အသက်ရှည်ချင်တယ်။
ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားတယ်။
တန်အောင်နေချင်တယ်။
တန်အောင် လုပ်ချင်တယ်။
ကိုယ့်ကိုယ်ကို ကိုယ်ချစ်တာကိုး။
ဒါကြောင့် မသင့်တော်တာကို မလုပ်ချင်ဘူး။
မသင့်တော်တဲ့အတွေးတောင် မတွေးချင်ဘူး။
မသင့်တော်တဲ့အတွေး တွေးရင်တောင် ပင်ပန်းလွန်းလို့။ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာ၊ စိတ်တိုစရာ မတွေးချင်ဘူး။
တွေးနေရင်းကို သိနေတာ၊ ပင်ပန်းလိုက်တဲ့ အတွေးတွေ။ တခါတလေ နည်းနည်းချမ်းနေတဲ့ အချိန်မှာတောင်မှ မတွေးသင့်တဲ့ စိတ်ညစ်စရာတခုခု၊ သောကဖြစ်စရာတခုခု တွေးလိုက်ရင် ချွေးတောင်ထွက်လာတယ်။ သောကဖြစ်စရာတွေးရင် ချမ်းနေတဲ့ကြားထဲက ချွေးတောင်ပြန်လာတယ်။
အတွေးက ခန္ဓာကိုယ်ကို ဘယ်လောက်ထိအောင် လောင်ကျွမ်းသွားစေသလဲဆိုတာ ကြည့်နော်။ ဒီခန္ဓာကိုယ်ရဲ့အားတွေကို ဘယ်လောက်ထိအောင်သုံးပစ်သလဲဆိုတာ သိလို့ရတယ်။
အဲဒီတော့ အတွေးတွေကို သတိထားပြီးကြည့်တယ်။ မတွေးသင့်တဲ့အတွေးတွေကို ဆက်မတွေးတော့ဘူး။ အဲဒါ ကိုယ့်ကိုကိုယ်ချစ်လို့ပဲနော်။ ကိုယ့်ကိုယ်ကို ကိုယ်အဲသလိုချစ်တော့ ကိုယ်နဲ့တွေ့ရတဲ့သူတွေလည်း စိတ်ချမ်းသာမှကောင်းမယ်လို့ တွေးမိတယ်။
စိတ်ချမ်းသာနေတဲ့ သူတွေနဲ့ဆက်ဆံရတာ ကိုယ့်အတွက် ပိုပြီးအဆင်ပြေတယ်။ ဒါကြောင့် သူတပါးကို ဘယ်လိုသဘောထားချင်လဲဆိုတော့
သူတပါးကိုလည်း အဲဒီလို စိတ်ချမ်းချမ်းသာသာ နေစေချင်တယ်၊
ကျန်းမာရေးထိခိုက်မည့်ကိစ္စ မလုပ်ပါနဲ့။
ဂုဏ်သိက္ခာထိခိုက်မည့်ကိစ္စ မလုပ်ပါနဲ့။
ဒါမှ ကိုယ့်ကိုယ်ကို ကိုယ်ချစ်ရာရောက်မှာ။
မတွေးသင့်တဲ့ အတွေးတွေ မတွေးပါနဲ့။
မတွေးသင့်တာကိုတွေးရင် စိတ်ဆင်းရဲလာတယ်။ ပင်ပန်းပါတယ်။ ဘာမှအကျိုး မရှိဘူး။
ကောင်းတဲ့အတွေး တွေးပါ။ စိတ်ကိုအားတက်စေမည့်အတွေးမျိုး အကောင်းမြင်အတွေးမျိုးကို များများတွေးပါ။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
No comments:
Post a Comment