ရက်လည်,လလည်,
ဆွမ်းသွတ်များနှင့်စပ်၍ သိမှတ်ဖွယ်။
ကွယ်လွန်အနိစ္စရောက်၍ သေဆုံးသူများအား ရည်မှန်းကာ
ရဟန်းတော်များအား နေအိမ်သို့ ပင့်ဘိတ်၍
"ရက်လည်ဆွမ်း" "လလည်ဆွမ်း""နှစ်လည်ဆွမ်း"စသဖြင့်
ဆွမ်းသွတ်ခြင်းများကို
ဗုဒ္ဓဘာသာဝင်တို့ အမြဲပြုလုပ်လေ့ရှိကြတာ
ရှေးအခါကနေ ယခုထက်တိုင်ပါပဲ။
ရိုးရာ ဓလေ့ထုံးတမ်းအနေနှင့်ရော ဘာသာရေးအလေ့အကျင့်
အနေနဲ့ပါ ကောင်းမြတ်လှတဲ့ အမူအကျင့်တစ်ခုပါ၊
ဘုရားဟောနှင့်ညီညွတ်သလို
သားသမီးကျင့်ဝတ်ထဲက မိဘတို့မျှော်လင့်ချက်"လှူမျှဝေ၍"
ဆိုတဲ့အချက်ဟာ ဘိုးဘွားမိဘတွေအတွက်
အလှူအတန်းပြုလုပ်ပြီး အမျှပေးဝေဘို့ ကျန်ရစ်သူများက
ပြုလုပ်ရမည့် တာဝန်တစ်ခုဖြစ်ပါတယ်။
ယခု. . . ဓမ္မဗဟုသုတ ရစေရန် ဆန္ဒမှန်ဖြင့်
ရက်လည်,လလည်,နှစ်လည်,ဆွမ်းသွတ်ရခြင်းများနှင့်စပ်၍
ရေးသားဖော်ပြအပ်ပါသည်။
ဘုရား-ရဟန္တာ အရိယာပုဂ္ဂိုလ်တို့မှတစ်ပါး
သတ္တဝါများ သေဆုံးကြတဲ့အခါ ရောက်ရာဘုံဘဝ
လားရာဂတိ ငါးဌာနရှိလေသည်
၁။ ဒေဝဂတိ= နတ်ပြည်-ဗြဟ္မပြည်၊
၂။ မနုဿ=လူ့ပြည်၊
၃။ တိရစ္ဆာန=တိရိစ္ဆာန်ဘုံဘဝ၊
၄။ ပေတ=ပြိတ္တာဘုံဘဝ၊
၅။ နိရယ=ငရဲတို့ဖြစ်ပြီး
ဤငါးဌာနသို့
ကံအကြောင်းအားလျော်စွာ
လားရောက်ရပေသည်။
ဘုရား-ရဟန္တာ အရိယာတို့ပါမကျန် သတ္တဝါတို့ကို
ပုဂ္ဂိုလ်အားဖြင့် ခွဲခြားလျင် သုံးမျိုးသုံးစားရှိသည်-
၁။ ဂတိဝိမုတ္တိပုဂ္ဂိုလ်။
၂။ ဂတိနိယတပုဂ္ဂိုလ်။
၃။ ဂတိအနိယတပုဂ္ဂိုလ်။
ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့ဟာ
ဤဘဝခန္ဓာချုပ်ငြိမ်းလျင် နိဗ္ဗာန်ဝင်စံကိန်းတော်မူကြသော
ကြောင့် "ဂတိ ဝိမုတ္တိပုဂ္ဂိုလ်"များဖြစ်သည်။
ထို့ကြောင့် ရည်မှန်းကုသိုလ် လုပ်ပေးဘွယ်မလို
လုပ်ပေးလို့လဲမရနိုင်။
အခြားသော အရိယာ-သောတာပန်,သကဒါဂါမ်,
အနာဂါမ်ပုဂ္ဂိုလ်တို့သည်လည်း-
လားရာဂတိမြဲသော"ဂတိနိယတ"ပုဂ္ဂိုလ်များဖြစ်သည်အတွက်
ဘုရားရဟန္တာတို့နည်းတူ
ရက်လည်,လလည် ကုသိုလ်လုပ်ပေးရန် မရှိ။
ထိုပုဂ္ဂိုလ်တို့မှကြွင်းသော သတ္တဝါတို့သည်
