_______🌷🌿🌷______
လူ့စိတ်ဟာ တစ်ယောက်ယောက်ကို မကျေနပ်တဲ့အခါ စိတ်လိုက်မာန်ပါ တုံ့ပြန်တတ်တယ်။ တချို့ဆိုရင် "ပါးကိုက်ရင် နားကိုက်မယ်" ဆိုပြီး တဘက်သားကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်လိုက်တယ်။
ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သည့်အတွက် အစပိုင်းမှာတော့ " ငါ့အကြောင်း သိပြီမဟုတ်လား" ဆိုတဲ့ပုံစံမျိုးနှင့် စိတ်ထဲမှာ ကျေနပ်သလို ခံစားရတယ်။ တချို့က " ကိုယ့်တစ်ချက် ရိုက်ရင် နှစ်ချက် ပြန်ရိုက်ရမှ ကျေနပ်တယ်" တဲ့။ တုန့်ပြန်လိုက်ရမှ နေသာထိုင်သာ ရှိသွားတယ်လို့ ဆိုလိုတယ်။
ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ တုန့်ပြန်ခြင်းရဲ့ အကျိုးဆက်က ချိုမြိန်မှု မရှိပါဘူး။ ဘာကြောင့်လဲ၊ နောင်တချိန် ရောက်ရင် " သူများကို ဘာကြောင့် ငါ ဒုက္ခပေးမိပါလိမ့်၊ ငါတော့ မှားပြီ" ဆိုပြီး နောင်တ ရတတ်တယ်။ နောင်တ ရမှတော့ ဘယ်လိုလုပ် စိတ်ချမ်းသာတော့မှာလဲ။
နောင်တဆိုတာ အကုသိုလ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်မှ ပြင်းပြင်းထန်ထန် လက်တုံ့မပြန်မိစေနဲ့။ အတတ်နိုင်ဆုံး သည်းခံနိုင်အောင် ကြိုးစားရမယ်။
သည်းခံမှ ချိုမြိန်တယ်
------------------
တခါတရံ အခြေအနေအရ ကြိတ်မှိတ်ပြီး သည်းခံလိုက်ရတာ ရှိတယ်။ ကြိတ်မှိတ်ပြီး သည်းခံလိုက်တဲ့အတွက် စိတ်ထဲမှာ အခံရ ခက်သလို ဖြစ်သွားတယ်။ " ငါ အရှုံးပေးသလိုများ ဖြစ်နေပြီလား" ဆိုပြီး အတွေးဝင်တတ်တယ်။ ဒါ မှန်ကန်တဲ့ အတွေး မဟုတ်ဘူး။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် သည်းခံနိုင်အောင် ကြိုးစားရမယ်။ သည်းခံလိုက်သည့်အတွက် ရလာတဲ့ အကျိုးဆက်က အလွန် ချိုမြိန်ပါတယ်။ ဘာကြောင့်လဲ၊ သည်းခံလိုက်သည့်အတွက် ကိုယ့်စိတ်ထဲ ဘာနောင်တမှ ရစရာ အကြောင်း မရှိဘူး။ နောင်တ မရမှလည်း ဘဝက ငြိမ်းချမ်းမှာ မဟုတ်လား။
အရေးကြီးတာက ဘယ်လောက်ပဲ စိတ်ဆိုးဆိုး ဒေါသ မထွက်စေနဲ့။ ဒေါသမထွက်ရင် ကာယကံလွန်ကျူးမှု ဝစီကံလွန်ကျူးမှုလည်း မဖြစ်တော့ဘူး။ ဒါကြောင့် စိတ်ထဲမှာ ဘယ်လောက်ပဲ ခံစားရ ခံစားရ ဒေါသကို မျိုသိပ်နိုင်အောင် ကြိုးစားပါ။ ဒါဆိုရင် သည်းခံနိုင်သွားတယ်။
ကရုဏာရှိရင် ရင့်ကျက်တယ်
-------------------------
သည်းခံတယ်ဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတပါ။ တချို့လူတွေဟာ ထစ်ကနဲဆိုရင် ပေါက်ကွဲတော့တာပဲ။ အဲဒါ ဘာကြောင့်လဲ၊ စိတ်ထားနုလို့ပါ။ ကလေးများလိုပေါ့။ ကလေးတွေဟာ စိတ်တိုင်းမကျရင် ငိုတာပဲ မဟုတ်လား။
တချို့လူတွေကျတော့ သူများ အပြစ်ပြောလို့လည်း မတုန်လှုပ်ဘူး။ သူများ မောက်မာလို့လည်း အပြစ် မမြင်ဘူး။ ကိုယ့်ကို အမြင်စောင်းနေသော်လည်း အပြုံးမပျက် ဆက်ဆံနိုင်တယ်။ ဘာကြောင့်လဲဆိုရင် စိတ်ထားရင့်ကျက်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ထားရင့်ကျက်အောင် ကြိုးစားရမယ်။
စိတ်ကျမ်းမာရေးဆေးရုံမှာဆိုရင် ဆရာဝန်တွေကို တချို့အရူးတွေက ဆဲကြတယ်။ ဒါပေမဲ့ ဆရာဝန်တွေက အပြုံးမပျက်ဘူး။ ဘာကြောင့်လဲ၊ အရူးတွေကို သနားစရာလို့ မြင်နေလို့ပါ။ ဒါကြောင့် ဘယ်လောက်ဆိုးတဲ့လူတွေနှင့် တွေ့တွေ့ " သနားစရာလေးပဲ" လို့ နှလုံးသွင်းရမယ်။ အပေါ်စီးက ကြည့်လိုက်လျှင် ဘယ်သူမဆို သနားစရာပဲ ဖြစ်ပါတယ်။
ဘယ်သူဖြစ်ဖြစ် မဟုတ်တာလုပ်ရင် မဟုတ်တာပြောရင် တနေ့ ဒုက္ခရောက်မှာပဲ။ ဒါကြောင့် မဟုတ်တာလုပ်တဲ့သူတွေ မဟုတ်တာ ပြောတဲ့သူတွေ မြင်ရရင် " အော် သူ့ခမျာ ဘာမှ မသိရှာပါလား၊ ဒီပုံစံတိုင်းဆိုရင်တော့ ဒုက္ခရောက်တော့မှာပဲ" လို့ နှလုံးသွင်းလိုက်ပါ။ ဒါဆိုရင် ကရုဏာ ဖြစ်သွားတယ်။ ကရုဏာဖြစ်ရင် စိတ်နေစိတ်ထားဟာ ရင့်ကျက်သွားတယ်။ စိတ်ထားရင့်ကျက်လေ သည်းခံနိုင်လေ၊ သည်းခံနိုင်လေ ဘဝကလည်း ငြိမ်းချမ်းလေပဲ ဖြစ်ပါတယ်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာ ရှိပါစေ"
___________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment