🍃 ၃၈ ဖြာ မင်္ဂလာပုံပြင်များ..🍃
**** ^^^ ****
၂ . ပညာရှိကို ဆည်းကပ်ခြင်း
*********************
Association with the wise.
ပညာရှိကို ဆည်းကပ်ခြင်းသည် ကြီးပွားခြင်းအလုပ်တစ်ခု ( ၀ါ ) မင်္ဂလာတစ်ပါးဖြစ်သည်။
တစ်ရံရောအခါ ဗာရာဏသီအနီးရှိ လက်သမားရွာကြီး တစ်ရွာ၌ လက်သမားတစ်ထောင် နေထိုင်ကြသည်။ ထိုသူတို့သည် ထိုရွာ၌ ကြာမြင့်စွာ နေထိုင်လာခဲ့ကရာမှ လုပ်ငန်းများ မအောင်မြင် ဖြစ်လာသည်။
ဆက်လက်နေထိုင်ရန် မသင့်လျော်သောကြောင့် တခြားအရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ကြသည်။ လှေကြီးတစ်စီးပြုလုပ်ကာ မိသားစုများကိုပါ တင်ဆောင်၍ ရေလမ်းခရီးဖြင့် ထွက်ခွာလာကြသည်။
သူတို့သည် သမုဒ္ဒရာအလယ်၌ ဆန်ရေစပါးနှင့် သီးနှံမျိုးစုံပေါများသော ကျွန်းတစ်ကျွန်းကို တွေ့ကြသည်။ ထိုကျွန်းတွင် သင်္ဘောပျက်သဖြင့် ဦးစွာရောက်နှင့်နေသော ယောက်ျားတစ်ယောက်ကိုလည်း တွေ့သည်။ ထိုသူက ဤကျွန်းမှာ အစားအစာ ပေါများကြောင်း.. သို့ရာတွင် နတ်များစောင့်ကြောင်း ပြောပြသည်။
တဖန်..နတ်များသည် လူသားတို့၏ ကျင်ကြီးကျင်ငယ်တို့ကို စက်ဆုပ်ကြသည်။ ဤကျွန်းတွင် နေလိုပါက ကျင်ကြီးကျင်ငယ်တို့ကို စနစ်တကျ စွန့်ဖို့လိုကြောင်း..
သဲများကို ယက်၍တွင်းပြုပြီးမှ စွန့်သင့်ကြောင်း..
ကျင်ငယ်တို့ကို သဲဖြင့်ပြန်၍ ဖုံးအုပ်ရမည်ဟူ၍ .... သတိပေးပြောဆိုသည်။
လက်သမားတို့သည် ထိုကျွန်း၌ပင် နတ်တို့အလိုကျ စနစ်တကျ နေထိုင်ကြသည်။ လက်သမားတစ်ထောင်အနက် ငါးရာစီကို ခေါင်းဆောင်နှစ်ဦးက အုပ်ချုပ်ကြသည်။ ခေါင်းဆောင်နှစ်ဦးတွင် တစ်ဦးက ပညာရှိသည်။ တစ်ဦးကား ပညာမဲ့သည်။ လက်သမားတို့သည် ကျွန်းပေါ်တွင် အခြေချ နေထိုင်ရာမှ အတန်ကြာသော် ပညာမဲ့ ခေါင်းဆောင်နှင့် ငယ်သားများသည် အရက်များချက်၍ သောက်စားမူးယစ်လာကြသည်။ ကျင်ကြီးကျင်ငယ်တို့ကိုလည်း စည်းကမ်းတကျ မစွန့်ပစ်ကြတော့ပေ။ ထင်သလိုစွန့်ကြလေသည်။
သို့အတွက် ကျွန်းစောင့်နတ်တို့သည် လွန်စွာအမျက်ထွက်ကြလေသည်။ ၁၅ ရက်လွန်မြောက်လျှင် သမုဒ္ဒရာရေကို တက်စေ၍ ကျွန်းဆေးအံ့.. လူအများကို သေစေအံ့ဟု စီစဉ်ကြသည်။ ကျွန်းစောင့်နတ်တို့အနက် နတ်ကောင်းတစ်ပါးသည် လူအများ သေကျေပျက်စီးမည်ကို မလိုလားပေ။ ထို့ကြောင့် ကျွန်းနေလက်သမားများထံ လာ၍ ၁၅ ရက် မတိုင်မီ ထွက်ပြေးကြရန် သတိပေးလေသည်။
ထို့နောက် နတ်ဆိုးတစ်ပါး ရောက်လာပြန်သည်။ ထိုနတ်ဆိုးသည် လူအများတို့ကို သေကျေပျက်စီးစေလို၍...