"ဂတိ အနိယတ"ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
လားရာဂတိ,ရောက်လာဌာန ဘုံဘဝ အမြဲမရှိ။
ကုသိုလ်/အကုသိုလ် ကံအားလျော်စွာပင်
လူ့ပြည်/နတ်ပြည်(ကာမသုဂတိ(၇)ဘုံ၌ဖြစ်နိုင်သလို,
အပါယ်လေးပါး ဘုံးဌာနများသို့လည်း
ဆိုက်ရောက်နိုင်ကြလေသည်။
ထို့ကြောင့် ယျေဘုယျအားဖြင့် သတ္တဝါတို့ သေလွန်လျင်
လားရောက်ရာဘဝ (၅)ဟု ဆိုပေသည်။
ယေဘုယျေန ဟိ သတ္တာနံ
လောဘေန ပေတ္တိဝိသယံ နေတိ။
သေကာနီး လောဘစိတ်-အတွယ်တာ,
အနှောင်ဖွဲ့စိတ်ဖြင့် သေပါက များသောအားဖြင့်
ပြိတ္တာဘုံသို့ ရောက်တတ်ကြသည်။
ယေဘုယျေန-
ဒေါသေန နိရယံ နေတိ၊
ဒေါသစိတ်တန်းလန်းနှင့် သေဆုံးပါက
ငရဲဘုံဌာနသို့ ဖြစ်တတ်ပါသတဲ့။
ယေဘုယျေန-
မောဟေန တိရစ္ဆာန နိသယံ။
နေတိ သတိမထား
မောဟများနဲ့ သေလွန်ပါက အများအားဖြင့်
တိရိစ္ဆာန်ဖြစ်တတ်ပါသတဲ့။
လူ့သဘာဝက
များသောအားဖြင့်တော့ သေကာနီးကာလဆို
သားသမီး,ပစ္စည်းစတာတွေကို စိတ်မချ
တွယ်တာနေတဲ့ လောဘစိတ်တွေ အဖြစ်များပါတယ်။
(ဘေးနားက သားသမီး ဆွေမျိုး စတာတွေရဲ့
အပူပင်မျက်နှာတွေ မြင်ရ, ငိုယိုသံတွေကြားရလေ့ရှိတော့
မြင်စိတ် ကြားစိတ်က ကုသိုလ်ဖြစ်ဖွယ်အာရုံမရှိဘူး။
ဒါမျိုးတွေ မဖြစ်အောင် ဂရုစိုက်သင့်လှ၏)
ထို့ကြောင့်ပဲ ကုသိုလ်ကောင်းမှုကံတွေ ရှိနေပါလျက်
သေကာနီဇောကြောင့် ပြိတ္တာဘုံဘဝ ရောက်ရသူတွေ
အများပြားရှိပါတယ်။
သေသူရည်မှန်း ရက်လည်ဆွမ်းပြုလုပ်၍
{ဣဒံ နောဉာတီနံ ဟောတု သုခိတာ ဟောန္တု ဉာတယော}
ဟု စသဖြင့် အမျှဝေရာ၌ "ပေတဂတိ"မှတစ်ပါး
အခြား"ဒေဝ,မနုဿ,နိရယ,တိရစ္ဆာနဂတိတွေမှာ ဖြစ်သူတွေဟာ သာဓုခေါ်ပြီး ကုသိုလ်အဘို့ကို မရနိုင်ပါဘူး။
"ပေတ"ပြိတ္တာဘုံကိုရောက်သူတောင်မှ
ပြိတ္တာအမျိုးအစား (၂၄)မျိုးရှိရာ "ပရဒတ္ထူပ ဇီဝိတ"
(လူတို့အခေါ် တစ္ဆေ,သရဲ)တစ်မျိုးထဲသာ ကုသိုလ်အမျှကို
သာဓုခေါ်နိုင်တယ်လို့ ဆိုပါတယ်။
တိရောကုဋ္ဋ သုတ်မှာ-
ဘုရားရှင်အလိုကျ ဗိမ္မိသာရမင်းကြီးက သူ၏ဆွေမျိုး
ဖြစ်ဘူးသော ပရဒတ္တူပ ဇီဝိတပြိတ္တာများကို ကုသိုလ်ပြုလုပ်၍
အမျှပေးဝေကာ ကျွတ်လွတ်စေပြီး
