တခြားဟာတွေကို တန်ဖိုးချတဲ့စိတ် ဖြစ်လာတယ်။
အတ္တက သူ့မှာ ဘယ်တော့မှ ပြည့်စုံတယ်လို့မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကို ရှာတယ်။
ငွေကို အားကိုးတယ်။ ဂုဏ်ကို အားကိုးတယ်။ ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။
ဒါကြောင့် ပြည့်စုံပြီးလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့် မပြည့်စုံတာ။ လိုချင်တာ ။ တကယ်အသုံးလိုလို့ လိုချင်တာမဟုတ်ဘူး။
အတ္တရဲ့ သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှ မရှိဘူး။
သူ့မှာ အမြဲတမ်းလိုနေတယ်။ အတ္တ ရဲ့ သဘာဝဟာ အမြဲတမ်း ချို့တဲ့နေပါတယ်။
သူ သိန်းတရာ ရလည်း မပြည့်စုံဘူး။သိန်း တထောင်ရလည်း မပြည့်စုံဘူး။ ဒေါ်လာ တသန်း ဒေါ်လာ သန်းတထောင်ရလည်း မပြည့်စုံဘူး။ ဒါ ပိုက်ဆံ ဘက်က ကြည့်တာနော်။
လူဘက်ကနေ ကြည့်ရင် တယောက်နဲ့ မပြည့်စုံဘူး။ နှစ်ယောက်နဲ့လည်း မပြည့်စုံဘူး။ အိမ်တလုံးလောက်နဲ့ မလုံလောက်ဘူး။ နှစ်လုံးနဲ့လည်း မလုံလောက်သေးဘူး။
ကားတစီး မလုံလောက်သေးဘူး။ နှစ်စီး လုံလောက်သေးဘူး။ အတ္တဟာ လောဘနဲ့ တွဲနေတတ်တယ်။
အတ္တစိတ်က လိုချင်တာရရင် ပြည့်စုံသွားမယ်၊အားရှိမယ်လို့ ထင်နေတာ - နော်။ အားရှိချင်လို့လိုချင်တာ။
သုံးချင်လို့ လိုချင်တာ မဟုတ်ဘူး။ ရိုးရိုးလောဘက သုံးချင်တာ။အတ္တက မသုံးချင်ဘူး။ အားရှိချင်တာ။
ထူးဆန်းတာက လိုချင်တာများများရလေ ပိုပြီး မပြည့်စုံလေ ဖြစ်လာတယ်။ (ဘာဖြစ်လို့လဲ ) နည်းနည်း ရှိတုန်းက ရောင့်ရဲမှု ရှိတယ်။
များများရှိလာတော့ မရောင့်ရဲနိုင်တော့ဘူး။ ဆင်းရဲမှာ ပိုကြောက်တယ်။
အတ္တဟာ တကိုယ်ကောင်းဆန်တဲ့ သဘောဖြစ်လို့ သူ့အလို ပြည့်ဖို့ တခုကိုပဲ သူစဉ်းစားတယ်။
သူ့ အလိုပြည့်ဖို့ သူတပါးကို ဖျက်ဆီးလိုက်ရတာကို ဝန်မလေးဘူး။
ဥပမာ - ဒီပန်းကလေးကို ကြိုက်တယ်ဆိုပြီး ဆွဲနုတ်သွားပြီး လက်ထဲမှာ ကိုင်ထားပြီးတော့ တော်တော်ကြာတော့ တော်ပါပြီး ငြီးငွေ့သွားပြီးတော့ လွှတ်ပစ်လိုက်မယ်။
အတ္တဟာ ငြီးငွေ့သွားတယ်။
မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တခုခုကို တန်ဖိုးထားတယ်ဆိုတာ ခဏပဲ။ သူ ချစ်တယ်ဆိုတာ အမှန်တော့ သူ့ကိုယ်ကျိုးအတွက်ပဲ။
ဒီပန်းကလေးကို ဆွဲနုတ်ပြီးတော့ လက်ထဲမှာကိုင်ထားပြီးတော့ ကြာရင် သူလွှတ်ပစ်မှာပဲနော်။
နှုတ်လိုက်တဲ့ ပန်းကလေးဟာ ဘယ်လောက်ကြာကြာလလန်းဆန်းနေမလဲ။
နွမ်းသွားရင် သူ သိမ်းထားအုံးမှာလား။
မသိမ်းထားဘူး။ သူ လွှတ်ပစ်မှာပဲ။ အတ္တစိတ်က သူ့အလို ခဏပြည့်ဖို့ကိုပဲ အလေးထားတယ်။
တဖက်သား ပျက်စီးသွားတာကို ဂရုမစိုက်ဘူး။
အတ္တဟာ ဖျက်ဆီးချင်တဲ့ သဘောရှိတယ်။
သူ့ရပ်တည်ရာမြဲဖို့ သူတပါးကို နေရာဖယ်ချင်တယ်။
အတ္တမရှိရင် ဘယ်သူ့ကိုမှ မဖျက်ဆီးချင်ဘူး။
အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့ တန်ဖိုးထားတယ်။
ပိုပြီး သနားတတ်တယ်။ ပိုပြီး ချစ်တတ်တယ်။ ပိုပြီး လေးစားတတ်တယ်။
ဆရာတော်ဦးဇောတိက( မဟာမြိုင် တောရ )
အလှတရားမှ_အမှန်တရားသို့စာအုပ်မှ
Credit.
No comments:
Post a Comment