အကဲခတ်ချင်ရင် စကားပြောကြည့်
🌷🌷🌷🌷🌿🌹🌿🌷🌷🌷🌷
ကိုယ်ပြောတဲ့စကားဟာ ကိုယ်ဘယ်လိုလူလဲ ဆိုတာကို ဖော်ပြတယ်။
လူတယောက်ကို အကဲခတ်ချင်ရင် သူနဲ့စကားပြောကြည့်။သူ့ပါးစပ်က ထွက်လာတဲ့ စကားကို နားထောင်ကြည့်ရုံနဲ့ သူဘယ်လိုလူလဲဆိုတာ သိနိုင်တယ်။
ဒီလူတယောက်ရဲ့ ပညာဉာဏ်အရည်အချင်းနဲ့
ထိတွေ့ခံစားမှု ဘယ်လောက်ရှိသလဲ၊အသံနေ ၊အသံထားကိုလည်း အကဲခတ်ကြည့်ရင် သိနိုင်တယ်။ စကားလုံးအသုံးအနှုန်းဝေါဟာရကို ကြည့်ရုံနဲ့လည်း သိနိုင်တယ်။
တချို့လူတွေဆိုရင် Interview တွေမှာ အဲဒါကိုအကဲခတ်တယ်။ စကားပြောရင်း မေးခွန်းတွေ မေးသွားတယ်။
ဘယ်လိုစကားအသုံးအနှုန်းမျိုး သုံးသလဲဆိုတာ
ကြည့်ပြီးတော့ ဒီလူ ပညာအရည်အချင်း နဲ့
စိတ်ဓာတ် ဘယ်လောက်ကောင်းသလဲဆိုတာကို အကဲခတ်တယ်။
ဘုန်းကြီးလည်း လူကဲခတ်တာ အင်မတန် ဝါသနာပါတယ်။
လူတွေကို စကားပြောတဲ့အခါမှာ သေသေချာချာ
စဉ်းစားပြီး ပြောတယ်။ သူတို့ ပြောတာကို သေချာနားထောင်၊သေချာအကဲခတ်တယ်။
သေချာအကဲခတ်လို့ အမေရိကမှာ တချို့လူတွေ
ဘုန်းကြီးဆီ မလာတော့ဘူး။ ထွက်ပြေးသွားတယ်။
ငါတို့အကြောင်းကို သိကုန်တော့မယ်ဆိုပြီးလာကို မလာတော့ဘူး။
ကိုယ့်အကြောင်းသိသွားမှာ သိပ်ကြောက်တယ်။
ဘုန်းကြီးက စေတနာနဲ့ အကဲခတ်တာပါနော်။
တပည့်လေးတယောက်ရှိတယ်။ သူ ငယ်ငယ်တုန်းကပေါ့။ သူ့ကို စကားပြောရင် ဘုန်းကြီးက သူ့စိတ်ထဲမှာ ဘာဖြစ်နေလဲ၊ဘာတွေးနေလဲ၊ကွယ်ရာမှာ သူတခုခု လုပ်ထားရင် ဘယ်လိုလုပ်တာ ဖြစ်ရမယ်၊ဘယ်လိုပြောတာ ဖြစ်ရမယ်လို့ ဘုန်းကြီးက တခါတလေ
ပြောပြတာပေါ့။ တခါတလေ တိုက်ဆိုင်မှုက အံသြစရာ ကောင်းလောက်အောင် တိုက်ဆိုင်တယ်။
စကားလုံးအတိအကျ၊ ဝါကျအတိအကျထိ
တိုက်ဆိုင်သွားတာရှိတယ်။ အဲဒီလိုဖြစ်နေတော့
အဲဒီကလေးက ဘယ်လိုပြောလဲ ဆိုတော့အဲလောက်ကြီး သိနေတော့ မကောင်းဘူးလို့ ထင်တယ်တဲ့။
ကိုယ်ကို သူများက အကဲခတ်နေတယ်နော်။
လူဆိုတာ တယောက်နဲ့ တယောက်တွေ့တာနဲ့ အမြဲတမ်း အကဲခတ်နေကြတယ်။
လူကဲခတ် တတ်သည်ဖြစ်စေ၊မတတ်သည်ဖြစ်စေ
တယောက်နဲ့ တယောက်တွေ့ရင် အကဲတော့ ခတ်နေတာပဲ။
သူ့စိတ်ထား ဘယ်လိုရှိလဲ၊
သူ့အသိဉာဏ် ဘယ်လောက်ရှိလဲ ဆိုတာ။
အဲဒီတော့ သူ့စိတ်ထား နဲ့ အသိဉာဏ် ၊သူပြောပုံ ဆိုပုံပေါ် မူတည်ပြီးတော့ သူ့ကို ပြန်ဆက်ဆံတာပဲ။
သူက တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့
ကောင်းတဲ့စကားကို ပြောမယ်၊အကျိုးရှိတဲ့စကားကိုပြောမယ်ဆိုရင် သူ့ကို ပိုပြီးတော့ လေးလေးစားစားဆက်ဆံမယ်။
ကိုယ့်ကို လူတွေဘယ်လို ဆက်ဆံသလဲဆိုတာက
ကိုယ့် အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ရဲ့ နေပုံ ထိုင်ပုံ၊ပြောပုံ ဆိုပုံ၊အမူအယာ စိတ်ထား အဲဒီအပေါ်မှာ အများကြီးမူတည်ပါတယ်။ ။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ
No comments:
Post a Comment