မြန်မြန်တရားရစေဖို့
အထောက်အကူပေးတဲ့
အချက်(၆)ချက်
♥♥♥♥♥♥♥
ကိစ္စမများ၊ စကားနည်းစေ၊
အိပ်နေမှုနည်း၊ ကိုယ်တည်းပျော်လေ၊
ဆုံးမလွယ်ကြောင်း၊ မိတ်ကောင်းရှိစေ၊
တရားရေး၊ အားပေးဂုဏ်ခြောက်ထွေ။
➠ “ကိစ္စမများ”☆
➖➖➖➖➖➖
✪ တရားအားထုတ်နေဆဲကာလမှာ ကိစ္စနည်းရမယ်။
ဖျော်ရည်ကို ခဏခဏ ဖျော်သောက်လိုက်၊အဝတ်တွေ
လျှော်လိုက်၊ဖုန်းလေးဆက်လိုက်၊ဧည့်သည်တွေ့လိုက်နဲ့
လုပ်နေရင် အမှတ်လွတ်တဲ့အချိန်တွေ များကုန်မယ်။
စီးပွားရေးကိစ္စတွေ မိသားစုကိစ္စတွေ လာရှုပ်နေရင်လည်း
သမာဓိမရတော့ဘူး။ အကုန်လုံးကို ဥပေက္ခာပြုထားရမယ်။
✪ တစ်ချို့ဆရာတော်ကြီးတွေ
အဖေအမေသေသွားတာတောင် မသွားဘူး။
ကျမ်းတွေအများကြီးပြုစုသွားတဲ့ ဆရာတော်ကြီးဦးဗုဓ်ကို
ကြည့်ပါလား။
ခမည်းတော်ကြီး
သေတုန်းကလည်းမသွားဘူး။
မယ်တော်ကြီးသေတော့လည်း နီးနီးလေးတောင်မသွားဘူး။
စိမ်းကားလို့ မသွားတာမဟုတ်ဘူး။
သေသွားပြီးတဲ့အလောင်းကြီး အခေါင်းထဲရောက်ခါမှ သွားတော့ရော ပြန်ရှင်လာမှာမှမဟုတ်ဘဲ။
မသွားဘူး။ အလုပ်ပျက်တယ်။ ဒီလိုနှလုံးသွင်းတာနော်။
အဲဒီလိုနှလုံးသွင်းမျိုးကို
အတုခိုးရမှာ။
☆ အဲဒီလိုမဟုတ်ဘဲ ဟိုကိစ္စလည်း ငါပါမှ။
ဒီကိစ္စလည်း ငါရှိမှဆိုရင်တော့ တရားတွေပျက်ကုန်မှာပဲ။
ကိစ္စများရင် တရားမရဘူးသာမှတ်။ နောက်တစ်ချက်က
➠ “စကားနည်းစေ”☆
➖➖➖➖➖➖➖
✪ စကားပြောရင်သမာဓိပျက်လို့
‘ယောဂီတွေ စကားမပြောကြနဲ့’လို့ ခဏခဏ
သတိပေးနေတာ။ ထိုင်မှတ်တဲ့အချိန်မှာ ပင်ပင်ပန်းပန်းနဲ့ကြိုးစားမှတ်မှရတဲ့ သမာဓိလေးဟာ
တရားနဲ့မဆိုင်တဲ့စကားကို ငါးမိနစ်လောက်
ပြောလိုက်တာနဲ့ အကုန်ပျက်ရော။နောက်တစ်ချိန်
ပြန်ထိုင်တဲ့အခါ စိတ်တွေပျံ့ပြီး အာရုံနဲ့မှတ်စိတ်က
တော်တော်နဲ့ကိုမမိတော့ဘူး။
✪ ဒါကြောင့် ယောဂီတွေပြောနိုင်တဲ့
စကား(၁၀)မျိုးကိုတောင် လိုရင်းတိုရှင်းပဲ ပြောရမယ်။
အချိန်အကြာကြီးမပြောရဘူး။
(၁) အလိုနည်းမှုနဲ့ဆိုင်တဲ့စကား
(၂) တင်းတိမ်ရောင့်ရဲမှုနဲ့ဆိုင်တဲ့စကား
(၃) အပေါင်းအသင်းကင်းကွာမှုနဲ့ဆိုင်တဲ့စကား
(၄) ဝီရိယနဲ့ဆိုင်တဲ့စကား
