လောကဓံတရားတစ်ခုနဲ့ ကြုံရတဲ့အခါ
*****************************
လောကဓံတရားတစ်ခုနဲ့ ကြုံရတဲ့အခါ
(လူတစ်ယောက်က ကိုယ့်ကို တင်စီးပြီး
ပြောသွားတယ်။အနိုင်ကျင့်ပြီး ပြောသွားတယ်။
ဒါလည်း လောကဓံတရားတစ်ခု။)
စိတ်ထဲမှာ စိတ်ဆင်းရဲသွားတယ်။
အဲဒီလူကို စိတ်ဆိုးသွားတယ်၊
မုန်းသွားတယ်။
အဲဒီအချိန်မှာပါ သတိ ရှိဖို့ လိုတယ်။
ဒီသင်ခန်းစာထဲက ဒီအတွေ့အကြုံထဲကလည်း
အသိဉာဏ်ကို ထုတ်ယူရမယ်။
အဲဒီလို အသိဉာဏ်ကို ထုတ်ယူတဲ့အခါမှာ
သူ ဘာမှားသလဲဆိုတာကိုနောက်မှ စဉ်းစားပါ။
သူဘာမှားသလဲ ဆိုတာ သိဖို့ လိုပါတယ်။
မလိုဘူးလို့ မဆိုလိုဘူးနော်။
သို့သော် ပထမ အရေးကြီးဆုံးက
ငါဘာမှားသွားသလဲ ဆိုတာသိဖို့လိုပါတယ်။
ကိုယ့်ဘက်က ဘယ်လိုသဘောထားမျိုး ရှိနေသလဲ။
ဘာကြောင့် ငါစိတ်ဆင်းရဲ သွားရတာလဲ။
ငါ စိတ်ဆင်းရဲသွားရတဲ့ အကြောင်းရင်းဟာ
ငါ့အတွင်း မှာ ရှိနေတယ်။
အဲဒါကို အရင်ဆုံး မြင်အောင် ကြည့်ရမယ်။
အဲသလို ကြည့်တာဟာ ကိုယ့်အတွက် အကျိုးများဆုံးပဲ။
နောက်မှ သူ့ဘက်က ဘာမှားသွားလဲဆိုတာ ကြည့်ပါ။
သူ့သဘောထား ဘယ်လိုရှိသလဲ။ ပြန်ကြည့်ပါ။
သူ့ကိုလည်းပဲ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့၊
လူတစ်ယောက် အနေနဲ့၊ မှတ်ပြီးတော့ မကြည့်ဘဲနဲ့
ခန္ဓာငါးပါးအစုအဝေးအဖြစ်နဲ့ ကြည့်ပြီးတော့
သူ့စိတ်ထဲမှာ ဘယ်လိုကိလေသာမျိုး ဖြစ်နေလို့
သူ ဒီစကားကို ပြောတာပဲ။
အဲဒီ သူ့စိတ်ထဲဖြစ်တဲ့ ကိလေသာ ကို မြင်အောင်
ကြည့်ပါနော်။ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့
ကိလေသာကိုလည်း မြင်အောင်ကြည့်ရတယ်။
မာနကို ကြည့်ရတယ်နော်။
သူ့ဘက်ကလည်းပဲ တင်စီးချင်တဲ့သဘော၊
အနိုင်ကျင့်ချင်တဲ့သဘော ဖြစ်နေတဲ့
ကိလေသာသဘောကို မြင်အောင် ပြန်ကြည့်ရတယ်။
ဒိကိလေသာကြောင့် ၊ ဒီစိတ်ကြောင့် သူ့ ဒီလိုပြောလိုက်တာ။
နောက်ပြီးတော့ သူ အဲဒီလို လုပ်လိုက်တော့
သူ့မှာရော မထိခိုက်ဘူးလား။ ထိခိုက်တယ်။
ကိုယ့်ဘက်က သူ့ကို နောက်တစ်ခါမှာ ရင်းရင်းနှီးနှီး၊
ပွင့်ပွင့်လင်းလင်း ပြောဖို့ကို နည်းနည်း ဝန်လေးသွားတယ်။
သူ့ကိုရှောင်ချင်လာတယ်။
သူ့မှာ မိတ်ဆွေကောင်းလျော့သွားတယ်။
ဒါကြောင့် ဘုန်းကြီးကတော့
အဲဒီတပည့်ကို သတိပေးပါတယ်။
အဲဒီလူနဲ့ ပြန်ပြီးတော့ ပြေလည်အောင် ကြိုးစားပါ။
အချိန်တော့ ကြာချင်ကြာမယ်နော်။
လူတစ်ယောက်နဲ့ မပြေမလည် ဖြစ်လိုက်တိုင်း၊
ဖြစ်လိုက်တိုင်း ကိုယ့်လောကကြီးက
နည်းနည်းကျဉ်းသွားတယ်။
လူတစ်ယောက်ကို ကိုယ့်ဘဝထဲကနေ
ထုတ်ပယ်လိုက်တိုင်း၊ထုတ်ပယ်လိုက်တိုင်း
ကိုယ့်လောကဟာ ကျဉ်းသွားတယ်။
အဲဒီလို ထုတ်ပယ်ရတာတွေ များလာလို့ရှိရင်
ကိုယ့်ဘဝဟာ ကြာလေကျဉ်းလေ ဖြစ်သွားလိမ့်မယ်။
တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုဆိုတာ
ဖြစ်ရိုးထုံးစံပါ။ မိဘနဲ့သားသမီးတောင် ဖြစ်သေးတာပဲ။
တစိမ်းနဲ့ဆိုတာ ပြောဖွယ်ရာ မရှိတော့ဘူး။
အဆင်မပြေမှု ဖြစ်ခဲ့ပေမဲ့လည်း ဒီအထဲက
သင်ခန်းစာကို ယူပြီးတော့ သဘောထားကြီးကြီးနဲ့
ပြန်ပြီးတော့ပြေလည်အောင် ဆက်ဆံပါ။
This is not too difficult and when we have
learnt to experience pain without hurt
we have gained something in the art of living.
အဲဒီလို လောကဓံတရားနဲ့ ကြုံရတဲ့အခါမှာ စိတ်ဆင်းရဲမှု
ကြီးကြီးမားမား မဖြစ်အောင် နေတတ်သွားပြီးဆိုရင်
ဘဝမှာ နေနည်း အတတ်ပညာကို
နည်းနည်းတော့ တတ်သွားပြီ။
No comments:
Post a Comment