စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 26, 2024

အပြောလွယ်လျှက် အကျင့်ခက်

ကိုယ့်ကိုယ်ကိုသင်
   ကိုယ်သာမြင်
   ကိုယ်လျှင် အသိဆုံး ။

    ကိုယ့်ကိုယ်တိုင်က
    ကိုယ့်ဆုံးမ
    သိရအမြတ်ဆုံး ။

- အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ.

- အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ.

သူတစ်ပါးအပြစ်ကို မြင်လွယ်သလောက်
မိမိရဲ့အပြစ်ကြ မြင်ဖို့ခက်

သူတစ်ပါးကို ဆုံးဖို့လွယ်သလောက်
မိမိကိုယ်ကိုကြ မလွယ်..

#အပြောလွယ်လျက်_အကျင့်ခက်

#မကျင့်ဘဲနေရင်လည်း_အနေခက်ပြီး_အသေခက်မည်။

#အနေမခက်_အသေမခက်ဖို့_ယ္ခုပင်လျှင်ကျင့်လိုက်ပါ။

သတ္တဝါအများ မြတ်တရား လေးစားကျင့်သုံးနိုင်ပါစေ.....။

#ဓမ္မဒါနကူးယူမျှဝေပူဇော်ပါသည်🙏

ဝင်လေထွက်လေရှုမှတ်ခြင်းရဲ့အကျိုးကျေးဇူ့

#ဝင်လေ_ထွက်လေလေးကို_ရှုမှတ်နေရင်း
ဒိဋ္ဌိသုံးမျိုးလုံး ကွာနေတယ်။
ဒိဋ္ဌိကို အထူးခွာနေစရာ မလိုတော့ပါဘူး။

ဒိဋ္ဌိခွာပြီး ရှုနေတဲ့ ဝိပဿနာဟာ
အားကြီးတဲ့ ဝိပဿနာ ဖြစ်ပြီး
နိဗ္ဗာန်ထိ ပို့ဆောင်ပါတယ်။

ဝင်လေ, ထွက်လေ ရှုရင်း ဒိဋ္ဌိ ဘယ်လို ခွာသလဲ၊
ဘယ်လို ကွာနေသလဲ မေးခဲ့သည် ရှိသော် 

ဝင်လာတဲ့ လေကလေးသည်
နှာသီးဖျားကို တိုးထိပြီး ပျက်သွားပါတယ်။

ပြန်ထွက်သွားတဲ့ လေကလေးလည်း
နှာသီးဖျားကို တိုးထိပြီး ပျက်သွားပါတယ်။

ထိုကဲ့သို့ အပျက်ကို မြင်တိုင်း, မြင်တိုင်း
ရုပ်နာမ်တွေကို 
ခိုင်တယ်, မြဲတယ် လို့ ယူထားတဲ့ 
#သဿတဒိဋ္ဌိစင်ပါတယ်။

ဝင်လေ, ထွက်လေနဲ့ ဖြစ်နေတဲ့ 
နှာခေါင်းက ရုပ် ...
သိနေတဲ့ စိတ်ကလေးက နာမ် ...

ရုပ်နာမ် ပဲလို့ သိရင်၊
ရုပ်နာမ် အပေါ်မှာ ငါ, သူတစ်ပါး,
ယောက်ျား, မိန်းမ 
ပုဂ္ဂိုလ်, သတ္တဝါ လို့ ယူထားတဲ့ 
#သက္ကာယဒိဋ္ဌိစင်ပါတယ်။

ဝင်လေလေးဟာ 
ဝင်လာပြီးနောက် ပျက်သွားပေမဲ့
ထွက်လေကလေးက 
အစားထိုးပြီး ဖြစ်လာတာကို သိရင်
#အပြတ်ယူတဲ့_ဥစ္ဆဒေဒိဋ္ဌိစင်ပါတယ်။

ရုပ်နာမ်တွေဟာ 
တစ်ခု ဖြစ်လိုက်, တစ်ခု ပျက်လိုက်  
တစ်ခု အစားထိုးလိုက်နဲ့
ဓမ္မအစဉ်တွေ တန်းနေတာပါလား ...
ရုပ်နာမ် အကြောင်းအကျိုးတွေ 
အစဉ် တန်းနေတာပါလား လို့
အကြောင်းအကျိုးအပေါ်ဉာဏ်နဲ့ရှင်းပြန်တော့
#ဝီစိကိစ္ဆာစင်ပါတယ်။

ဒါကြောင့် ဝင်လေ, ထွက်လေ ရှုမှတ်ခြင်းရဲ့
အကျိုးကျေးဇူးက များလှပါတယ်။

တရားထိုင်တဲ့ အခါ
ဘာရှုရမှန်း မသိဘူး လို့ မငြီးပါနဲ့။

အမေ မွေးကတည်းက သေတဲ့အထိ
မိမိနဲ့အတူ ရှိနေတဲ့ 
ဝင်လေ, ထွက်လေ လေးကိုသာ  
သတိကပ်၍ ရှုမှတ်နေပါ။

သွား, ရပ်, ထိုင်, လျောင်း ...
အရိယာပုဒ်တိုင်းမှာ ရှုမှတ်လို့ ရပါတယ်။

ကျန်တာတွေ မရှုရတော့ဘူးလား လို့ မေးရင်
#မိမိခန္ဓာမှာ_ဘာပေါ်ပေါ်_ရှု့လို့ ရပါတယ်။

အဖြစ်ကိုမြင်တိုင်းမြင်တိုင်း ဥစ္ဆေဒိဋ္ဌိစင်ပြီး

အပျက်ကိုမြင်တိုင်း သဿတဒိဋ္ဌိစင်ပါတယ်။

ဘာမှ မပေါ်ရင် ဝင်လေ, ထွက်လေ လေးပဲ မှတ်နေပါ။

မိမိခန္ဓာကိုယ်ပေါ်က ပြလာရင် 
ပြတဲ့ နေရာလေးကို
ဉာဏ်ကလေးနဲ့ ကြည့်လိုက်ပါ။

#ရှေ့ကပေါ်လာတာက_အရှု့ခံ
#နောက်ကသိပေးလိုက်တာက_ရှု့တဲ့ဉာဏ်ပါ။

#နောက်ကအရှု့ဉာဏ်လေးနဲ့_သိပေးလိုက်တိုင်း
ရှေ့ကပေါ်နေတဲ့ရုပ်နာမ်ကပျက်သွားပါတယ်။
   
{ ကျေးဇူးတော်ရှင် 
မိုးကုတ်ဆရာတော်ဘုရားကြီး }

စာ၊ ပုံတော် လေးစားစွာ ခရက်ဒစ်ပါ ဘုရား 🙏

စိတ်ဆိုတဲ့ ဥယျာဉ်

" စိတ်ဆိုတဲ့ ဥယျာဉ် "

 စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ် ... မကောင်းတဲ့မျိုးစေ့တွေ ကျလာရင် မကောင်းတဲ့အပင်ပေါက်မယ်... ကောင်းတဲ့မျိုးစေ့တွေ ကျလာရင် ကောင်းတဲ့အပင်တွေ ပေါက်မယ်...ဒါကြောင့် နေ့စဉ် ဘယ်လိုမျိုးစေ့တွေ ရောက်နေသလဲ ဆိုတာကို သတိထားဖို့လိုတယ်။

 ဥာဏ်နဲတဲ့သူဟာ ရုပ်ပိုင်းကို ဦးစားပေးတယ် ၊ ဥာဏ်ပညာ ရင့်ကျက်တဲ့သူဟာ စိတ်ပိုင်းကို ဦးစားပေးတယ်။

 အာရုံတွေ ဂုဏ်ပကာသနတွေ အမျိုးမျိုး လှည့်စား ဖမ်းစားထားတယ်... အဲဒီအာရုံတွေ ဂုဏ်ပကာသနတွေရဲ့ လှည့်စားမှုထဲမှာ ထောင်ကျနေတဲ့ သူတွေဟာ လှပတဲ့ ထောင်ထဲမှာ နေရတာကို ပျော်နေကြတယ်။

 ကိုယ့်စိတ်ထား မြင့်လာမှ ကိုယ့်ဘ၀ဟာလဲ တကယ်မြင့်လာမယ်။

 ကျွန်စိတ်မရှိတဲ့သူကို ကျွန်လိုနေရာမှာ တာရှည်ထားလို့ မရပါဘူး။

 ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း သိနေရင် လုပ်သင့်တာကိုပဲ လုပ်ချင်မှာပဲ...အဲဒီအခါမှာ အောင်မြင်တဲ့သူ ဖြစ်လာမယ်။

 ဘာပဲဖြစ်ချင် ဖြစ်ချင် ကိုယ်ဖြစ်ချင်တာနဲ့ တန်တဲ့စိတ်ထားကို အရင်မွေးပါ။

အရာရာတိုင်းဟာ စိတ်ကနေ စ,ပါတယ်... စိတ်ထဲမှာ အသက်၀င်နေတဲ့ အရာဟာ မကြာခင်မှာ အကောင်အထည်ပေါလာမယ် ... စိတ်ထဲမှာ အသက်မ၀င်သေးရင် အကောင်အထည်မပေါ်နိုင်ဘူး...ဒါကြောင့် ကိုယ်လိုချင်တဲ့အရာဟာ ကိုယ့်စိတ်ထဲမှာ အသက်၀င်နေရမယ်...အသက်၀င်တဲ့ စိတ်ကူးကို စိတ်ကူးနိုင်တဲ့သူတွေသာ မဖြစ်နိုင်ဘူးလို့ ထင်ကြတာကို ဖြစ်အောင်လုပ်နိုင်ကြတယ်။

 နဲနဲ့ပေးပြီး များများရချင်တဲ့ စိတ်ဓါတ်မျိုးဟာ ဘ၀ကို ဖျတ်ဆီးမယ့်စိတ်ဓါတ်မျိုးဖြစ်တယ် ... လောကကို ဖျတ်ဆီးမယ့် စိတ်ဓါတ်မျိုး ဖြစ်တယ်။

 ကိုယ့်ရဲ့စိတ်ထဲမှာ အမှန်ကို သိတဲ့သူရှိတယ် ... သူက အမြဲတမ်းမှန်ကန်တဲ့ စီရင်ချက်ကို ချတယ်။

 သူတစ်ပါးကို မကောင်းကြံတဲ့သူဟာ သူ့စိတ်ဟာလဲ မအေးချမ်းဘူး ... စိတ်ထားမကောင်းရင် စိတ်အေးချမ်းမှု မရနိုင်ဘူး။

 သိပြီးတော့ မလုပ်ရင် မသိသေးလို့ပဲ။
နဲနဲသိ နဲနဲလုပ်ပါ ... များများသိ များများလုပ်ပါ ...အသိအမြင် လေးနက်မှန်ကန်ပြီးတော့ မိမိဘ၀ကို အဓိပ်ပါယျရှိရှိ နေနိုင်သူများဖြစ်ကြပါစေ ... မိမိအကျိုး၊ သူတစ်ပါးအကျိုးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေ။

 မိမိကိုယ်မိမိ ချစ်ပါ ... မိမိကိုယ်မိမိမချစ်လို့ရှိရင် သူတစ်ပါးကို ချစ်ဖို့ရာလဲ မတက်နိုင်ပါဘူး။

 ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး .... အသိဥာဏ်နဲ့ပဲဆိုင်တယ် ... သတိနဲ့ သိလေလေ လူကြီးဆန်လေလေ ၊ ရင့်ကျက်လေလေ မျှတလေလေဖြစ်လာမှာပါ။

 မမှားဘူးတဲ့ လူရယ်လို့ မရှိပါဘူး ... အမှားကင်းဖို့ ဆိုတာလဲ သိပ်တော့ မလွယ်လှဘူး... အမှားနည်းဖို့ပဲ ကြိုးစားရမှာ ... တစ်ခုကိုပဲ ထပ်ခါထပ်ခါ မမှားဖို့ အေ၇းကွီးတာပေါ့နောျ။

 အချစ်ခံရဖို့ ဆိုတဲ့ စိတ်နဲ့ တစ်ခုခုကို လုပ်နေတဲ့သူတွေဟာ စိတ်ပျက်ရတယ်ဆိုတဲ့ နေရာမှာ လမ်းဆုံးတာ များပါတယ်။

 တကယ့်မေတ္တာစစ်ဆိုတာ ကိုယ့်အတွက်ဘာအကောင်းဆုံးလဲဆိုတာ တွေးတာမဟုတ်ဘူး ... သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကိုပဲ တွေးပြီး အဲဒါကိုပဲ လိုလိုလာလားလုပ်ပေးတာပါ။

(ဆရာတော် ဦးဇောတိက မဟာမြိုင်တောရ - 
တွေးမိတိုင်းပျော်တယ်စာအုပ်နှင့် သွဝါဒအခြို့ကို 
ကောက်နုတ်ပါသည်)

Credit/-

Saturday, November 23, 2024

လောကဓံတရားတစ်ခုနဲ့ ကြုံရတဲ့အခါ

လောကဓံတရားတစ်ခုနဲ့ ကြုံရတဲ့အခါ
*****************************
လောကဓံတရားတစ်ခုနဲ့ ကြုံရတဲ့အခါ 
(လူတစ်ယောက်က ကိုယ့်ကို တင်စီးပြီး 
ပြောသွားတယ်။အနိုင်ကျင့်ပြီး ပြောသွားတယ်။
ဒါလည်း လောကဓံတရားတစ်ခု။) 
စိတ်ထဲမှာ စိတ်ဆင်းရဲသွားတယ်။ 
အဲဒီလူကို စိတ်ဆိုးသွားတယ်၊ 
မုန်းသွားတယ်။
 
 အဲဒီအချိန်မှာပါ သတိ ရှိဖို့ လိုတယ်။
 ဒီသင်ခန်းစာထဲက ဒီအတွေ့အကြုံထဲကလည်း
အသိဉာဏ်ကို ထုတ်ယူရမယ်။

အဲဒီလို အသိဉာဏ်ကို ထုတ်ယူတဲ့အခါမှာ 
သူ ဘာမှားသလဲဆိုတာကိုနောက်မှ စဉ်းစားပါ။ 
သူဘာမှားသလဲ ဆိုတာ သိဖို့ လိုပါတယ်။ 
မလိုဘူးလို့ မဆိုလိုဘူးနော်။ 

သို့သော် ပထမ အရေးကြီးဆုံးက 
ငါဘာမှားသွားသလဲ ဆိုတာသိဖို့လိုပါတယ်။ 
ကိုယ့်ဘက်က ဘယ်လိုသဘောထားမျိုး ရှိနေသလဲ။ 
ဘာကြောင့် ငါစိတ်ဆင်းရဲ သွားရတာလဲ။ 
ငါ စိတ်ဆင်းရဲသွားရတဲ့ အကြောင်းရင်းဟာ 
ငါ့အတွင်း မှာ ရှိနေတယ်။ 
အဲဒါကို အရင်ဆုံး မြင်အောင် ကြည့်ရမယ်။ 
အဲသလို ကြည့်တာဟာ ကိုယ့်အတွက် အကျိုးများဆုံးပဲ။ 

နောက်မှ သူ့ဘက်က ဘာမှားသွားလဲဆိုတာ ကြည့်ပါ။ 
သူ့သဘောထား ဘယ်လိုရှိသလဲ။ ပြန်ကြည့်ပါ။ 
သူ့ကိုလည်းပဲ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့၊
လူတစ်ယောက် အနေနဲ့၊ မှတ်ပြီးတော့ မကြည့်ဘဲနဲ့ 
ခန္ဓာငါးပါးအစုအဝေးအဖြစ်နဲ့ ကြည့်ပြီးတော့ 
သူ့စိတ်ထဲမှာ ဘယ်လိုကိလေသာမျိုး ဖြစ်နေလို့ 
သူ ဒီစကားကို ပြောတာပဲ။ 
အဲဒီ သူ့စိတ်ထဲဖြစ်တဲ့ ကိလေသာ ကို မြင်အောင်
ကြည့်ပါနော်။ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ 
ကိလေသာကိုလည်း မြင်အောင်ကြည့်ရတယ်။ 
မာနကို ကြည့်ရတယ်နော်။ 
သူ့ဘက်ကလည်းပဲ တင်စီးချင်တဲ့သဘော၊
အနိုင်ကျင့်ချင်တဲ့သဘော ဖြစ်နေတဲ့ 
ကိလေသာသဘောကို မြင်အောင် ပြန်ကြည့်ရတယ်။ 
ဒိကိလေသာကြောင့် ၊ ဒီစိတ်ကြောင့် သူ့ ဒီလိုပြောလိုက်တာ။

နောက်ပြီးတော့ သူ အဲဒီလို လုပ်လိုက်တော့ 
သူ့မှာရော မထိခိုက်ဘူးလား။ ထိခိုက်တယ်။ 
ကိုယ့်ဘက်က သူ့ကို နောက်တစ်ခါမှာ ရင်းရင်းနှီးနှီး၊
ပွင့်ပွင့်လင်းလင်း ပြောဖို့ကို နည်းနည်း ဝန်လေးသွားတယ်။ 
သူ့ကိုရှောင်ချင်လာတယ်။ 
သူ့မှာ မိတ်ဆွေကောင်းလျော့သွားတယ်။ 

ဒါကြောင့် ဘုန်းကြီးကတော့ 
အဲဒီတပည့်ကို သတိပေးပါတယ်။
အဲဒီလူနဲ့ ပြန်ပြီးတော့ ပြေလည်အောင် ကြိုးစားပါ။
အချိန်တော့ ကြာချင်ကြာမယ်နော်။ 
လူတစ်ယောက်နဲ့ မပြေမလည် ဖြစ်လိုက်တိုင်း၊
ဖြစ်လိုက်တိုင်း ကိုယ့်လောကကြီးက 
နည်းနည်းကျဉ်းသွားတယ်။ 
လူတစ်ယောက်ကို ကိုယ့်ဘဝထဲကနေ 
ထုတ်ပယ်လိုက်တိုင်း၊ထုတ်ပယ်လိုက်တိုင်း 
ကိုယ့်လောကဟာ ကျဉ်းသွားတယ်။ 
အဲဒီလို ထုတ်ပယ်ရတာတွေ များလာလို့ရှိရင် 
ကိုယ့်ဘဝဟာ ကြာလေကျဉ်းလေ ဖြစ်သွားလိမ့်မယ်။

တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုဆိုတာ 
ဖြစ်ရိုးထုံးစံပါ။ မိဘနဲ့သားသမီးတောင် ဖြစ်သေးတာပဲ။ 
တစိမ်းနဲ့ဆိုတာ ပြောဖွယ်ရာ မရှိတော့ဘူး။ 
အဆင်မပြေမှု ဖြစ်ခဲ့ပေမဲ့လည်း ဒီအထဲက 
သင်ခန်းစာကို ယူပြီးတော့ သဘောထားကြီးကြီးနဲ့ 
ပြန်ပြီးတော့ပြေလည်အောင် ဆက်ဆံပါ။
This is not too difficult and when we have 
learnt to experience pain without hurt 
we have gained something in the art of living.

အဲဒီလို လောကဓံတရားနဲ့ ကြုံရတဲ့အခါမှာ စိတ်ဆင်းရဲမှု 
ကြီးကြီးမားမား မဖြစ်အောင် နေတတ်သွားပြီးဆိုရင် 
ဘဝမှာ နေနည်း အတတ်ပညာကို 
နည်းနည်းတော့ တတ်သွားပြီ။

-ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ

Thursday, November 21, 2024

အပေါ်စီးကကြည့်ပါ

#အပေါ်စီးကကြည့်ပါ
_______🌷🌿🌷______

လူ့စိတ်ဟာ တစ်ယောက်ယောက်ကို မကျေနပ်တဲ့အခါ စိတ်လိုက်မာန်ပါ တုံ့ပြန်တတ်တယ်။ တချို့ဆိုရင် "ပါးကိုက်ရင် နားကိုက်မယ်" ဆိုပြီး တဘက်သားကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်လိုက်တယ်။

ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သည့်အတွက် အစပိုင်းမှာတော့ " ငါ့အကြောင်း သိပြီမဟုတ်လား" ဆိုတဲ့ပုံစံမျိုးနှင့် စိတ်ထဲမှာ ကျေနပ်သလို ခံစားရတယ်။ တချို့က " ကိုယ့်တစ်ချက် ရိုက်ရင် နှစ်ချက် ပြန်ရိုက်ရမှ ကျေနပ်တယ်" တဲ့။ တုန့်ပြန်လိုက်ရမှ နေသာထိုင်သာ ရှိသွားတယ်လို့ ဆိုလိုတယ်။

ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ တုန့်ပြန်ခြင်းရဲ့ အကျိုးဆက်က ချိုမြိန်မှု မရှိပါဘူး။ ဘာကြောင့်လဲ၊ နောင်တချိန် ရောက်ရင် " သူများကို ဘာကြောင့် ငါ ဒုက္ခပေးမိပါလိမ့်၊ ငါတော့ မှားပြီ" ဆိုပြီး နောင်တ ရတတ်တယ်။ နောင်တ ရမှတော့ ဘယ်လိုလုပ် စိတ်ချမ်းသာတော့မှာလဲ။

နောင်တဆိုတာ အကုသိုလ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်မှ ပြင်းပြင်းထန်ထန် လက်တုံ့မပြန်မိစေနဲ့။ အတတ်နိုင်ဆုံး သည်းခံနိုင်အောင် ကြိုးစားရမယ်။ 

သည်းခံမှ ချိုမြိန်တယ်
------------------

တခါတရံ အခြေအနေအရ ကြိတ်မှိတ်ပြီး သည်းခံလိုက်ရတာ ရှိတယ်။ ကြိတ်မှိတ်ပြီး သည်းခံလိုက်တဲ့အတွက် စိတ်ထဲမှာ အခံရ ခက်သလို ဖြစ်သွားတယ်။ " ငါ အရှုံးပေးသလိုများ ဖြစ်နေပြီလား" ဆိုပြီး အတွေးဝင်တတ်တယ်။ ဒါ မှန်ကန်တဲ့ အတွေး မဟုတ်ဘူး။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် သည်းခံနိုင်အောင် ကြိုးစားရမယ်။ သည်းခံလိုက်သည့်အတွက် ရလာတဲ့ အကျိုးဆက်က အလွန် ချိုမြိန်ပါတယ်။ ဘာကြောင့်လဲ၊ သည်းခံလိုက်သည့်အတွက် ကိုယ့်စိတ်ထဲ ဘာနောင်တမှ ရစရာ အကြောင်း မရှိဘူး။ နောင်တ မရမှလည်း ဘဝက ငြိမ်းချမ်းမှာ မဟုတ်လား။

အရေးကြီးတာက ဘယ်လောက်ပဲ စိတ်ဆိုးဆိုး ဒေါသ မထွက်စေနဲ့။ ဒေါသမထွက်ရင် ကာယကံလွန်ကျူးမှု ဝစီကံလွန်ကျူးမှုလည်း မဖြစ်တော့ဘူး။ ဒါကြောင့် စိတ်ထဲမှာ ဘယ်လောက်ပဲ ခံစားရ ခံစားရ ဒေါသကို မျိုသိပ်နိုင်အောင် ကြိုးစားပါ။ ဒါဆိုရင် သည်းခံနိုင်သွားတယ်။

ကရုဏာရှိရင် ရင့်ကျက်တယ်
-------------------------

သည်းခံတယ်ဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတပါ။ တချို့လူတွေဟာ ထစ်ကနဲဆိုရင် ပေါက်ကွဲတော့တာပဲ။ အဲဒါ ဘာကြောင့်လဲ၊ စိတ်ထားနုလို့ပါ။ ကလေးများလိုပေါ့။ ကလေးတွေဟာ စိတ်တိုင်းမကျရင် ငိုတာပဲ မဟုတ်လား။ 

တချို့လူတွေကျတော့ သူများ အပြစ်ပြောလို့လည်း မတုန်လှုပ်ဘူး။ သူများ မောက်မာလို့လည်း အပြစ် မမြင်ဘူး။ ကိုယ့်ကို အမြင်စောင်းနေသော်လည်း အပြုံးမပျက် ဆက်ဆံနိုင်တယ်။ ဘာကြောင့်လဲဆိုရင် စိတ်ထားရင့်ကျက်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ထားရင့်ကျက်အောင် ကြိုးစားရမယ်။ 

စိတ်ကျမ်းမာရေးဆေးရုံမှာဆိုရင် ဆရာဝန်တွေကို တချို့အရူးတွေက ဆဲကြတယ်။ ဒါပေမဲ့ ဆရာဝန်တွေက အပြုံးမပျက်ဘူး။ ဘာကြောင့်လဲ၊ အရူးတွေကို သနားစရာလို့ မြင်နေလို့ပါ။ ဒါကြောင့် ဘယ်လောက်ဆိုးတဲ့လူတွေနှင့် တွေ့တွေ့ " သနားစရာလေးပဲ" လို့ နှလုံးသွင်းရမယ်။ အပေါ်စီးက ကြည့်လိုက်လျှင် ဘယ်သူမဆို သနားစရာပဲ ဖြစ်ပါတယ်။  

ဘယ်သူဖြစ်ဖြစ် မဟုတ်တာလုပ်ရင် မဟုတ်တာပြောရင် တနေ့ ဒုက္ခရောက်မှာပဲ။ ဒါကြောင့် မဟုတ်တာလုပ်တဲ့သူတွေ မဟုတ်တာ ပြောတဲ့သူတွေ မြင်ရရင် " အော် သူ့ခမျာ ဘာမှ မသိရှာပါလား၊ ဒီပုံစံတိုင်းဆိုရင်တော့ ဒုက္ခရောက်တော့မှာပဲ" လို့ နှလုံးသွင်းလိုက်ပါ။ ဒါဆိုရင် ကရုဏာ ဖြစ်သွားတယ်။ ကရုဏာဖြစ်ရင် စိတ်နေစိတ်ထားဟာ ရင့်ကျက်သွားတယ်။ စိတ်ထားရင့်ကျက်လေ သည်းခံနိုင်လေ၊ သည်းခံနိုင်လေ ဘဝကလည်း ငြိမ်းချမ်းလေပဲ ဖြစ်ပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ 
အေးငြိမ်းချမ်းသာ ရှိပါစေ"
___________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

အကုသိုလ်ပိုး

အကုသိုလ်ကို ဖယ်လို့ စိတ်က
ချမ်းသာသွားတာ။
စိတ်ဆင်းရဲတယ်ဆိုတာ
အကြောင်းမဲ့ဆင်းရဲတာ မဟုတ်ဘူး။
စိတ်ထဲမှာ ဆင်းရဲစေတဲ့အရာ
ဝင်နေလို့၊ ပိုးကောင်လို ထိုးနေတာ
အထဲထဲမှာ။ မီးလို ကြိတ်ပြီးတော့
လောင်နေတယ် အထဲထဲမှာ၊ ဟုတ်လား။

အဲဒီအရာကို မဖယ်ဘဲနဲ့ 
ရောဂါကို မဖယ်ဘဲနဲ့ ရောဂါလက္ခဏာကို
ဖယ်လို့မရဘူး။ အတွင်းထဲမှာ
ရောဂါပိုးကြောင့်ပဲဖြစ်စေ
(ဒါမှမဟုတ်)တစ်ခုတစ်ခု
ဖောက်ပြန်မူကြောင့်ဖြစ်စေ
ရုပ်ဖောက်ပြန်ရင် ခံစားရတဲ့
ဝေဒနာရှိနေတယ်။
ဒီရုပ်ဖောက်ပြန်မူကို ပြေငြိမ်းအောင် အဆင်ပြေအောင် မလုပ်ဘဲနဲ့ ဝေဒနာမပျောက်ဘူးနော်၊ ဒါစဥ်းစားကြည့်။
ရောဂါပိုးကို ရှင်းအောင်မလုပ်ဘဲနဲ့
ရောဂါပိုးကြောင့် ဖြစ်နေတဲ့
ခံခက်မူ ရောဂါဝေဒနာ, လက္ခဏာတွေ ဘယ်နည်းနဲ့မှ ဖယ်ရှားလို့ မရဘူး။

အဲ့လိုပဲ အကုသိုလ်ဆိုတဲ့
ရောဂါပိုးကို မဖယ်ဘဲနဲ့
ပူလောင်ခြင်း, ပင်ပန်းခြင်းဆိုတဲ့
ရောဂါလက္ခဏာတွေဟာ
ဖယ်ရှားသွားမှာ မဟုတ်ဘူး။

သစ္စာရွှေစည်ဆရာတော်

ကောင်းသောစိတ်ဖြင့် ငြိမ်းအေးပါစေ။

စိတ်ကို တုန်လှုပ်မှုနည်းအောင် လေ့ကျင့်ထားပါ

စိတ်ကို တုန်လှုပ်မှုနည်းအောင် လေ့ကျင့်ထားပါ 
************************************

လောကဓံတရား ရှစ်ပါးရှိတယ် 
အားလုံး သိကြတယ်လို့ ထင်ပါတယ်။

ပစ္စည်းဥစ္စာတွေ များများရတာနဲ့ နည်းနည်းလေး ရတာ။ အဖော်ရှိတာ မရှိတာ။ တချို့ အဖော်တယောက်မှ မရှိတဲ့သူတောင် ကြားဖူးတယ်။ အင်မတန် ရှားလိမ့်မယ် ထင်ပါတယ်။ ချီးမွှမ်းတာ ကဲ့ရဲ့တာ။ဆင်းရဲ ချမ်းသာ ။လောကဓံ အကောင်းလေးမျိုး အဆိုးလေးမျိုး ရှိတယ်။ 

ဒီလို အကောင်းနဲ့ တွေ့တဲ့အခါမှာလည်း မတုန်လှုပ်ဖို့ အင်မတန် အရေးကြီးတယ်။ အကောင်းနဲ့ တွေ့ရင်တော့ ပျော်တာပဲ။ မပျော်ရဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ တချို့က အကောင်းနဲ့တွေ့ပြီး အပျော်လွန်ပြီးတော့ မလုပ်သင့်တာတွေ လုပ်မိတာ ရှိတယ်။ သဘောထားတွေ မှားတာတွေရှိတယ်။ ဒုက္ခရောက်တယ်။ 

တချိန်တုန်းက အမြင့်ကြီး ရောက်ပြီးမှ ပြုတ်ကျတဲ့သူတွေ ဘယ်နှစ်ယောက် ကြားဖူးသလဲ။ အများကြီးပဲနော်။ ဘာလို့ ပြုတ်ကျသလဲ ဆိုတော့ အမြင့်ကြီး တက်သွားတဲ့ အချိန်မှာ သဘောထား မှားသွားတယ်။ မလုပ်သင့်တာတွေ လုပ်တယ်။ပြုတ်ကျတော့တာပဲ။ 

အဲဒီတော့ အကောင်းနဲ့ တွေ့ကြုံရတဲ့ အခါမှာ သတိရှိဖို့ ဥာဏ်ရှိဖို့ အရေးကြီးတယ်။ အဆိုးမကြုံရပဲနဲ့လည်း မနေဘူး နော်။ အဆိုးနဲ့ ကြုံရမှာပဲလို့ ကြိုတင်သိပြီးတော့ ရင့်ကျက်တဲ့ စိတ်ထား ရင့်ကျက်တဲ့ အသိဥာဏ်နဲ့ မှန်မှန်ကန်ကန် မြင်ပြီးတော့ စိတ်ကို တုန်လှုပ်မှု 

နည်းအောင် ဘယ်လိုထားရမလဲ ဆိုတာ နည်းလမ်းရှာပြီးတော့ အမြဲတမ်း လေ့ကျင့်နေရမယ်နော်။ သတိပဋ္ဌာန်ဆိုတာ အဲဒါ လုပ်တာပဲ။ 

မဟာသတိပဋ္ဌာနသုတိ နိဒါန်း အပိုင်းမှာ
" ဧကာယနော အယံ ဘိက္ခဝေ မဂ္ခေါ သတ္တာနံ ဝိသုဒ္ဓိယာ " သတ္တဝါတွေရဲ့ စိတ်ထား အသိဥာဏ် စင်ကြယ်ဖို့ အတွက် ဒီလမ်းဟာ 

တလမ်းတည်းသော လမ်းပဲ တဲ့ နော်။ " သောက ပရိဒေဝါနံ သမတိက္ကမာယ " တဲ့။ "သောက ပရိဒေဝတွေ လွန်မြောက်ဖို့ တလမ်းတည်းပဲ " တဲ့။ ဒီ နည်းလမ်းက ဒီဒုက္ခတွေ လွန်မြောက်ဖို့ ဘုရားက ပေးထားတဲ့ နည်းလမ်းပဲ။

အဲဒီတော့ ကိုယ့်ဘဝမှာ 
ဒုက္ခ အခက်အခဲ ဆိုတာကတော့ ဧကန်မုချ ကြုံနေရတယ်။ နောက်လည်း ကြုံရအုံးမှာပဲ။ ကြိုတင်ပြင်ဆင်ထားမှသာ အမြော်အမြင်

 ရှိရာ ရောက်တယ်။ ကြိုတင် ပြင်ဆင် မထားပဲနဲ့ အဆင်ပြေတုန်းမှာ မေ့မေ့လျော့လျော့နဲ့ မူးမူးရူးရူး နေကြပြီးတော့ တကယ် ဒုက္ခကြုံတဲ့ အခါကျတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲဒီ အခါကျမှ ဟိုလူ ကယ်ပါ။ ဒီလူ ကယ်ပါ။ နောက်ဆုံး ဘယ်သူမှ မကယ်နိုင်တဲ့ အခြေအနေမျိုးက ရောက်မှာပဲ။
ဘယ်သူမှ မကယ်နိုင်တဲ့ ဒုက္ခတွေ ရှိပါတယ်။ 
ကိုယ်ကို အင်မတန် ချစ်ပါတယ် ဆိုတဲ့ မိဘတောင် ဘာမှ မတတ်နိုင် တာတွေ ရှိပါတယ်။ အဲဒီအချိန်မှာကိုယ့်အသိဥာဏ်ကပဲ ကိုယ့်ကို ကယ်နိုင်မယ်။ 

ဆရာတော် ဦးဇောတိက ( မဟာမြိုင် တောရ )

 အလှတရားမှ အမှန်တရားသို့ စာအုပ်

တကယ့်အဖော်

တကယ့်အဖော်
🌷🌷🌿🌷🌷
လူတွေဟာ အဖော်ကို အများကြီးရှာတယ်လို့ ပြောခဲ့တယ်နော်...၊
ကိုယ့်စိတ်ကို ကိုယ်သိပြီး နေနိုင်တဲ့သူဟာ ပြင်ပ အဖော်ကိုရှာဖို့ မလိုတော့ဘူး...။

ကိုယ့်စိတ်ထဲမှာပဲ သတိ၊သမာဓိ၊ ပညာတွေနဲ့ ဖြစ်နေတဲ့သူဟာ အဲဒါလေးကို သိပြီးတော့ အဖော်လုပ်ပြီးတော့ နေလို့ရတယ်။

ပြင်ပ အဖော်ဆိုတာဟာ ကိုယ်နဲ့ အတူတူအမြဲတမ်းမပါနိုင်ဘူး၊ အပေါ်ယံအဖော်ပဲ ဖြစ်မယ်..ခဏအဖော်ပဲဖြစ်မယ်..။

တကယ့်တကယ် ဒုက္ခနဲ့တွေ့တဲ့အခါ အခက်အခဲနဲ့တွေ့တဲ့အခါမှာ အဲဒီပြင်ပ အဖော်က ကိုယ့်ကို ဘာမှ ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘူး။ နည်းနည်းပါးပါးတော့ ပေးနိုင်မှာပေါ့။

မိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊ ဆွေမျိုးတွေက ကိုယ်ဒုက္ခရောက်တဲ့အခါမှာ သူတို့ တတ်နိုင်သလောက်တော့ အကူအညီပေးမယ်ပေါ့..။

ဒါပေမယ့် စိတ်ထဲမှာ ခံစားနေရတာကို ပျောက်သွားအောင်တော့ သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး၊ ပိုက်ဆံပေးချင်ပေးမယ်၊ နေမကောင်းတဲ့အခါ ဆေးဝါးပေးမယ် စားစရာ သောက်စရာပေးမယ် ။