(၅) ဆိတ်ဆိတ်ငြိမ်ငြိမ်နေရခြင်းတန်ဖိုးနဲ့ဆိုင်တဲ့စကား
(၆) သီလနဲ့ဆိုင်တဲ့စကား
(၇) သမာဓိနဲ့ဆိုင်တဲ့စကား
(၈) ပညာနဲ့ဆိုင်တဲ့စကား
(၉) လွတ်မြောက်မှုချမ်းသာနဲ့
ဆိုင်တဲ့စကား
(၁၀) မဂ်ဖိုလ်နိဗ္ဗာန်နဲ့ဆိုင်တဲ့စကား
☆ ဒါကိုတော့အကျယ်မချဲ့တော့ဘူး။
သိစေချင်တာက ဝစီပိတ်ကျင့်ရမှာမဟုတ်ပေမဲ့
စကားနည်းမှ တရားစွဲမယ်ဆိုတာကိုပဲ။ ပထမမိုးညှင်းဆရာတော်ဘုရား ကြီးဆိုရင်
တရားကျင့်တဲ့အခါတုန်းက‘စကားမပြောတရားမဟော’ ဘဲနဲ့(၁၀)နှစ်ကြာတယ်တဲ့။
ကြည်ညိုစရာ အတူယူစရာ မကောင်းဘူးလားဗျာ။
☆ ‘ကောင်းပါတယ်ဘုရား’
➠ “အိပ်နေမှုနည်း”☆
➖➖➖➖➖➖➖
✪ အိပ်ရေးပျက်မှာ မကြောက်ပါနဲ့။
မြန်မြန်တရားရချင်တဲ့ယောဂီက မနက်အစောကြီးထရ
တာကို စာဖွဲ့မနေဘူး။ ညဘက်တွေမှာတောင်
တစ်ရေးနိုးတာနဲ့ ထမှတ်တာ။
နာရီဝက်ပဲရရတစ်နာရီပဲရရ။ညဆိုတာအတတ်နိုင်ဆုံး
တစ်ချိန်နှစ်ချိန်တော့ ထထိုင်ရတယ်။
✪ နိုးလာတာနဲ့ ပြန်အိပ်တယ်ဆိုရင်
ရပ်ထဲရွာထဲကလူတွေနဲ့ ဘာထူးတော့မှာလဲ?
တစ်သံသရာလုံး အိပ်လာတာ။
ခဲခဲယဉ်းယဉ်းရလာတဲ့
လူ့ဘဝကို အိပ်ပြီးတော့အချိန်တွေဖြုန်းမပစ်နဲ့။ ရှုမှတ်ကြ။
➠ “ကိုယ်တည်းပျော်လေ”☆
➖➖➖➖➖➖➖➖
✪ ကိုယ့်အမှတ်လေးနဲ့ကိုယ် တရားနဲ့ပျော်ပါ။
အဖော်ရှိရင် မကင်းရာမကင်းကြောင်း၊စကားတွေ
ပြောနေရဦးမယ် ။ စိတ်တိုင်းမကျတာတွေလည်း
ကြုံတွေ့နိုင်တယ်။ တစ်ယောက်တည်းနေတာ အကောင်းဆုံးပဲ။
✪ ကြံ့ချိုလိုကျင့်၊ သမင်ချိုလိုမကျင့်နဲ့။
သမင်တွေဆိုရင်တောထဲမှာ ရန်သူနဲ့တွေ့လို့
ပြေးရလွှားရတဲ့အခါ သူရဲ့ချိုတွေက ဟိုငြိဒီငြိနဲ့ရှေ့ကို
မရောက်နိုင်တော့ဘူး။ ဒုက္ခဖြစ်ရော။
ကြံ့တွေကျတော့ ဦးချိုကတစ်ချောင်းတည်း ဘာမှငြိစရာ
မရှိဘူး။
✪ အဲဒီလိုပဲ ယောဂီဆိုတာအပေါင်းအဖော်တွေများရင်
တရားက ရှေ့ကိုမတက်နိုင်တော့ဘူး။ ကြံ့ချိုလို
တစ်ခုတည်း တစ်ယောက်တည်းကတရားကိုပိုလုပ်ဖြစ်တယ်။
တတ်နိုင်ရင်တောရဆောက်တည်ကြ။
➠ “ဆုံးမလွယ်ကြောင်း”☆
➖➖➖➖➖➖➖➖
✪ ‘ဆရာကပြောချင်တာပြော
ငါလုပ်ချင်တာလုပ်မှာပဲ’ဆိုရင်တော့တရားရမှာ မဟုတ်ဘူး။
အများအားဖြင့် စာပေဗဟုသုတများတဲ့ယောဂီက
မာန ရှိတတ်တယ်။
