စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, November 21, 2024

တကယ့်အဖော်

တကယ့်အဖော်
🌷🌷🌿🌷🌷
လူတွေဟာ အဖော်ကို အများကြီးရှာတယ်လို့ ပြောခဲ့တယ်နော်...၊
ကိုယ့်စိတ်ကို ကိုယ်သိပြီး နေနိုင်တဲ့သူဟာ ပြင်ပ အဖော်ကိုရှာဖို့ မလိုတော့ဘူး...။

ကိုယ့်စိတ်ထဲမှာပဲ သတိ၊သမာဓိ၊ ပညာတွေနဲ့ ဖြစ်နေတဲ့သူဟာ အဲဒါလေးကို သိပြီးတော့ အဖော်လုပ်ပြီးတော့ နေလို့ရတယ်။

ပြင်ပ အဖော်ဆိုတာဟာ ကိုယ်နဲ့ အတူတူအမြဲတမ်းမပါနိုင်ဘူး၊ အပေါ်ယံအဖော်ပဲ ဖြစ်မယ်..ခဏအဖော်ပဲဖြစ်မယ်..။

တကယ့်တကယ် ဒုက္ခနဲ့တွေ့တဲ့အခါ အခက်အခဲနဲ့တွေ့တဲ့အခါမှာ အဲဒီပြင်ပ အဖော်က ကိုယ့်ကို ဘာမှ ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘူး။ နည်းနည်းပါးပါးတော့ ပေးနိုင်မှာပေါ့။

မိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊ ဆွေမျိုးတွေက ကိုယ်ဒုက္ခရောက်တဲ့အခါမှာ သူတို့ တတ်နိုင်သလောက်တော့ အကူအညီပေးမယ်ပေါ့..။

ဒါပေမယ့် စိတ်ထဲမှာ ခံစားနေရတာကို ပျောက်သွားအောင်တော့ သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး၊ ပိုက်ဆံပေးချင်ပေးမယ်၊ နေမကောင်းတဲ့အခါ ဆေးဝါးပေးမယ် စားစရာ သောက်စရာပေးမယ် ။

မိသားစုဆိုလည်း နှိပ်ပေးမယ်..တခုခုပေါ့ ၊ သက်သာအောင်လုပ်ပေးမယ်၊ ဒါလောက်ပဲ သူတို့တတ်နိုင်တယ် ။

တကယ့် ကိုယ့်စိတ်ထဲမှာ ခံစားနေရတာကိုတော့ ဘယ်သူမှ ကူပြီးတော့ မျှပြီးတော့ အဖော်အဖြစ် မခံစားပေးနိုင်ဘူး ။

အဆိုးဆုံး အခြေအနေကို ပြောရမယ်ဆိုရင် သေခါနီးအချိန် ရောက်ပီဆိုပါတော့...။

ပါးစပ်ကလည်း ဘာမှ မပြောနိုင်တော့ဘူး၊ မျက်စိကလည်း ကောင်းကောင်း မမြင်ရတော့ဘူး မှုန်ဝါးလာပြီ၊ နားကလည်း ကောင်းကောင်း မကြားရတော့ဘူး၊ ခန္ဓာကိုယ် ထိတွေ့မှုလည်း ကောင်းကောင်းမသိတော့ဘူး၊ စိတ်ကတော့ သိနေသေးတယ် ။

အဲဒီအချိန်မှာ စိတ္တာနုပဿနာ 
အားထုတ်ပြီး နေလို့ရတယ် ။ ကိုယ့်စိတ်လေး ကိုယ်သိပြီး နေလို့ရတယ်၊ နောက်ဆုံးအချိန်မှာ အဖော်ဆိုတာ မရှိပါဘူး ... ။

နောက်ဆုံးအချိန်မှာ ကိုယ့်စိတ်ကိုယ် သိနေကျ လူဆိုရင်တော့ အဲဒီအသိနဲ့ ကိုယ့်ရဲ့ဘာ၀နာလေးက ကိုယ့်ရဲ့ တကယ့် အဖော်ဖြစ်လိမ့်မယ်နော် ... ။

တကယ်တော့ ဘ၀သံသရာခရီးကို တစ်ကိုယ်တည်း သွားနေရတာပါ၊ အဖော်မရှိပါဘူး ... ။

ခဏတာဆုံမိကြတာပါ၊ ဒီဘ၀မှာ ခဏတာ ဆုံပြီးတော့ ပြီးရင် လမ်းခွဲပြီး ကိုယ့်ခရီး ကိုယ် ဆက်သွားကြရဦးမှာပါပဲ။

သံသရာတလျှောက်လုံး လိုက်ပြီး အဖော်လုပ်ပေးမယ် သူဆိုတာ တကယ်မရှိပါဘူး။

ဆရာတော်ဦးဇောတိက(မဟာမြိုင် တောရ)
လေးစားပါတယ် ဘ၀တန်ဖိုး ,အထီးကျန်ဘ၀မှလွတ်မြောက်ခြင်း စာအုပ်မှ)

Crd

No comments:

Post a Comment