ကိုယ်ရှာသမျှ ပစ္စည်းဥစ္စာတွေဟာ ထားသွားရ မယ်။
ဒါဖြင့် ယူသွားလို့ရတဲ့နည်း ရှိလားဆိုတော့ ဒီပစ္စည်းတွေကို အသုံးပြုပြီး လှူလိုက်တန်းလိုက်တဲ့ကုသိုလ်ကောင်းမှုကြောင့် ယူသွားလို့ရတယ်၊ ဒါကို ပြောတာ။
အဲတော့ ယူသွားလို့ မရတဲ့ပစ္စည်းနဲ့ ယူသွား လို့ ရတဲ့ပစ္စည်း လဲလိုက်တာပဲပေါ့။ ထို လဲလိုက်ခြင်း သည် ကိုယ့်ဟာကိုယ် အားကိုးခြင်းပဲတဲ့။ ကိုယ့်ဟာ ကိုယ် ကြိုးစားအားထုတ်ခြင်းပဲ၊ ဒီလိုဆိုလိုတာ။
🙏 ပါချုပ်ဆရာတော်ဘုရားကြီး ဟောကြားအပ်သော.. မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီနေထိုင်ခြင်း ... တရားတော်မှ
#တရားဓမ္မအသိတိုးပွားကြပါစေ
#သိသည့်အားလျော်စွာကျင့်နိုင်ပါစေ
#ကျင့်နိုင်သည့်အားလျော်စွာမဂ်ဖိုလ်နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေရသွားပါစေ
#ဤဓမ္မဒါနကုသိုလ်အားလည်းအမျှပေးဝေပါ၏
No comments:
Post a Comment