အကုန်လုံးကို သိမ်းကြုံးပြောတာတော့
မဟုတ်ဘူး။
ဖြစ်တတ်တဲ့သဘောကို ပြောတာ။
✪ ကိုယ့်ကိုယ်ကိုအထင်ကြီးတော့
ဆရာကိုအထင်သေးတာပေါ့ဗျ။ အထင်သေးတော့
ဆရာသမားပြောတာကို နားမထောင်ဘူး။ အဲဒီအဖြစ်မျိုးကိုရှောင်ပြီး ဆိုဆုံးမလွယ်မှလည်း တရားရမြန်တာ။
➠ “မိတ်ကောင်းရှိစေ”☆
➖➖➖➖➖➖➖➖
✪ ဒါကအရေးကြီးတယ်
ကိုယ့်ထက်တရား အတွေ့အကြုံများပြီး ကြိုးကြိုးစား
စားအားထုတ်တဲ့ ယောဂီနဲ့ပေါင်းပါ။
တရားအားထုတ်ရင်း တစ်ခါတလေ
ကိုယ်ဉာဏ်မမီတာလေးတွေ့ကြုံတတ်တယ်။
ယောဂီဆိုတာဆရာသမားကို အမြဲတမ်းမမေးဝံ့ဘူး။
ကြောက်တာလည်းပါမယ်။ ဒါလေးတောင်မသိရကောင်းလား
ဆိုပြီးအထင်သေးခံရမှာစိုးလို့
လည်းဖြစ်တတ်တယ်။
✪ ကိုယ်မေးချင်တဲ့အချိန်မှာ
ဆရာသမားကလည်း အလုပ်များရင်များနေမှာကိုး။
အဲဒီတော့အမြဲတမ်း ဆရာသမားကိုပဲမေးဖို့ဆိုတာ
အဆင်မပြေဘူး။ ကိုယ့်မှာ မိတ်ကောင်းဆွေကောင်း
ရှိတဲ့သူ ကျတော့ တော်ရုံတန်ရုံကိစ္စကို
သူ့မေးလိုက်တာနဲ့ အဆင်ချောသွားရော။
တစ်ချို့ကအသက်ငယ်ပေမဲ့ ဓမ္မဗဟုသုတလည်းများတယ်။
ဆရာသမားကောင်းနဲ့ တရားအားထုတ်ထားတဲ့
အတွေ့အကြုံလည်းများတော့
လမ်းကြောင်းမှန်အောင်
ညွှန်ပြနိုင်တယ်နော်။
✪ တရားမြန်မြန်ရချင်တဲ့သူက
အဲဒီလိုအပြင်မိတ်ကောင်းကို
လည်းရွေးပေါင်းရတယ်။
ပါပမိတ္တနဲ့မပေါင်းရဘူး။
မူးရူးဆိုးသွမ်းနေမှပါပမိတ္တခေါ်တာမဟုတ်ဘူးနော်။
အချိန်ဖြုန်းနေတဲ့ပုဂ္ဂိုလ်နဲ့ မရှုမမှတ်တဲ့ပုဂ္ဂိုလ်ဟာ ပါပမိတ္တပဲ။
ဒါကြောင့်မို့ မြန်မြန်တရားရချင်တဲ့ယောဂီဟာ
ဟိုလျှာက်သွားဒီလျှောက်သွား ယောဂီတွေနဲ့ မပေါင်းရဘူး။
ကိစ္စများစကားများတဲ့ ယောဂီတွေကိုလည်းရှောင်ရမယ်။
✪ အတွင်းမိတ်ကောင်းကျတော့
သဒ္ဓါ ပညာနဲ့ပေါင်းပါ။ သတိ ပညာနဲ့ပေါင်းပါ။
လောဘ ဒေါသနဲ့ မပေါင်းပါနဲ့။
ဒီ(၆)ပါးနဲ့ပြည့်စုံရင် တရားမြန်မြန်ရတယ်။ နောက်ထပ်
ဘာအကြောင်းတရားတွေရှိသေးလဲ ကြည့်ကြရအောင် •••
☆ အားထုတ်နေတာချင်းအတူတူ
သူကဘာဖြစ်လို့မြန်မြန်တရားတက်သွားတာလဲ။
ဆန်းစစ်ကြည့်တဲ့အခါ •••
(၁) အမှတ်ဆက်လို့
(၂) အပေါ်ယံလေးမမှတ်ဘဲစူးစူးစိုက်စိုက်မှတ်လို့။