"" ဤကျွန်းတွင် ဆက်လက်နေထိုင်ကြပါ။ ဘေးမရှိပါ .."" ဟု ပရိယာယ်ဖြင့် ပြောဆိုလေသည်။
ဤတွင် ပညာရှိခေါင်းဆောင်က စဉ်းစားချင့်ချိန်ပြီးလျှင် သူ၏ ငယ်သားများအား လှေတို့ကို အဆင်သင့် စီစဉ်ထားစေသည်။ ပထမနတ်၏ စကားမှန်သော ရေတက်လာပါက လှေဖြင့်ထွက်ခွာကြမည်။
ဒုတိယနတ်၏ စကားမှန်သော် လှေတို့ကို သင့်လျှော်ရာ၌ထား၍ ဤကျွန်းမှာပင် ဆက်လက်နေကြမည်ဟု အဖော်လက်သမားများအား ပြောဆိုမှာထားလေသည်။
ထိုစကားကို ပညာမဲ့ ခေါင်းဆောင်ကလက်မခံ။ အလုပ်ကိုမလုပ်။ "" ပထမနတ်သားသည် သူတို့ကိုမုန်း၍ ပြောဆိုနေခြင်းဖြစ်သည်။ ဒုတိယနတ်သားသည် ချစ်၍ပြောဆိုခြင်းသာဖြစ်မည်.. ဤကျွန်းမှ မစွန့်ခွာနိုင်။ လှေပြုလုပ်ရန်မလို "" ဟုဆို၏။
ဆိုသည့်အတိုင်းလည်း လှေမလုပ်ဘဲ ငယ်သားများနှင့်အတူ သောက်စားမူးယစ်၍သာ နေ၏။
၁၅ ရက်စေ့သော် ပထမနတ်သား ပြောသည့်အတိုင်း သမုဒ္ဒရာရေတို့သည် ကျွန်းပေါ်သို့ တရိပ်ရိပ်တက်လာသည်။ ခါးလယ်ခန့်ရောက်သောအခါ ပညာရှိခေါင်းဆောင်နှင့် ငယ်သားငါးရာတို့သည် လှေကြီးပေါ်သို့တက်၍ ဘေးကင်းစွာ ထွက်ခွာသွားကြလေသည်။
ပညာမဲ့ခေါင်ဆောင်နှင့် ငယ်သားများမှာမူ မမှုကြ။ ဤရေတို့သည် ခါးလယ်အထိသာရောက်ပြီး ပြန်ကျသွားလိမ့်မည်ဟု ထင်မှတ်ကြသည်။ သို့ရာတွင် သူတို့ထင်ထားသကဲ့သို့မဟုတ်.. ။ သမုဒ္ဒရာရေတို့သည် တစ်စတစ်စနှင့် ထန်းတစ်ဖျားတိုင်အောင် တက်လာလေ၏။ ပညာမဲ့ခေါင်းဆောင်နှင့် တကွ ထိုသူကိုဆည်းကပ်သူ ငယ်သားငါးရာစလုံး ရေနစ်သေဆုံးကြရလေသည်။
ကျမ်းကိုး >> ငါးရာ့ငါးဆယ် သမုဒ္ဒ၀ါဏိဇဇာတ်
✏ မင်းယုဝေ