၃၈ ဖြာ မင်္ဂလာပုံပြင်များ
၁.. သူမိုက်ကို မပေါင်းဖော်ခြင်း
*** *** *** *** *** ***
Non - Association with Bad Characters
သူမိုက်ကို မပေါင်းဖော်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏။
ရှေးသရောအခါ ဗာရာဏသီပြည်တွင် ဒဓိဝါဟနမင်း စိုးစံသည်။
တစ်နေ့သ၌ မင်းသည် မြစ်ထဲ၌မျောပါလာသော ရွှေရောင်အဆင်းရှိသည့် သရက်သီးတစ်လုံးကို ရရှိသည်။ ထိုသရက်သီးကို သုံးဆောင်ကြည့်ရာ ချိုမြိန်၍ ထူးခြားကောင်းမွန်သော အနံအရသာနှင့် ပြည့်စုံသည်ကို သိရသည်။ ထိုသရက်သီးကို စားပြီး အစေ့ကို ဥယျာဉ်၌ နို့ရည်လောင်း၍ စိုက်ပျိုးစေ၏။ သုံးနှစ်ကြာသော် ထိုသရက်ပင်သည် အလွန်ချိုလှသည့် သရက်သီးကို သီး၏။
မင်းသည် သရက်သီးများကို ကိုယ်တိုင်လည်း သုံးဆောင်သည်။ တချို့သော တခြားမင်းများထံသို့လည်း လက်ဆောင်ပေးသည်။ သို့ရာတွင် မျိုးပွားမည် စိုးသောကြောင့် လက်ဆောင်မပေးမီ သရက်သီး၏ အညွန့်အညှောင့်ဖြစ်မည့်နေရာကို ဖားရိုးစူးနှင့်ထိုးပြီးမှ ပေးပို့သည်။
လက်ဆောင်ရလာသော မင်းတို့သည် သရက်သီးကို စား၍ အစေ့ကိုစိုက်စေသည်။ အပင်မပေါက်ပေ။ မင်းတစ်ပါးသည် သရက်သီး၏ အရသာကို ခါးအောင်လုပ်နိုင်သော ဥယျာဉ်မှူးတစ်ဦးကို ဒဓိဝါဟနမင်းထံ စေလွှတ်သည်။ ဥယျာဉ်မှူးအဖြစ် ခစားစေသည်။
ထိုဥယျာဉ်မှူးသည် သရက်ပင်အနီး၌ တမာ ခွေးတောင်ပင်တို့ကို စိုက်၏။ ထိုအပင်တို့ ကြီးထွား၍ သရက်ပင်အမြစ်နှင့် ရောယှက်၍ သွားသည်။ ထိုသရက်ပင်၏ အသီးများ ခါးသွားကြသည်။ ဥယျာဉ်မှူှးုလည်း ထွက်ပြေးသွားလေသည်။
ဒဓိဝါဟနမင်းသည် သရက်သီးများ ခါးလာသော အကြောင်းရင်းကို ဘုရားလောင်ပညာရှိ အမတ်အား စူးစမ်းစေသည်။
ပညာရှိအမတ်က.... "" တမာပင် ခွေးတောက်ပင်တို့ကြောင့် သရက်သီးခါးရပါ၏.."" ဟုလျှောက်သည်။
ထို့နောက် ထိုအပင်တို့ကို အမြစ်နှင့်တကွ နှုတ်စေပြီး မြေသြဇာသစ် ၊ မြေသြဇာကောင်းများ ကျွေးမွေးစေသည်။ နို့ရည်၊ သကာရည်၊ နံ့သာရည် တို့ဖြင့် သွန်းလောင်းစေသည်။ သို့ဖြင့် နောက်ထပ်၍ သရက်သီးများ သီးလာသောအခါ သရက်သီးတို့သည် မူလအတိုင်း ချိုမြိန်လာသည်။ ထူးကဲသော အနံအရသာနှင့် ပြည့်စုံလာလေသည်။
ထိုအခါ ပညာရှိတို့က ...
"" အသက်မဲ့သော အရာပင်လျှင် မကောင်းသော အပေါင်းအဖော်နှင့် ပေါင်းဖော်ရ၍ ပျက်စီးခဲ့ရသေးသည်။ အသက်ရှိသော သတ္တ၀ါတို့ကား မကောင်းသော အပေါင်းအဖော်နှင့် ပေါင်းဖော်သော် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း..။""
ဟူ၍ ဆိုကြလေသည်။
}}} ကျမ်းကိုး -ငါးရာ့ငါးဆယ်
ဒဓိဝိဟနဇာတ် {{{
✏ မင်းယုဝေ
No comments:
Post a Comment