(၃) ဣန္ဒြေတွေညှိတတ်လို့။ ဒီလိုလဲသိထားရမယ်နော်။
✪ အမှတ်ဆက်တာက သုံးမျိုးရှိသေးတယ်။
ပထမတစ်မျိုးက ထိုင်လျက်နဲ့လည်း
အမှတ်ဆက်တယ်။
သုခဝေဒနာပေါ်လာရင် မှိန်းနေတဲ့ အကျင့်မရှိဘူး။
စိတ်ကူးရင်လည်း မှတ်တယ်။ ပျင်းရင်လည်းမှတ်တယ်။
အချိန်မရွေး၊ နေရာမရွေး၊ အာရုံမရွေးမှတ်တယ်။
✪ အရေးကြီးတယ်နော်ယောဂီတို့ ဉာဏ်စိုက်ထားပါ။
ထိုင်မှတ်နေပေမဲ့ တချို့က အမှတ်ဆက်တာမဟုတ်ဘူး။
တစ်ချို့ယောဂီကအာရုံကို တစ်ခုတည်း လှေနံဓားထစ်ပဲ။
ရွရွမွမွ တောင့်တောင့်တင်းတင်းနဲ့ ပူတာ အေးတာ
လှုပ်တာ ဒါပဲမှတ်တယ်။
စိတ်ကိုကျတော့ လုံးလုံးမမှတ်ဘူး။
အဲဒီတော့
အမှတ်ကဆက်ပါ တော့မလား?
☆ ‘မဆကပွါဘူးဘုရား’
✪ ဘာအာရုံလာလာရှုမှတ်တတ်မှ
မြန်မြန်တရားတက်တာနော်။ ဒါကြောင့်မို့ မဟာစည်
ဆရာတော်ဘုရားကြီးက ပေါ်ရာပေါ်ရာကိုရှုမှတ်ခိုင်းတာ။
ရုပ်ပေါ်ရင်ရုပ်ကိုရှု။ ဝေဒနာပေါ်ရင်ဝေဒနာကိုရှု။
စိတ်ပေါ်ရင်စိတ်ကိုရှု။ သဘောပေါ်ရင်သဘောကိုရှု။
✪ သတိပဋ္ဌာန်လေးပါးလုံး အကုန်ပါသွားရော။
အဲဒီတော့ ထိုင်မှတ်နေတဲ့အခါအမှတ်က
ဆက်နေတဲ့အတွက် တရားမြန်မြန်တက်တယ်။
✪ ဒုတိယတစ်မျိုးက ဣရိယာပုတ်နဲ့လည်း
အမှတ်ဆက်တယ်၊ ထိုင်တဲ့အချိန်ပဲ မှတ်တာမဟုတ်ဘူး။
သွားတဲ့အခါလည်းမှတ်တယ် ။ရပ်နေတဲ့အခါလည်းမှတ်တယ်။
မအိပ်မီ တုံးလုံးလှဲတဲ့အခါမှာလည်း
မှတ်တယ်။
ဣရိယာပုတ်မရွေးမှတ်တယ်။
✪ တတိယတစ်မျိုးက
မဂ်ဉာဏ်ဖိုလ်ဉာဏ်ရတဲ့အထိ
လည်း အမှတ်ဆက်တယ်။
တစ်နှစ်ကို တစ်လနှစ်လ အားထုတ်လိုက်အိမ်ပြန်လိုက်။ ဒါမျိုးမဟုတ်ဘူး။
✪ ‘လမ်းဆုံးမရောက် လက်မမြှောက် တောက်လျှောက်သွားရမည်’ဆိုတဲ့အတိုင်း အနည်းဆုံး
တစ်မဂ်တစ်ဖိုလ်ရတဲ့အထိ တောက်လျှောက်အားထုတ်မယ်၊
ဒီလိုဆုံးဖြတ်ပြီးအားထုတ်တာ။
ဒါကြောင့်မြန်မြန်တရားရဖို့ဆိုတာအမှတ်ဆက်ဖို့လိုတယ်။
အချိန်မရွေး၊ နေရာမရွေး၊ အာရုံမရွေး၊ ဣရိယာပုတ်မရွေး
မှတ်ရမယ်။ စူးစူးစိုက်စိုက်မှတ်ဖို့့ လိုတယ်။
[ မြစိမ်းတောင်ဆရာတော်
အရှင်ဇာနေယျ ]
Crd ___
𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻
No comments:
Post a Comment