ဟုတ်တိုင်းမှန်စွာ သိ၏။
အသိအမြင်ရှင်းဖို့ဆိုတာ
စိတ်တည်ငြိမ်မှ စိတ်ချမ်းသာမှ ရမယ်။
စိတ်မတည်ငြိမ်တဲ့သူ စိတ်ဆင်းရဲနေတဲ့
လူဟာ အသိအမြင်မရှင်းဘူး။
အဲဒါကြောင့် ဘုန်းကြီးတို့ ဘုရားဟောတဲ့ တရားထဲမှာလည်း တွေ့လိမ့်မယ်နော်။
"သမာဟိတော ယထာဘူတံ ပဇာနာတိ" တဲ့။ အဲသလို ပါဠိတော်မှာရှိတယ်။
"သမာဟိတော" ဆိုတာ သမာဓိရှိတဲ့
ပုဂ္ဂိုလ်လို့ အဓိပ္ပာယ်ပေါက်တယ်။
တစ်နည်းအားဖြင့် စိတ်တည်ငြိမ် အေးချမ်းတဲ့
ပုဂ္ဂိုလ်လို့ အဓိပ္ပာယ်ပေါက်တယ်။ စိတ်က တည်ငြိမ်မှ အေးချမ်းတာပဲ။
တည်ငြိမ်တာနဲ့ အေးချမ်းတာနဲ့က
တွဲနေတယ်။
အဲဒီတော့ မတည်ငြိမ်ရင် မအေးချမ်းဘူး။ တည်ငြိမ်တဲ့ပုဂ္ဂိုလ်ဟာ အေးချမ်းလည်း အေးချမ်းတယ်။
"သမာဟိတော"
စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ်ဟာ
"ယထာဘူတံ"
ဟုတ်တိုင်းမှန်စွာ
"ပဇာနာတိ" သိ၏တဲ့။
တည်ငြိမ်မှု အေးချမ်းမှုရှိမှ အမှန်ကိုသိနိုင်တယ်တဲ့။
အဲဒါကိုလည်း ဘုန်းကြီး ခပ်ငယ်ငယ်က စာဖတ်ရင်းနဲ့ အယူအဆတစ်ခုအနေနဲ့ လက်ခံတယ်။ ဟုတ်တယ်။
စိတ်အေးချမ်းရင်တော့ အသိဥာဏ် ပိုပြီးထက်မြက်တယ်။
အဲဒီလိုလက်ခံပြီးတော့ ဘုန်းကြီးကလည်း ငယ်ငယ်က ဥာဏ်သိပ်ကောင်းချင်တော့ စိတ်တည်ငြိမ် အေးချမ်းအောင် နည်းမျိုးစုံနဲ့ စမ်းကြည့်တယ်။
တရားအားထုတ်ကြည့်တဲ့အခါကျတော့ စိတ်တည်ငြိမ် အေးချမ်းလာတဲ့အခါမှာ ဥာဏ်ပိုကောင်းလာတာကိုတွေ့ရတယ်။
တရားနဲ့ပတ်သက်တဲ့ ဥာဏ်ကတော့
အစပိုင်းမှာ သိပ်သိသိသာသာ
ကောင်းတယ်လို့ မပြောနိုင်သေးပါဘူး။
ဒါပေမယ့် အနိမ့်ဆုံးအဆင့်ကို ပြောမယ်နော်။
အနိမ့်ဆုံးအဆင့်ကတော့ ကျောင်းစာကို တော်တော်လွယ်လွယ်ကူကူနဲ့ နားလည် သဘောပေါက်တယ်။ မှတ်မိတယ်။
ပြန်စဉ်းစားလို့ ရတယ်။ မသင်ပဲနဲ့လည်း ကိုယ့်ဟာကိုယ် ဖတ်ရင်း စဉ်းစားရင်း သဘောပေါက်တယ်။
ဒီလိုစိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင် လုပ်တာဟာ ပညာရေးပိုင်းမှာ အင်မတန် အထောက်အကူရတယ်။
စာတစ်ခုကို သာမန်အားဖြင့် ဆယ်ခေါက် လောက် ဖတ်နေ ကျက်နေမှ မှတ်မိမဲ့
အခြေအနေမျိုးမှာ
စိတ်တည်ငြိမ် အေးချမ်းလာတဲ့အခါ သုံးခါလောက်ဖတ်ရုံနဲ့ မှတ်မိတယ်။ သဘောပေါက်တယ်။
အကြောင်းအကျိုး ဆက်စပ်ပြီးတော့လည်း စဉ်းစားနိုင်တယ်။ တွေးခေါ်နိုင်တယ်။
ဆယ်ခါနဲ့သုံးခါဆို ဘယ်လောက်
ကွာသွားပြီလဲ။ တော်တော်ကွာသွားပြီနော်။
အဲဒီတော့ ဘယ်လိုသဘောပေါက်
လာသလဲ ဆိုတော့
စိတ်တည်ငြိမ်အေးချမ်းရင် ဘာအလုပ်ပဲ
လုပ်လုပ် အချိန်ကုန် သက်သာတယ်။ လူပင်ပန်းလည်း သက်သာတယ်။
မြန်မြန်ဆန်ဆန် အေးအေးဆေးဆေး ပြီးတယ်။ အမှားအယွင်း အင်မတန်နည်းတယ်။
ပြီးတော့ စာတစ်ခုကို သေသေချာချာကျက် ထားပြီးရင် အနည်းဆုံး သုံးလေးလလောက် တော့ မမေ့တော့ဘူး။
တစ်ချို့စာတွေဆိုရင် နှစ်ပေါင်းများစွာလည်း မမေ့ဘူး။ အထူးသဖြင့် ဆက်စပ်ပြီးတော့ စဉ်းစားလို့ရတယ်။ ထိုးထွင်းပြီးတော့ မြင်တယ်။
စိတ်တည်ငြိမ်အေးချမ်းတဲ့လူဟာ မှတ်ဥာဏ်လည်း ပိုကောင်းလာတယ်။
တည်ငြိမ်မှု အေးချမ်းမှုနဲ့ မှတ်ဥာဏ်ကလည်း ဆက်စပ်မှုရှိတယ်လို့ စိတ်ပညာရှုထောင့်ကနေ စဉ်းစားကြည့်တယ်။
မတည်ငြိမ် မအေးချမ်းတဲ့လူဟာ
မေ့လွယ်တယ်။
တစ်ခုခုကို အခုပြောလိုက်
အခုမေ့သွားလိုက် ဖြစ်သွားမှာပဲ။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
No comments:
Post a Comment