မိသားစုဆိုလည်း နှိပ်ပေးမယ်..တခုခုပေါ့ ၊ သက်သာအောင်လုပ်ပေးမယ်၊ ဒါလောက်ပဲ သူတို့တတ်နိုင်တယ် ။

တကယ့် ကိုယ့်စိတ်ထဲမှာ ခံစားနေရတာကိုတော့ ဘယ်သူမှ ကူပြီးတော့ မျှပြီးတော့ အဖော်အဖြစ် မခံစားပေးနိုင်ဘူး ။

အဆိုးဆုံး အခြေအနေကို ပြောရမယ်ဆိုရင် သေခါနီးအချိန် ရောက်ပီဆိုပါတော့...။

ပါးစပ်ကလည်း ဘာမှ မပြောနိုင်တော့ဘူး၊ မျက်စိကလည်း ကောင်းကောင်း မမြင်ရတော့ဘူး မှုန်ဝါးလာပြီ၊ နားကလည်း ကောင်းကောင်း မကြားရတော့ဘူး၊ ခန္ဓာကိုယ် ထိတွေ့မှုလည်း ကောင်းကောင်းမသိတော့ဘူး၊ စိတ်ကတော့ သိနေသေးတယ် ။

အဲဒီအချိန်မှာ စိတ္တာနုပဿနာ 
အားထုတ်ပြီး နေလို့ရတယ် ။ ကိုယ့်စိတ်လေး ကိုယ်သိပြီး နေလို့ရတယ်၊ နောက်ဆုံးအချိန်မှာ အဖော်ဆိုတာ မရှိပါဘူး ... ။

နောက်ဆုံးအချိန်မှာ ကိုယ့်စိတ်ကိုယ် သိနေကျ လူဆိုရင်တော့ အဲဒီအသိနဲ့ ကိုယ့်ရဲ့ဘာ၀နာလေးက ကိုယ့်ရဲ့ တကယ့် အဖော်ဖြစ်လိမ့်မယ်နော် ... ။

တကယ်တော့ ဘ၀သံသရာခရီးကို တစ်ကိုယ်တည်း သွားနေရတာပါ၊ အဖော်မရှိပါဘူး ... ။

ခဏတာဆုံမိကြတာပါ၊ ဒီဘ၀မှာ ခဏတာ ဆုံပြီးတော့ ပြီးရင် လမ်းခွဲပြီး ကိုယ့်ခရီး ကိုယ် ဆက်သွားကြရဦးမှာပါပဲ။

သံသရာတလျှောက်လုံး လိုက်ပြီး အဖော်လုပ်ပေးမယ် သူဆိုတာ တကယ်မရှိပါဘူး။

ဆရာတော်ဦးဇောတိက(မဟာမြိုင် တောရ)
လေးစားပါတယ် ဘ၀တန်ဖိုး ,အထီးကျန်ဘ၀မှလွတ်မြောက်ခြင်း စာအုပ်မှ)

Crd

Wednesday, November 20, 2024

စိတ်တည်ငြိမ်မှုရှိမှ

စိတ်တည်ငြိမ်သောသူသည် 
ဟုတ်တိုင်းမှန်စွာ သိ၏။ 

အသိအမြင်ရှင်းဖို့ဆိုတာ 
စိတ်တည်ငြိမ်မှ စိတ်ချမ်းသာမှ ရမယ်။

စိတ်မတည်ငြိမ်တဲ့သူ စိတ်ဆင်းရဲနေတဲ့ 
လူဟာ အသိအမြင်မရှင်းဘူး။

အဲဒါကြောင့် ဘုန်းကြီးတို့ ဘုရားဟောတဲ့ တရားထဲမှာလည်း တွေ့လိမ့်မယ်နော်။

"သမာဟိတော ယထာဘူတံ ပဇာနာတိ" တဲ့။ အဲသလို ပါဠိတော်မှာရှိတယ်။

"သမာဟိတော" ဆိုတာ သမာဓိရှိတဲ့
ပုဂ္ဂိုလ်လို့ အဓိပ္ပာယ်ပေါက်တယ်။

တစ်နည်းအားဖြင့် စိတ်တည်ငြိမ် အေးချမ်းတဲ့
ပုဂ္ဂိုလ်လို့ အဓိပ္ပာယ်ပေါက်တယ်။ စိတ်က တည်ငြိမ်မှ အေးချမ်းတာပဲ။

တည်ငြိမ်တာနဲ့ အေးချမ်းတာနဲ့က 
တွဲနေတယ်။

အဲဒီတော့ မတည်ငြိမ်ရင် မအေးချမ်းဘူး။ တည်ငြိမ်တဲ့ပုဂ္ဂိုလ်ဟာ အေးချမ်းလည်း အေးချမ်းတယ်။

"သမာဟိတော" 
စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ်ဟာ

"ယထာဘူတံ" 
ဟုတ်တိုင်းမှန်စွာ

"ပဇာနာတိ" သိ၏တဲ့။

တည်ငြိမ်မှု အေးချမ်းမှုရှိမှ အမှန်ကိုသိနိုင်တယ်တဲ့။

အဲဒါကိုလည်း ဘုန်းကြီး ခပ်ငယ်ငယ်က စာဖတ်ရင်းနဲ့ အယူအဆတစ်ခုအနေနဲ့ လက်ခံတယ်။ ဟုတ်တယ်။

စိတ်အေးချမ်းရင်တော့ အသိဥာဏ် ပိုပြီးထက်မြက်တယ်။

အဲဒီလိုလက်ခံပြီးတော့ ဘုန်းကြီးကလည်း ငယ်ငယ်က ဥာဏ်သိပ်ကောင်းချင်တော့ စိတ်တည်ငြိမ် အေးချမ်းအောင် နည်းမျိုးစုံနဲ့ စမ်းကြည့်တယ်။

တရားအားထုတ်ကြည့်တဲ့အခါကျတော့ စိတ်တည်ငြိမ် အေးချမ်းလာတဲ့အခါမှာ ဥာဏ်ပိုကောင်းလာတာကိုတွေ့ရတယ်။

တရားနဲ့ပတ်သက်တဲ့ ဥာဏ်ကတော့ 
အစပိုင်းမှာ သိပ်သိသိသာသာ
ကောင်းတယ်လို့ မပြောနိုင်သေးပါဘူး။

ဒါပေမယ့် အနိမ့်ဆုံးအဆင့်ကို ပြောမယ်နော်။

အနိမ့်ဆုံးအဆင့်ကတော့ ကျောင်းစာကို တော်တော်လွယ်လွယ်ကူကူနဲ့ နားလည် သဘောပေါက်တယ်။ မှတ်မိတယ်။

ပြန်စဉ်းစားလို့ ရတယ်။ မသင်ပဲနဲ့လည်း ကိုယ့်ဟာကိုယ် ဖတ်ရင်း စဉ်းစားရင်း သဘောပေါက်တယ်။

ဒီလိုစိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင် လုပ်တာဟာ ပညာရေးပိုင်းမှာ အင်မတန် အထောက်အကူရတယ်။

စာတစ်ခုကို သာမန်အားဖြင့် ဆယ်ခေါက် လောက် ဖတ်နေ ကျက်နေမှ မှတ်မိမဲ့ 
အခြေအနေမျိုးမှာ 

စိတ်တည်ငြိမ် အေးချမ်းလာတဲ့အခါ သုံးခါလောက်ဖတ်ရုံနဲ့ မှတ်မိတယ်။ သဘောပေါက်တယ်။

အကြောင်းအကျိုး ဆက်စပ်ပြီးတော့လည်း စဉ်းစားနိုင်တယ်။ တွေးခေါ်နိုင်တယ်။

ဆယ်ခါနဲ့သုံးခါဆို ဘယ်လောက် 
ကွာသွားပြီလဲ။ တော်တော်ကွာသွားပြီနော်။

အဲဒီတော့ ဘယ်လိုသဘောပေါက်
လာသလဲ ဆိုတော့ 

စိတ်တည်ငြိမ်အေးချမ်းရင် ဘာအလုပ်ပဲ 
လုပ်လုပ် အချိန်ကုန် သက်သာတယ်။ လူပင်ပန်းလည်း သက်သာတယ်။

မြန်မြန်ဆန်ဆန် အေးအေးဆေးဆေး ပြီးတယ်။ အမှားအယွင်း အင်မတန်နည်းတယ်။

ပြီးတော့ စာတစ်ခုကို သေသေချာချာကျက် ထားပြီးရင် အနည်းဆုံး သုံးလေးလလောက် တော့ မမေ့တော့ဘူး။

တစ်ချို့စာတွေဆိုရင် နှစ်ပေါင်းများစွာလည်း မမေ့ဘူး။ အထူးသဖြင့် ဆက်စပ်ပြီးတော့ စဉ်းစားလို့ရတယ်။ ထိုးထွင်းပြီးတော့ မြင်တယ်။

စိတ်တည်ငြိမ်အေးချမ်းတဲ့လူဟာ မှတ်ဥာဏ်လည်း ပိုကောင်းလာတယ်။

တည်ငြိမ်မှု အေးချမ်းမှုနဲ့ မှတ်ဥာဏ်ကလည်း ဆက်စပ်မှုရှိတယ်လို့ စိတ်ပညာရှုထောင့်ကနေ စဉ်းစားကြည့်တယ်။

မတည်ငြိမ် မအေးချမ်းတဲ့လူဟာ 
မေ့လွယ်တယ်။

တစ်ခုခုကို အခုပြောလိုက် 
အခုမေ့သွားလိုက် ဖြစ်သွားမှာပဲ။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

Credit to original 🙏🙏🙏

Tuesday, November 19, 2024

အတ္တရဲ့သဘော

ထူးဆန်းတာက လိုချင်တာများများရလေ၊ ပိုပြီးမပြည့်စုံလေ အတ္တစိတ်ဟာ နေရာယူလွန်းသွားရင်
တခြားဟာတွေကို တန်ဖိုးချတဲ့စိတ် ဖြစ်လာတယ်။

အတ္တက သူ့မှာ ဘယ်တော့မှ ပြည့်စုံတယ်လို့မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကို ရှာတယ်။ 
ငွေကို အားကိုးတယ်။ ဂုဏ်ကို အားကိုးတယ်။ ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။ 
ဒါကြောင့် ပြည့်စုံပြီးလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့် မပြည့်စုံတာ။ လိုချင်တာ ။ တကယ်အသုံးလိုလို့ လိုချင်တာမဟုတ်ဘူး။ 
အတ္တရဲ့ သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှ မရှိဘူး။ 
သူ့မှာ အမြဲတမ်းလိုနေတယ်။ အတ္တ ရဲ့ သဘာဝဟာ အမြဲတမ်း ချို့တဲ့နေပါတယ်။ 

သူ သိန်းတရာ ရလည်း မပြည့်စုံဘူး။သိန်း တထောင်ရလည်း မပြည့်စုံဘူး။ ဒေါ်လာ တသန်း ဒေါ်လာ သန်းတထောင်ရလည်း မပြည့်စုံဘူး။ ဒါ ပိုက်ဆံ ဘက်က ကြည့်တာနော်။

လူဘက်ကနေ ကြည့်ရင် တယောက်နဲ့ မပြည့်စုံဘူး။ နှစ်ယောက်နဲ့လည်း မပြည့်စုံဘူး။ အိမ်တလုံးလောက်နဲ့ မလုံလောက်ဘူး။ နှစ်လုံးနဲ့လည်း မလုံလောက်သေးဘူး။

ကားတစီး မလုံလောက်သေးဘူး။ နှစ်စီး လုံလောက်သေးဘူး။ အတ္တဟာ လောဘနဲ့ တွဲနေတတ်တယ်။ 
အတ္တစိတ်က လိုချင်တာရရင် ပြည့်စုံသွားမယ်၊အားရှိမယ်လို့ ထင်နေတာ - နော်။ အားရှိချင်လို့လိုချင်တာ။ 