သုဂတိချမ်းသာ ရစေမှု,အစားအစာ အဝတ်တန်ဆာ,
နေစရာပြည့်စုံစေမှုသည်
"သေသူရည်မှန်း ကုသိုလ်အစွမ်းဖြင့် ရှင်သူပေးက
သေသူရ"စေသော သာဓကတစ်ခုဖြစ်လေသည်။
သေသူရည်မှန်း ရက်လည်ဆွမ်း ကုသိုလ်အမျှပွဲပြုလုပ်ရာ
ကျန်ပြိတ္တာ(၂၃)မျိုးနှင့် အခြားဘုံဌာန ရောက်သူတွေ
မရနိုင် သာဓု မခေါ်နိုင်လျင် အချည်းနှီးဖြစ်ပြီလော'ဟု
တွေးရန်ရှိ၏။
မြတ်ဗုဒ္ဓက "ဇာဏုသောဏိ ပုဏ္ဏားအား ရည်ဇူးကုသိုလ်နှင့်
စပ်၍-"သေဆုံးသူဘက်က ကုသိုလ်အမျှကို သာဓုခေါ်ဆိုနိုင်တဲ့
ဘဝမဟုတ်လို့ ကုသိုလ်အဘို့ကို မရနိုင်လျင်လဲ
သေသူကိုရည်မှန်း လှူဒါန်းမှု, သရဂုံဆောက်တည်မှု,သီလခံယူ
မှုများ ပြုလုပ်သူများအဘို့ အချည်းနှီးမဖြစ် ကုသိုလ်အသစ်များ
ရ၍ ကျန်ရစ်သူ ရှင်သူများ ကောင်းကျိုးရသောကြောင့်
"သေသူပေးက ရှင်သူရ"ဖြစ်နိုင်ပုံ မှတ်သားစရာ သာဓကများ
လည်း ရှိပေသည်။
"သေသူကို သရဏဂုံတင်ခြင်း"ဟု လူအများ အမှတ်မှားမှုများ
လည်းရှိ၏ အမှန်စင်စစ်- သေဆုံးသူကို အမျှဝေ(ပေး)ရန်
ဒါနပြုခြင်း သီလဆောက်တည်ခြင်းနှင့် ရှင်သူများသာ သရဏဂုံ
ဆောက်တည်ခြင်းဖြစ်ပေသည်၊
(သေသူကို သရဏဂုံတင်၍ မရ။)
လောကဥပမာတစ်ခုအနေဖြင့်
ချစ်ခင်သူ တစ်ဦးတစ်ယောက်ကို လက်ဆောင်ပေးမည်ဆိုလျင်
၁။ ပေးချင်စိတ်လဲရှိတယ်(သူ့အတွက်ပဲရည်မှန်းတယ်)
၂။ ပေးဘို့ပစ္စည်းလဲလိုတယ်(တစ်ခုခုလက်ထဲရှိနေရမယ်)
၃။ ပေးတယ်(သူ လက်ဆောင်ရပြီပေါ့)။
တစ်ခါ- သူ့အတွက်လက်ဆောင် ပေးဘို့ ရည်မှန်းတယ်,
လက်ဆောင်လဲရှိတယ် ပေးလဲပေးတယ်၊
ဒါပေမည့် သူ့ဘက်က(တစ်ခြားနေရာရောက်နေလို့ လက်ခံနိုင်
တဲ့(ယူနိုင်တဲ့)အနေထားမရှိဘူးဆိုရင် သူ့အတွက်ရည်ရွယ်ထား
တဲ့ပစ္စည်းဟာ သူမရပေမည့် ကိုယ့်အတွက်ပြန်ဖြစ်သလိုပါပဲ။
လွဲမှားတတ်သော အယူအဆများ
တစ်ဦးတစ်ယောက် သေဆုံးလျင်-
(၇)ရက်နေမှ အိမ်ကထွက်သည်
(၇)ရက်နေမှ သူလားရောက်ရမည့် ဘုံဘဝ ဘုံဌာနသို့သွား
သည် ဟု အမှတ်လွဲသူများလဲ ရှိသည်၊
သေဆုံးသူသည် သေလျင်သေခြင်း"အိပ်သောယောက်ျား
နိုးသောလားသို့ အထက်မှာ ဆိုခဲ့သော ဂတိများမှ
သူ့ကံအားလျော်စွာ လားရာဂတိသို့ ