လူ့လောက၏ ဖို့ ( ၃ ) ဖို့
•••••••••••••••••••••
လူ့လောကမှာ ဖို့ ( ၃ ) ဖို့ ရှိတယ် ။
( ၁ ) ခန္ဓာစု မြေကျွေးဖို့
( ၂ ) ပစ္စည်းစု ထိုက်သူဖို့
( ၃ ) တရားစု မိမိဖို့
( ၁ ) ခန္ဓာစု မြေကျွေးဖို့ ။ ။ ခန္ဓာကိုယ်ကြီးကို အလိုလိုက်ပြီး
တော့ ဒါနလည်း မခိုင်းရက်ဘူး ၊
သီလလည်း မခိုင်းရက်ဘူး ၊ ဘာဝနာလည်း မခိုင်းရက်ဘူး ၊
ဥပုသ်စောင့်ဖို့လည်း မခိုင်းရက်ဘူး ၊ ဘုရားရှစ်ခိုးလေးတောင်
မခိုင်းရက်ဘူး ၊ တစ်နေ့ကို နာရီဝက် တစ်နာရီ တရားထိုင်ဖို့
မခိုင်းရက်ဘူး ၊ တရားနာဖို့လည်း မခိုင်းရက်ဘူး ၊ သိပ်ပြီးတော့
ညှာနေတယ် ၊ ကျွေးရုံသာကျွေးပြီး ခန္ဓာကိုယ်ကြီး အလိုလိုက်
နေတာ ၊ ဘာလုပ်ဖို့လည်းလို့ သူများကမေးရင် ပါးစပ်ကတိုက်
ရိုက်တော့ မပြောဘူး ၊ တရားသဘောက သူ့ဟာသူ အဖြေ
ထုတ်တယ် ၊ မြေကျွေးမလို့တဲ့ ၊ ခန္ဓာစုတာဟာ ဘာလုပ်ဖို့လဲ ၊
မြေကျွေးမလို့ ၊ နောက်ထပ်မြေကြီး ကျွေးဖို့တဲ့ ။
( ၂ ) ပစ္စည်းစု ထိုက်သူဖို့ ။ ။ ပစ္စည်းစုတာ ဘာလုပ်ဖို့လည်း
ပစ္စည်းဟာ ခန္ဓာနဲ့လည်းမကင်း
ပြန်ဘူး ၊ ဒါဖြင့် ဘာကြောင့်စုတာလည်းလို့ မေးတော့ ပါးစပ်က
ဘာမှ မပြောပေမယ့် တရားသဘောနဲ့ အဖြေထုတ်တယ် ၊
ထိုက်သူတွေ သုံးဖို့တဲ့ ။
ထိုက်တဲ့ပုဂ္ဂိုလ်တွေ သုံးကြပါစေ ၊ ကိုယ်နဲ့ထိုက်သလောက်
သုံးချင်သုံးရမယ် ၊ ဒိပြင်ပုဂ္ဂိုလ်နဲ့ ထိုက်ရင်လည်း ဒိပြင်ပုဂ္ဂိုလ်
သုံးသွားလိမ့်မယ် ၊ ရန်သူမျိုးငါးပါးနဲ့ ထိုက်ရင်လည်း ရန်သူမျိုး
ငါးပါးထံ ရောက်သွားလိမ့်မယ် ၊ ပစ္စည်းက ပိုင်မှမပိုင်ပဲ ၊ ဘုံ
ဆိုင်ကိုး ၊ ဒါကြောင့် ပစ္စည်းစုတာဟာ ထိုက်သူတွေအတွက်ပါ ။
( ၃ ) တရားစု မိမိဖို့
ဒါနလုပ်တာ ဘယ်သူ့ဖို့လည်း ?
ကိုယ့်ဖို့ ကျန်အောင်လုပ်ရတာ ။
သီလကျင့်သုံးတာ ဘယ်သူ့ဖို့လဲ ?
ကိုယ့်ဖို့ကျန်အောင် ကျင့်သုံးရတာ ။
ဥပုသ်စောင့်တာ ဘယ်သူ့ဖို့လည်း ?
ကိုယ့်ဖို့ကျန်အောင် စောင့်ရတာ ။
ဘုရားရှစ်ခိုးတာ ဘာလုပ်ဖို့လည်း ?
ကိုယ့်ဖို့ကျန်အောင် ရှစ်ခိုးရတာ ။
တရားထိုင်တာ ၊ တရားမှတ်တာ ၊ တရားဘာဝနာပွားတာ
ဘယ်သူ့ဖို့လဲ ?
ကိုယ့်ဖို့ကျန်အောင် ပွားများရတာ ။
ယခုလို တရားနာကြတာ ဘာလုပ်ဖို့လည်း ?
ကိုယ့်ဖို့ကျန်အောင် လုပ်ကြရတာ ။
ကုသိုလ်အလုပ်မှန်ရင် ကိုယ့်ဖို့ကျန်အောင် လုပ်ကြရတာချည်းပဲ။
တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ( ယော ) ဆရာတော်
်
No comments:
Post a Comment