သုံးချင်လို့ လိုချင်တာ မဟုတ်ဘူး။ ရိုးရိုးလောဘက သုံးချင်တာ။အတ္တက မသုံးချင်ဘူး။ အားရှိချင်တာ။ 
ထူးဆန်းတာက လိုချင်တာများများရလေ ပိုပြီး မပြည့်စုံလေ ဖြစ်လာတယ်။ (ဘာဖြစ်လို့လဲ ) နည်းနည်း ရှိတုန်းက ရောင့်ရဲမှု ရှိတယ်။
များများရှိလာတော့ မရောင့်ရဲနိုင်တော့ဘူး။ ဆင်းရဲမှာ ပိုကြောက်တယ်။

   အတ္တဟာ တကိုယ်ကောင်းဆန်တဲ့ သဘောဖြစ်လို့ သူ့အလို ပြည့်ဖို့ တခုကိုပဲ သူစဉ်းစားတယ်။ 
သူ့ အလိုပြည့်ဖို့ သူတပါးကို ဖျက်ဆီးလိုက်ရတာကို ဝန်မလေးဘူး။ 

ဥပမာ - ဒီပန်းကလေးကို ကြိုက်တယ်ဆိုပြီး ဆွဲနုတ်သွားပြီး လက်ထဲမှာ ကိုင်ထားပြီးတော့ တော်တော်ကြာတော့ တော်ပါပြီး ငြီးငွေ့သွားပြီးတော့ လွှတ်ပစ်လိုက်မယ်။ 
 အတ္တဟာ ငြီးငွေ့သွားတယ်။ 
မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တခုခုကို တန်ဖိုးထားတယ်ဆိုတာ ခဏပဲ။ သူ ချစ်တယ်ဆိုတာ အမှန်တော့ သူ့ကိုယ်ကျိုးအတွက်ပဲ။ 
ဒီပန်းကလေးကို ဆွဲနုတ်ပြီးတော့ လက်ထဲမှာကိုင်ထားပြီးတော့ ကြာရင် သူလွှတ်ပစ်မှာပဲနော်။ 
နှုတ်လိုက်တဲ့ ပန်းကလေးဟာ ဘယ်လောက်ကြာကြာလလန်းဆန်းနေမလဲ။

နွမ်းသွားရင် သူ သိမ်းထားအုံးမှာလား။
မသိမ်းထားဘူး။ သူ လွှတ်ပစ်မှာပဲ။ အတ္တစိတ်က သူ့အလို ခဏပြည့်ဖို့ကိုပဲ အလေးထားတယ်။ 
တဖက်သား ပျက်စီးသွားတာကို ဂရုမစိုက်ဘူး။
အတ္တဟာ ဖျက်ဆီးချင်တဲ့ သဘောရှိတယ်။ 
သူ့ရပ်တည်ရာမြဲဖို့ သူတပါးကို နေရာဖယ်ချင်တယ်။ 
အတ္တမရှိရင် ဘယ်သူ့ကိုမှ မဖျက်ဆီးချင်ဘူး။
အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့ တန်ဖိုးထားတယ်။ 
ပိုပြီး သနားတတ်တယ်။ ပိုပြီး ချစ်တတ်တယ်။ ပိုပြီး လေးစားတတ်တယ်။ 

ဆရာတော်ဦးဇောတိက( မဟာမြိုင် တောရ )

 အလှတရားမှ_အမှန်တရားသို့စာအုပ်မှ
Credit.

မတွေးသင့်တဲ့အတွေးများ

မတွေးသင့်တဲ့_အတွေးတွေ_မတွေးပါနဲ့... 
    
 အသက်ရှည်ချင်တယ်။ 
    ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားတယ်။
    တန်အောင်နေချင်တယ်။
    တန်အောင် လုပ်ချင်တယ်။ 
    ကိုယ့်ကိုယ်ကို ကိုယ်ချစ်တာကိုး။

ဒါကြောင့် မသင့်တော်တာကို မလုပ်ချင်ဘူး။
    မသင့်တော်တဲ့အတွေးတောင် မတွေးချင်ဘူး။
    မသင့်တော်တဲ့အတွေး တွေးရင်တောင် ပင်ပန်းလွန်းလို့။ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာ၊ စိတ်တိုစရာ မတွေးချင်ဘူး။
 တွေးနေရင်းကို သိနေတာ၊ ပင်ပန်းလိုက်တဲ့ အတွေးတွေ။ တခါတလေ နည်းနည်းချမ်းနေတဲ့ အချိန်မှာတောင်မှ မတွေးသင့်တဲ့ စိတ်ညစ်စရာတခုခု၊ သောကဖြစ်စရာတခုခု တွေးလိုက်ရင် ချွေးတောင်ထွက်လာတယ်။ သောကဖြစ်စရာတွေးရင် ချမ်းနေတဲ့ကြားထဲက ချွေးတောင်ပြန်လာတယ်။
အတွေးက ခန္ဓာကိုယ်ကို ဘယ်လောက်ထိအောင် လောင်ကျွမ်းသွားစေသလဲဆိုတာ ကြည့်နော်။ ဒီခန္ဓာကိုယ်ရဲ့အားတွေကို ဘယ်လောက်ထိအောင်သုံးပစ်သလဲဆိုတာ သိလို့ရတယ်။
 အဲဒီတော့ အတွေးတွေကို သတိထားပြီးကြည့်တယ်။ မတွေးသင့်တဲ့အတွေးတွေကို ဆက်မတွေးတော့ဘူး။ အဲဒါ ကိုယ့်ကိုကိုယ်ချစ်လို့ပဲနော်။ ကိုယ့်ကိုယ်ကို ကိုယ်အဲသလိုချစ်တော့ ကိုယ်နဲ့တွေ့ရတဲ့သူတွေလည်း စိတ်ချမ်းသာမှကောင်းမယ်လို့ တွေးမိတယ်။
စိတ်ချမ်းသာနေတဲ့ သူတွေနဲ့ဆက်ဆံရတာ ကိုယ့်အတွက် ပိုပြီးအဆင်ပြေတယ်။ ဒါကြောင့် သူတပါးကို ဘယ်လိုသဘောထားချင်လဲဆိုတော့ 
 သူတပါးကိုလည်း အဲဒီလို စိတ်ချမ်းချမ်းသာသာ နေစေချင်တယ်၊
ကျန်းမာရေးထိခိုက်မည့်ကိစ္စ မလုပ်ပါနဲ့။
    ဂုဏ်သိက္ခာထိခိုက်မည့်ကိစ္စ မလုပ်ပါနဲ့။
    ဒါမှ ကိုယ့်ကိုယ်ကို ကိုယ်ချစ်ရာရောက်မှာ။
    မတွေးသင့်တဲ့ အတွေးတွေ မတွေးပါနဲ့။
    မတွေးသင့်တာကိုတွေးရင် စိတ်ဆင်းရဲလာတယ်။ ပင်ပန်းပါတယ်။ ဘာမှအကျိုး မရှိဘူး။
 ကောင်းတဲ့အတွေး တွေးပါ။ စိတ်ကိုအားတက်စေမည့်အတွေးမျိုး အကောင်းမြင်အတွေးမျိုးကို များများတွေးပါ။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
       
Credit.

Monday, November 18, 2024

ငါပါနေသမျှ

ငါ...တရားအားထုတ်တယ်
ငါ...တရားထိုင်တယ်
ငါပဲ...ကြိုးစားနေတယ်
ငါ...သတိကောင်းနေတယ်
ငါ...သမာဓိကောင်းနေတယ်
ငါ...အသိဉာဏ်လေးတွေတိုးလာနေတယ်
အဲဒီလို
ငါ ... ဆိုတာလေး ပါနေတယ်နော်။

____________________________

🙏ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)🙏
"နေ့စဥ်ကြုံတွေနေကျ အခက်အခဲများကို ဝိပဿနာ
  ရှုမှတ်ခြင်းဖြင့် ကျော်လွှားခြင်းတရားတော်" ..... မှ 

Sunday, November 17, 2024

ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်

( ၁ ) ဒီနေ့ဟာ အရေးကြီးဆုံးနေ့ပဲ။
        ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်းတန်ဖိုးရှိတဲ့နေ့ဖြစ်မယ်။နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘဝဟာ တန်ဖိုးရှိတဲ့ဘဝဖြစ်မယ်။
ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာလုပ်မယ်။ပညာရှာမယ်။
မိတ်ဆွေကောင်းရှာမယ်။စိတ်ချမ်းသာအောင်နေမယ်။မွေးနေ့မှာ Happy-Birthday လို့ပြောကြတယ်။ပျော်လည်းပျော်ကြတယ်။နေ့တိုင်း အဲ့ဒီလိုပျော်လို့ မဖြစ်ဘူးလား။မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။

( ၂ ) ဒီနေ့ဟာ ငါတကယ်နေရတဲ့ နေ့ပဲ။
ပျော်ရွှင်မှု ၊ စိတ်ချမ်းသာမှုဟာ အပြင်မှာမရှိဘူး။အတိတ်မှာမရှိဘူး။အနာဂတ်မှာလည်း မရှိဘူး။ယခု ပစ္စုပ္ပန်မှာပဲ ရှိတယ်။ငါ့ကိုငါ ကျေနပ်နေတယ်။ငါ့ဘဝကိုငါ ကျေနပ်နေတယ်။
ငါ့စိတ် ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။
ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

( ၃ ) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတယောက်ကို အကူအညီပေးမယ်။
လူ့ဘဝမှာ တဦးကိုတဦး အကူအညီပေးပြီး နေသွားမှ အားလုံးအဆင်ပြေမယ်။ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ဘယ်သူ့ဆီကမှလည်း အကူအညီအယူဘူးဆိုပြီး နေလို့မဖြစ်ဘူး။
( ၄ ) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။လူတွေကို အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ငါနဲ့တွေ့ရတဲ့လူတွေဟာ ငါ့လိုပဲ ဘဝကို ရုန်းကန်ပြီး နေသွားကြတယ်။
( ၅ ) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားမယ်။တယောက်ကိုတယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးထဲမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။
ဒါကြောင့် စိတ်ချမ်းသာမှု မပေးနိုင်ရင် ရှိပါစေတော့။စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားမယ်။

( ၆ ) ငါဟာ ငါ့ဘဝမှာ အရေးပါတဲ့သူဖြစ်တယ်။
ငါ့မိသားစု ငါ့အသိုင်းအဝိုင်းမှာလည်း အရေးပါတဲ့သူဖြစ်တယ်။
ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။
ဘာမှထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။
သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါပြောပြနိုင်တယ်။
တခါတလေ ကိုယ်တတ်နိုင်တဲ့ အကူအညီပေးနိုင်တယ်။
ဒါကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါဟာ အရေးပါတဲ့လူမဟုတ်ရင် ဘယ်သူက ငါ့ဘဝမှာ အရေးပါဆုံး ဖြစ်မလဲ။
ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုငါသဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ဘယ်လိုလုပ် စိတ်အားတတ်တော့မလဲ။

( ၇ ) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင်၊စိတ်ပါလက်ပါ၊ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။
မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။
အဲ့ဒီလို မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

( ၈ ) ဒီလောကကြီးထဲက လူတွေဟာ ငါခင်သလို ငါ့ကိုမခင်ကြဘူးလို့ အပြစ်မတင်ဘူး။
သူတို့မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

( ၉ ) ငါဟာ ငါ့ရဲ့အကောင်းဆုံး မိတ်ဆွေ ဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။
သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။
ငါ့စိတ်ကို ငါမထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။
ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင် နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။

( ၁၀ ) ဘယ်လို သဘောထားရင် စိတ်ချမ်းသာမယ်။
ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။
ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲလေ့လာရမယ်။
စိတ်ချမ်းသာတဲ့သူကို လေ့လာမယ်။အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။

( ၁၁ ) ကိုယ့်ဘဝ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။
လဲချင်နေရင် ဈိတျဆငျးရဲနမေယျ။ ငါ့ဘဝကို ငါကျေနပ်တယ်။
ဘယ်သူ့ဘဝနဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာမယ်။

( ၁၂ ) ကိုယ့်ကို သူများချီးမွှမ်းတဲ့အခါ နှစ်သက်ပါတယ်။
ဒါပေမယ့် အဲ့ဒါသိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ချီးမွှမ်းတာခံရဖို့ မလုပ်ဘူး။
ကိုယ်စိတ်ဝင်စားတာ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ချင်တာကို လုပ်မယ်။
ချီးမွှမ်းရင် ကျေနပ်ပါတယ်။ဒါပေမယ့် ငါလုပ်တာကို ချီးမွှမ်းမှာလား၊ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

( ၁၃ ) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။
ဒီအလုပ် လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ဒီအလုပ်ကိုချစ်လို့ လုပ်တယ်။

( ၁၄ ) အပ္ပမာနေန သမ္ပာဒေထ" လို့ ဘုရားနေ့တိုင်း ဟောကြားသတိပေးခဲ့တာကို မမေ့ဘူး။
တို့ဘုရား မှာကြားခဲ့တာကို နေ့တိုင်း အားထုတ်မယ်။
နေရာမရွေး အချိန်မရွေး သတိနဲ့နေမယ်။

( ၁၅ ) ကိုယ့်စိတ်မှာ ဖြစ်တဲ့ခံစားမှုနဲ့ပက်သက်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။
ငါ့စိတ်ကိုငါ စိတ်ချမ်းသာအောင် ထားနိုင်တယ်။
ငါ့စိတ်ချမ်းသာမှုကို သူများဖျက်ဆီးလို့ မရဘူး။
ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။
အဲ့ဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။
ငါ့စိတ်မှာဖြစ်တဲ့ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး။
အဲ့ဒီလို သဘောထားကို ပြတ်ပြတ်သားထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။
ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူတွေမှာရှိတဲ့ လက္ခဏာတွေဟာ ဘာတွေလဲ?
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ---
   သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။ အသိဥာဏ်တောက်ပြောင်တယ်။
ရွှင်လန်းတယ်။ ပင်ကိုဥာဏ်ရှိတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။
မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
စိတ်အားထက်သန်တယ်။ တတ်ကြွတယ်။ ခွင့်လွှတ်နိုင်တယ်။ ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။ ကြည်လန်းရွှင်ကြည်တယ်။
ကြင်နာတယ်။ ညှာတာတတ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်တယ်။
အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
စိတ်ရှည်တယ်။စောင့်ထိန်းနိုင်တယ်။ စိတ်ငြိမ်းချမ်းတယ်။ စိတ်စွမ်းအားကြီးတယ်။
အလုပ်များများလုပ်နိုင်တယ်။ ဥာဏ်ပညာရှိတယ်။
ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တယ်။အခက်အခဲကိုရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတယ်။

ဆရာတော် ဦးဇောတိက(မဟာမြိုင် တောရ)
Crd

Friday, November 15, 2024

ကိုယ့်စိတ်ချမ်းသာမှုကို_သူများလက်ထဲ_မထည့်နဲ့

ကိုယ့်စိတ်ချမ်းသာမှုကို_သူများလက်ထဲ_မထည့်နဲ့  

ကိုယ့်စိတ်ချမ်းသာမှုကို သူများလက်ထဲမှာ ထည့်ထားလိုက်တယ်။
ပြီးတော့ သူများက ကိုယ့်ကို စိတ်ချမ်းသာအောင် 
လုပ်ပေးမယ်လို့ မျှော်လင့်တယ်။ 
ကိုယ့်စိတ်မချမ်းသာတဲ့အခါ သူကငါ့ကိုစိတ်ဆင်းရဲအောင် လုပ်နေတယ်လို့ ပြောတယ်။
အမှန်က သူများက ကိုယ့်ကို လွှမ်းမိုးနိုင်အောင် ကိုယ်က သူ့ကို power ပေးလိုက်တာပဲ။
ကိုယ်ပေးထားလိုက်တဲ့ power ကို ပြန်ယူလိုက်ပါ။
ကိုယ့်ကို ဘယ်သူကမှ စိတ်ဆင်းရဲအောင် မလုပ်နိုင်တော့ရင် ဘယ်သူကမှ ကိုယ့်ကို အနိုင်ကျင့်လို့ မရတော့ဘူး။
အနိုင်ကျင့်တယ်ဆိုတာ များသောအားဖြင့် စိတ်ဆင်းရဲအောင် လုပ်တာပဲ။
ဘယ်သူ ဘာလုပ်လုပ် ကိုယ်က စိတ်မဆင်းရဲဘူးဆိုရင် နိုင်ချင်တဲ့သူက လက်လျှော့ရလိမ့်မယ်။

ကိုယ့်ကို ဘယ်သူမှ စိတ်ဆင်းရဲအောင် လုပ်လို့မရမှ
ကိုယ်က power ကြီးတဲ့သူ ဖြစ်သွားတာပဲ။
သူများကို နိုင်လို့ရတာကို power လို့ယူဆကြတယ်။ အဲဒါ စစ်မှန်တဲ့ power မဟုတ်ဘူး။
စစ်မှန်တဲ့ powerက ဘယ်သူမှ ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်လို့မရတာ။
သူ့ကို ငါတို့ စိတ်ဆင်းရဲအောင် လုပ်လို့မရဘူးလို့
သိသွားရင် ကိုယ့်ကို လွှမ်းမိုးဖို့ မကြိုးစားတော့ဘူး။
အဲဒါ သူ့အတွက်လည်း ကောင်းတယ်။ 
ကိုယ့်အတွက်လည်း ကောင်းတယ်။
သူကလည်း ကိုယ့်ကို လွှမ်းမိုးဖို့ မကြိုးစားဘူး။
ကိုယ်ကလည်း သူ့ကို လွှမ်းမိုးဖို့ မကြိုးစားဘူး။
နှစ်ဦးလုံး လွတ်လပ်တယ်။ စိတ်ချမ်းသာတယ်။
စိတ်ချမ်းသာချင်ရင် သူ့ကို လွတ်လပ်မှုပေးလိုက်ပါ။
မလွှမ်းမိုးပါနဲ့။ ကိုယ်လည်း သူလွှမ်းမိုးတာ မခံရအောင်နေပါ။ အဲဒါဟာ လွတ်လပ်တဲ့သူရဲ့ ဘဝနေနည်းပဲ။

 ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)

'' စိတ်ချမ်းသာဖို့ လိုရင်းပါ ''

အကဲခတ်ချင်ရင် စကားပြောကြည့်

အကဲခတ်ချင်ရင် စကားပြောကြည့်
🌷🌷🌷🌷🌿🌹🌿🌷🌷🌷🌷

ကိုယ်ပြောတဲ့စကားဟာ ကိုယ်ဘယ်လိုလူလဲ ဆိုတာကို ဖော်ပြတယ်။ 
လူတယောက်ကို အကဲခတ်ချင်ရင် သူနဲ့စကားပြောကြည့်။သူ့ပါးစပ်က ထွက်လာတဲ့ စကားကို နားထောင်ကြည့်ရုံနဲ့ သူဘယ်လိုလူလဲဆိုတာ သိနိုင်တယ်။
ဒီလူတယောက်ရဲ့ ပညာဉာဏ်အရည်အချင်းနဲ့
ထိတွေ့ခံစားမှု ဘယ်လောက်ရှိသလဲ၊အသံနေ ၊အသံထားကိုလည်း အကဲခတ်ကြည့်ရင် သိနိုင်တယ်။ စကားလုံးအသုံးအနှုန်းဝေါဟာရကို ကြည့်ရုံနဲ့လည်း သိနိုင်တယ်။
တချို့လူတွေဆိုရင် Interview တွေမှာ အဲဒါကိုအကဲခတ်တယ်။ စကားပြောရင်း မေးခွန်းတွေ မေးသွားတယ်။ 
ဘယ်လိုစကားအသုံးအနှုန်းမျိုး သုံးသလဲဆိုတာ
ကြည့်ပြီးတော့ ဒီလူ ပညာအရည်အချင်း နဲ့ 
စိတ်ဓာတ် ဘယ်လောက်ကောင်းသလဲဆိုတာကို အကဲခတ်တယ်။
ဘုန်းကြီးလည်း လူကဲခတ်တာ အင်မတန် ဝါသနာပါတယ်။ 
လူတွေကို စကားပြောတဲ့အခါမှာ သေသေချာချာ 
စဉ်းစားပြီး ပြောတယ်။ သူတို့ ပြောတာကို သေချာနားထောင်၊သေချာအကဲခတ်တယ်။ 
သေချာအကဲခတ်လို့ အမေရိကမှာ တချို့လူတွေ 
ဘုန်းကြီးဆီ မလာတော့ဘူး။ ထွက်ပြေးသွားတယ်။ 
ငါတို့အကြောင်းကို သိကုန်တော့မယ်ဆိုပြီးလာကို မလာတော့ဘူး။ 
ကိုယ့်အကြောင်းသိသွားမှာ သိပ်ကြောက်တယ်။ 
ဘုန်းကြီးက စေတနာနဲ့ အကဲခတ်တာပါနော်။
တပည့်လေးတယောက်ရှိတယ်။ သူ ငယ်ငယ်တုန်းကပေါ့။ သူ့ကို စကားပြောရင် ဘုန်းကြီးက သူ့စိတ်ထဲမှာ ဘာဖြစ်နေလဲ၊ဘာတွေးနေလဲ၊ကွယ်ရာမှာ သူတခုခု လုပ်ထားရင် ဘယ်လိုလုပ်တာ ဖြစ်ရမယ်၊ဘယ်လိုပြောတာ ဖြစ်ရမယ်လို့ ဘုန်းကြီးက တခါတလေ
ပြောပြတာပေါ့။ တခါတလေ တိုက်ဆိုင်မှုက အံသြစရာ ကောင်းလောက်အောင် တိုက်ဆိုင်တယ်။
စကားလုံးအတိအကျ၊ ဝါကျအတိအကျထိ 
တိုက်ဆိုင်သွားတာရှိတယ်။ အဲဒီလိုဖြစ်နေတော့
အဲဒီကလေးက ဘယ်လိုပြောလဲ ဆိုတော့အဲလောက်ကြီး သိနေတော့ မကောင်းဘူးလို့ ထင်တယ်တဲ့။
ကိုယ်ကို သူများက အကဲခတ်နေတယ်နော်။ 
လူဆိုတာ တယောက်နဲ့ တယောက်တွေ့တာနဲ့ အမြဲတမ်း အကဲခတ်နေကြတယ်။
လူကဲခတ် တတ်သည်ဖြစ်စေ၊မတတ်သည်ဖြစ်စေ 
တယောက်နဲ့ တယောက်တွေ့ရင် အကဲတော့ ခတ်နေတာပဲ။ 
သူ့စိတ်ထား ဘယ်လိုရှိလဲ၊ 
သူ့အသိဉာဏ် ဘယ်လောက်ရှိလဲ ဆိုတာ။
အဲဒီတော့ သူ့စိတ်ထား နဲ့ အသိဉာဏ် ၊သူပြောပုံ ဆိုပုံပေါ် မူတည်ပြီးတော့ သူ့ကို ပြန်ဆက်ဆံတာပဲ။ 
သူက တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ 
ကောင်းတဲ့စကားကို ပြောမယ်၊အကျိုးရှိတဲ့စကားကိုပြောမယ်ဆိုရင် သူ့ကို ပိုပြီးတော့ လေးလေးစားစားဆက်ဆံမယ်။
ကိုယ့်ကို လူတွေဘယ်လို ဆက်ဆံသလဲဆိုတာက 
ကိုယ့် အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ရဲ့ နေပုံ ထိုင်ပုံ၊ပြောပုံ ဆိုပုံ၊အမူအယာ စိတ်ထား အဲဒီအပေါ်မှာ အများကြီးမူတည်ပါတယ်။ ။

-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ

ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်

"အောင်မြင်တယ်"ဆိုတာ
သူများထက်သာသွားတာကို
မဆိုလိုဘူး။

ပြိုင်ပွဲမှာ ပထမရတာ၊
အိမ်ကြီးအိမ်ကောင်းနဲ့နေနိုင်တာ၊
ရာထူးအမြင့်ဆုံးရောက်တာ၊
ဘွဲ့ထူးကြီးကြီး ရထားတာ၊
ဂုဏ်ပြုတာတွေ ခံရတာတွေဟာ
အောင်မြင်မှုအစစ်မဟုတ်ဘူး။

ကိုယ့်ဘဝမှာ 
ကိုယ်တကယ်လုပ်ချင်တဲ့အလုပ်၊
မြင့်မြတ်တဲ့အလုပ်၊
ကိုယ့်ဝါသနာစရိုက်ပါရမီနဲ့ ကိုက်ညီတဲ့အလုပ်၊
ကိုယ့်ရဲ့မြင့်မြတ်တဲ့ လူ့သဘာဝမှာ
နက်နက်ရှိုင်းရှိုင်း အခြေခံပြီး
ဖြစ်ပေါ်လာတဲ့ဆန္ဒကို
အကောင်အထည်ဖော်ရတဲ့
အလုပ်ကိုလုပ်တဲ့သူဟာ
အောင်မြင်တဲ့သူဖြစ်တယ်။

ဘယ်သူမှမသိကြလည်း
အောင်မြင်တဲ့သူပဲ။

အောင်မြင်မှုဆိုတာ
မှန်ကန်တဲ့သဘောထားပါ။

(ဆရာတော်ဦးဇောတိက)

🙏🙏🙏🙏🙏🙏🙏🙏🙏

(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်
တရားတော်မှ ကောက်နုတ်ပူဇော်
ဓမ္မဒါနပြုပါ၏။)

Khin Ayesan

သဘောထားမှန်ဖို့

ကိုယ့်စိတ်ကို အများဆုံးစိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ 
ကိုယ့်စိတ်ပါ၊ ကိုယ့်အတွေးပါ၊ကိုယ့်သဘောထား မှားနေလို့ပါ။

အတိတ်၊အနာဂတ်နဲ့ ပတ်သက်ပြီးတော့ 
အဆိုးတွေးတာနဲ့ အဆိုးတွေးနေပါလားလို့ 
သိလိုက်ပြီးတော့ ပစ္စုပ္ပန်မှာလုပ်သင့်တာလေးတွေကို လုပ်နေရင်း သိနေတဲ့အကျင့်ကိုလုပ်ပါ။

သတိဟာ စိတ်အတွက် အိမ်ပဲ။
သတိနဲ့ မနေတဲ့လူရဲ့စိတ်မှာ အိမ်မရှိဘူး။

နိုးနိုးချင်း ပထမဦးဆုံးဖြစ်လိုက်ရတဲ့စိတ်ဟာ 
သိနေတဲ့စိတ် ဖြစ်ပါစေ။

သတိမရှိခြင်း၊ ဉာဏ်မရှိခြင်းဟာ အကြီးမားဆုံးရန်သူ။

ဘယ်လိုအခြေအနေ ၊ဘယ်လိုအချိန်ခါမှာဖြစ်ဖြစ် 
သတိနဲ့ ကိုယ့်စိတ်ကိုကြည့်ပြီးတော့ သိပြီးတော့ နေကြမယ်ဆိုရင်ဘဝရဲ့အရည်အသွေးဟာ အတိုင်းအဆမရှိ မြင့်မားလာနိုင်တယ်။

ကိုယ့်ဟာကိုယ် တရားအားထုတ်ပြီးနေရင်
ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေဖြစ်နေတယ်။

 ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )

" တစိမ့်စိမ့်တွေးမယ် " " သိစရာတွေးစရာ" ... မှ

Crd 

ရဖို့ မျှော်လင့်တာကို လျှော့ပါ

ရဖို့ မျှော်လင့်တာကို လျှော့ပါ
 🌿🌿🌿🌿🌹🌿🌿🌿🌿

ငါကံဆိုးတယ်လို့ တွေးရင် 
ဝမ်းနည်းမယ်။ 

ငါ့ကို ဂရုမစိုက်ကြဘူးလို့တွေးရင် 
စိတ်ဆိုးမယ်။ ဝမ်းနည်းမယ်။ 

ငါ့ကို မပေးဘူးလို့ တွေးရင်လည်း 
ဝမ်းနည်းမယ်။ နာကြည်းမယ်။ 

ဒီခံစားချက်တွေ ဒီလိုဝမ်းနည်းတာတွေ
စိတ်ဆိုးတာတွေ နာကြည်းတာတွေကို
သေသေချာချာကြည့်ရင် 

ကိုယ့်အကြောင်းကို ကိုယ်တွေးတာ
များလို့ ဖြစ်ရတာကို တွေ့ရမယ်။ 

ပြီးတော့ သူများဆီက မျှော်လင့်တာ
များလို့ ဖြစ်ရတာ တွေ့ရမယ်။ 

ကိုယ်က လိုချင်တာနဲ့ 
ကိုယ်ရတာနဲ့ ကွာနေလို့ 

ကိုယ်ရတာ နည်းနေတယ်ထင်လို့ 
ဝမ်းနည်းတာ စိတ်ဆိုးတာ 
နာကြည်းတာပါ။ 

ငါရသင့်သလောက် မရဘူးလို့ 
ထင်နေလို့ မကျေနပ်တာ။

ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်ရင် 
မကျေမနပ်ဖြစ်စရာ မလိုတော့ဘူး။ 

စိတ်ချမ်းသာချင်ရင် သူများဆီက
ရဖို့မျှော်လင့်တာကို လျှော့ပါ။ 
ကိုယ်တတ်နိုင်တာကို လုပ်ပါ။

ဆရာတော် ဦးဇောတိက 
(မဟာမြိုင်တောရ)
  

စိတ်အေးချမ်းမှုရှိအောင်တည်ဆောက်ပါ

သေသည့်အထိ တသက်တာ စိတ်အေးအေး ချမ်းချမ်း နေသွားနိုင်မယ့် စီမံကိန်းကို ရေးဆွဲပါ ။ 

 ခဏအဆင်ပြေတဲ့နည်းဟာ အတိုးနဲ့ ပြန်ဆပ် ရတတ်တယ် ။ 
 " ကိုယ့်စိတ်ကို ကိုယ်တကယ်ညာလို့ မရနိုင်ပါဘူး ။ 
 စိတ်ထားမကောင်းရင် စိတ်ချမ်းသာမှု မရနိုင်ပါ ဘူး ။
  ဉာဏ်နည်း တဲ့သူဟာ ရုပ်ပိုင်းကို ဦးစားပေးတယ် ။ 
 ဉာဏ်ပညာ ရင့်ကျက်တဲ့သူဟာ စိတ်ပိုင်းကိုဦးစားပေးတယ် ။ 
ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်သိတဲ့သူတွေကို လေ့လာကြည့်ပါ ၊ 
  ဘယ်လိုလူမျိုးဟာ စိတ်အေးချမ်းနေသလဲ  

 ငွေ ၊ ဂုဏ် ၊ ရာထူး ၊ ပစ္စည်း ဥစ္စာ ၊ ကျော်ကြားမှု စတဲ့ပြင်ပတွေကို ဦးစားပေးတဲ့သူတွေ စိတ်ချမ်းသာမှု မရကြပါဘူး ။

    စိတ်ထားမကောင်းရင် စိတ်အေးချမ်းမှု မရနိုင်ဘူးဆိုတာ အင်မတန် သေချာတဲ့တရားပါ ။ လုံးဝ မလွဲပါဘူး ။
   ( စိတ္တေန နီယတိ လောကော )
လောကကို စိတ်ကဦးဆောင်တယ် " လို့ ဘုရား ဟောတာ ရာနှုန်းပြည့် မှန်ပါတယ် ။ 

  ဒါကြောင့် ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကိုယ်ဖြစ်ချင်တာနဲ့ တန်တဲ့စိတ်ထား ကို အရင်မွေးပါ ။

နေ့စဉ် ကိုယ့်စိတ်ကို လမ်းမှန်နေအောင် လမ်းတည့်မတ်ပေးနေရင် တဖြေးဖြေး အားမကိုးသင့်တာတွေကို အားမကိုးနေတော့ဘဲ အယူသည်းတာတွေ 
 ဗေဒင် ယတြာ ယုံတာတွေ ဖျောက်ပြီးတော့ ကိုယ်လုပ်နိုင်တာတွေကို သဘာဝကျကအကြောင်း အကျိုး ကိုက်အောင်တွေးပြီး အကြောင်းမှန်ကို လုပ်လို့ အကျိုးမှန်ကို ရလာလိမ့်မယ် ။ 

       ဒါကြောင့် 
စိတ်အေးချမ်းမှုလည်း ပိုရှိလာမယ် ။
ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးသ၍ စိတ်အေးချမ်းမှု မရှိနိုင်သေးဘူးဆိုတာကိုတော့ လေးလေးနက်နက် သဘောပေါက် မှ ဖြစ်မယ်နော် ။

    ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)

       Credit.

Friday, November 8, 2024

အဘိဏှသုတ်

အဘိဏှသုတ်
(နေ့စဉ်ဆင်ခြင်သင့်သောတရား)

ရဟန်းတို့ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သော အကြောင်းတို့သည် ဤငါးမျိုးတို့ ဖြစ်သည်။

၁။ (ငါသည်) အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။

၂။ နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျာဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

၃။ သေခြင်းသဘောရှိ၏၊ သေခြင်းသဘောကို မလွန်ဆန်နိုင်ချေ ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

၄။ ငါ၏ ချစ်မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း၊ သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည် ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျာဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ်
ဆင်ခြင်အပ်၏။

၅။ (ငါသည်) ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏ အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် ဆွေမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည် ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ 
မပြတ်ဆင်ခြင်အပ်၏။

Wednesday, November 6, 2024

သာသနာပြုတယ်ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုပါလည်း ဘုရား???

သာသနာပြုတယ်ဆိုတာ 
ဘယ်လိုမျိုးကို ဆိုလိုပါလည်း ဘုရား???
~~~~~~~~~~~~~~~~~~~~~~~~~

        သာသနာဆိုတာ ပါဠိလို ပြောတာလေ
မြန်မာလိုကြတော့ အဆုံးအမပေါ့
အဲတော့ ဘုရားအဆုံးအမကို 
ကိုယ်တိုင်ကျင့်နေတာ ဟာ သာသနာပြုနေတာ

# ပြု ဆိုတာ လိုက်နာတာကိုပြောတာ
ပြုကျင့်တာပေါ့ နော် မွနျမာစကားအဓိပ်ပါယျကို
Definition ဖွင့်လိုက်ရင် ရှင်းပါတယ်
သာသနာပြု စကားနှစ်လုံး
သာသနာဆိုတာ အဆုံးအမ
ပြု _ဆိုတာ ပြုကျင့်တာ

အဲတော့ ဘုရားအဆုံးအမကို 
ကိုယ်တိုင်ပြုကျင့်နေတာ 
အခု ဒကာ/ဒကာမတွေ 
သရဏံဂုဏ်ထိန်းပြီးတော့ ငါးပါးသီလတွေ 
ထိန်းနေကြတယ်
ဒါသာသနာ ပြုနေတာနော်
ပြီးရင် ကိုယ်သီလလုံသလို 
ကိုယ့်ရဲ့ မိတ်ဆွေတွေကို 
သီလလုံအောင် ပြောပြတယ်
ဆိုလိုတာက ကိုယ်တိုင်လည်း လိုက်နာတယ်
သာသနာပြုတယ် သူများကို လိုက်နာအောင်
ဟောပြတာ သာသနာပြုတာ
သာသနာပြုတယ်ဆိုတာ ဘုရားအဆုံးအမကို
ကိုယ်တိုင်လည်းကျင့် -
သူများလည်း ကျင့်အောင် လုပ်ပေးတာကို သာသနာပြုတယ်လို့ ခေါ်တယ် 
ဟုတ်တယ်နော် အဓိက အဲဒါပဲ

အဲတော့ ခေါင်းစဉ် တွေ တပ်ချင်တိုင်း 
တပ်ပေမယ့်လည်း တကယ့်သာသနာပြု
တာ မဖြစ်ပါဘူး

အဲဒါကြောင့် ဒီပုဂ္ဂိုလ်က တကယ်သာသနာပြုလား -
မပြုလား သိချင်ရင် ဘုရားအဆုံးအမကို
လိုက်နာလား -မလိုက်နာလား 
ဘုရား အဆုံးအမကို လိုက်နာနေရင် 
သာသနာပြုတာပဲ 
ဘုရားအဆုံးအမကို မလိုက်နာဘူးဆိုရင်
သာသနာပြုနေတာမဟုတ်တော့ဘူး
သာသနာဖျက်နေတာပဲနော်

သာသနာဖျက်တယ်ပြောလိုက်ရင်
စကားလုံးကြီးတယ် လို့ ခံစားရတယ်
တကယ်တော့ မှန်တယ် ဦးဇင်းတို့ 
ဆရာသမားတွေ ပြောတယ်နော်

ဘုရားရဲ့ အဆုံးအမတစ်ခုသည် 
သာသနာတစ်ခုသိလား 
ဘုရားရဲ့ အဆုံးအမ နှစ်ခုသည်
သာသနာ နှစ်ခု
အဲဒီတော့ ဘုရားရဲ့ အဆုံးအမ 
တစ်ခုကို လိုက်နာရင် သာသနာတစ်ခုပြုလိုက်တာပဲ
အဲဒီတော့ ဘုရားရဲ့ သာသနာ နှစ်ခု 
လိုက်နာရင်သာသနာ နှစ်ခု ပြုလိုက်တာပဲ

ပြောင်းပြန်လှန်လိုက် 
ဘုရားရဲ့ အဆုံးအမ တစ်ခု ဖျက်ရင်
သာသနာ တစ်ခုဖျက်တာပဲ
ဘုရားရဲ့ အဆုံးအမ နှစ်ခုကို ဖျက်ရင်
သာသနာ နှစ်ခု ဖျက်လိုက်တာပဲ
သာသနာဆိုတာ ဘုရားလည်း မဟုတ်
ဘုရားကျောင်းလည်း မဟုတ်
စေတီလည်း မဟုတ်
ဗောဓိပင်လည်း မဟုတ်
ဘုရားရဲ့ အဆုံးအမကို ပြောနေတာ
အဆုံးအမကို လိုက်နာရင် သာသနာ ပြုနေတာ
ဘုရားရဲ့ အဆုံးအမကို မလိုက်နာရင် သာသနာဖျက်နေတာ 
ရှင်းနေတာပဲလေ နော် 

(မဟာဝိဟာရလှည်းကူးဆရာတော်ဘုရား၏ ဩဝါဒ)

တစ်ပါးတည်းနေခြင်း၏အရသာ

 တစ်ပါးတည်းနေခြင်း၏အရသာ
🌹🌹🌹🌿🌹🌹🌹🌿🌹🌹🌹

- ပရမတ်သည် ကိုင်ဖူးသောပစ္စည်းများ မဟုတ်။ 
- နိဗ္ဗာန်သည် ရောက်ဖူးသောအရာမဟုတ်။

ထိုမဟုတ်နှစ်ခု ဟုတ်အောင်ပြုစုရာ၌ ...၊
- သတိသည် စိတ်အလစ်မပေး အရာအတေး အမြဲပေးထားမှ၊
- ဝီရိယသည် သတိအား အလျော့မခံ အမြဲတော့တော့ သန်ပေးထားမှ၊
- သဒ်ဓါသညျ ကိုယ့်သတ္တိနှင့် ကိုယ့်အကျင့်အပေါ် အြွကင်းမဲ့ယုံ ပုံပေးထားမှ။
ဤပေးထားမှသုံးမျိုး ဗိုလ်အဖြစ် ကြီးစိုးနေစေရမည်။

- သတိသည် ပညတ်မြှုပ်သတ်၍ ကိလေသာပလပ်နေသည်ကိ ယုံ၊
- သတိသည် ပရမတ်ဖော်ထုတ် လမ်းမှန်ဖောက်လုပ်နေသည်ကို ယုံ၊
- သတိသည် ကိုယ့်စိတ်ကိုယ် သူတကာ့လက်မှ ကိုယ့်ဘက်ယက်ယူပေးနေသည်ကို ယုံ။
ဤယုံသုံးထုပ် ကျစ်ကျပ်ပါ နာနာဆုပ်ထားရမည်။

ထို သတိသုံးချက်၊ ဗိုလ်သုံးလက် အပါဖက်ထားနိုင်သော 
ထက်စိတ်သည် ထက်ဉာဏ်အဖြစ် အလုပ်၌ ဝင်ပါတော့ရာ 
အမြင်သန်ခြင်း၊ ဉာဏ်ရွှင်ခြင်း၊ အမြင်တိုးခြင်းများဖြင့်
 တောအကြားတောင်အကြား 
တစ်ပါးတည်းနေခြင်း၏အရသာ ခံယူခွင့်ရတော့သည်သာ။

မဟာဗောဓိမြိုင်ဆရာတော် 

သုဝဏ္ဏသျှမ် 
စာဖတ်သူတစ်ယောက်၏မှတ်စုများ

လာမည့်ဘေး ပြေးတွေ့

 လာမည့်ဘေး ပြေးတွေ့
______________________

ထိုထိုကိစ္စ အ၀၀ကို
မစခင်က ရမည့်ပြစ်ဒဏ်
လောကဓံကို ပြန်လှန်စဉ်းစား
အရင်းထားလော့။
ခင်းထားသည့်လမ်း ခြေလှမ်းသောခါ
အကြမ်းမှာခု အဖုမှာထစ်
မပြေပြစ်လည်း ဆုတ်နစ်လှုပ်ရှား
တွန့်မသွားနဲ့။
ဘုရားကစ များလှလျောင်းလျာ
သူတော်စွာလည်း လာသမျှဘေး
တွေး၍မနေ တွေ၍မစောင့်
ကြောင့်ကြမသမ်း ခြေလှမ်းမရုပ်
နောက်မဆုတ်ပြီ မလှုပ်ရဲတင်း
ခြင်္သေ့မင်း။

#မဟာဗောဓိမြိုင်ဆရာတော် #သုဝဏ္ဏသျှမ်

Credit..

ငါ့တာဝန်ကျေပြီ သင့်ဘက်ကသာ

 ငါ့တာဝန်ကျေပြီ သင့်ဘက်ကသာ
__________________________
ငါ့တာဝန်သည်
တည်ပြီးသာသနာ၊ ချီးမကွာဘဲ
ရှည်ကြာကာလ၊ ထွန်းတောက်ပရန်
တွန်းအားဖန် စီမံပေးထားခဲ့။

ငါ့တာဝန်သည် 
တည်ပြီးလူမျိုး၊
 ဂုဏ်မညှိုးဘဲ 
တန်ခိုးအာဏာ၊ 
ဘုန်းသမ္ဘာဖြင့် 
ကမ္ဘာ့အလယ်၊ 
ပျံ့နှံ့တည်ရန်
တွန်းအားဖန် စီမံပေးထားခဲ့။

ငါ့တာဝန်သည်
တည်ကြည်ရုပ်သွင်၊ သင့်ကျင့်စဉ်ကို
တုမြင်အားကျ၊ ရွှင်အားရဖြင့်
တခြားလူမျိုး၊ တခြားကိုးကွယ်
တစ်နယ်ခြားခြား၊ လူအများပင်
သင့်အားကြည်ညို၊ သင့်မှီခိုပြီး
သင့်လိုပင်ကျင့် သင့်လိုပွင့်ရန်
တွန်းအားဖန် စီမံပေးထားခဲ့။

သင့်ဘက်ကသာ
ကဗျာစာတို၊ စာတစ်ညို၏
စာကိုယ်လျှင်ကြည့်၊ ဤလိုဖြည့်လျက်
တည့်တည့်ဖြောင့်ဖြောင့်၊ လမ်းမထောင့်ဘဲအမှောင့်လည်းလွန်၊ ရောင့်လည်းလွန်
တာဝန်ကျေဖို့ ရှိတော့သည်။

မဟာဗောဓိမြိုင်ဆရာတော် 
သုဝဏ္ဏသျှမ်

Credit..

အသက်ကျိုး လူမျိုးမတုံးစေနှင့်

 အသက်ကျိုး လူမျိုးမတုံးစေနှင့် 
____________________________
အသက်ကြီးရင့်ခြင်းကား ကြိုးစားစရာမလို၊ 
အချိန်က ဝါးမျိုရုံဖြင့် ကြီး၏။
လူကြီးဖို့ကား လူ့အသိဉာဏ် ကျိုးကြောင်းဆက် လက်ခံနိုင်မှသာ ကြီး၏။

သို့ဖြစ်ရာ အသက်သာကျိုး ဘဝရိုး ပိုးထိုးရာမှ လူ့ဘဝ ပျက်သုဉ်းသွားသော်လူ့ရင်းစားမဆုံး လူမှလူ၊ လူမှနတ်၊ လူမှဗြဟ္မာ ထက်ကမ္ဘာတစ်ခွင်လုံးဘဝတို့၏ နေနည်းနှင့်သေနည်းများ ဆက်လက်ကျင့်သုံးနိုင်ဖို့ အရေးကြီး၏။


မဟာဗောဓိမြိုင်ဆရာတော် 
သုဝဏ္ဏသျှမ်
စာဖတ်သူတစ်ယောက်၏မှတ်စုများ
နေ့စဉ်ဘဝနှင့်ဓမ္မအမြင်
၁၃၆၅၊ နတ်တော်လဆန်း ၁၂ ရက်

ပညာ၏တည်ရာ

 ပညာ၏တည်ရာ
🌿🌿🌹🌿🌿
ဘန္တေ နာဂသေန၊ ပညာဆိုတာ ဘယ်မှာတည်ရှိနေပါသလဲ။
 မဟာရာဇ၊ ပညာဆိုတာ ဘယ်နေရာမှမှ တည်ရှိတာမဟုတ်ဘူး။

 ဘန္တေ နာဂသေန၊ ဒါဖြင့် ပညာဆိုတာ မရှိဘူးလား။
 မင်းကြီး၊ လေက ဘယ်မှာနေတာတုန်း။

 အရှင်ဘုရား၊ လေဆိုတာ ဘယ်မှာမှနေတာ မရှိပါ။
 ဒါဖြင့် လေမရှိဘူးလား။

 ဘန္တေ နာဂသေန၊ သင့်လျော်လျောက်ပတ်ပါပေတယ်ဘုရား။

(ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားတော်မူသည့် မိလိန္ဒပဉှာ(မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ) တရားတော်များမှ မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေများကို ပြန်လည်ကောက်နုတ်ပူဇော်ထားခြင်းဖြစ်ပါတယ်။)

ပါမောက္ခချုပ်ဆရာတော်ကြီး 

သုဝဏ္ဏသျှမ်
ငြိမ်းချမ်းသာ စာဖတ်သူတစ်ယောက်၏မှတ်စုများ
#မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ 
#ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ

မလုံတဲ့အိုး

 မလုံတဲ့အိုး
🌹🌹🌹🌹🌹
ဘုန်းကြီးရဲ့ဝါဒက သူများတွေ ဘယ်လောက်ပြောကြပါစေ၊
ကိုယ်အနေမှန်ဖို့ပဲ လိုတယ်။ အလုပ်နဲ့ သက်သေပြမယ်။ 
အဲဒီလို ခံယူထားပြီး ပြုံးပြုံးပဲ။

သူတို့က မသိလို့ပြောကြတာ။ စိတ်ထားသေးသိမ်တဲ့သူ၊ အလုပ်သေးသိမ်တဲ့သူဆိုတာ
အရာရာ သေးသိမ်သွားတတ်တယ်။ စိတ်နေစိတ်ထား နုံ့လျှင် အဲဒီစိတ်ဓာတ်က
ကိုယ့်ဘဝကို ပြန်နှစ်တာပဲ။ နိမ့်သွားစေနိုင်တယ်။ တခြားက လာနှစ်တာမဟုတ်ဘူး။

ပခုက္ကူဆရာတော်ကြီးက ဘုန်းကြီးတစ်ပါးကို ပြောတယ်။
'အိုးကွဲထဲ ရေထည့်ထား မလုံဘူးနော့'တဲ့။ ဟုတ်သားပဲ။ မလုံတဲ့အိုးဆိုတာ
လုံကို မလုံဘူး။ လုံတဲ့အိုးမှ ရေထည့်ထားလို့နေတာ။

#မဟာဂန္ဓာရုံဆရာတော်ကြီး #သုဝဏ္ဏသျှမ်
#သာမဏေကျော် #လူဝတ်ကြောင်တို့အတွက်_နံနက်ခင်းသြဝါဒများ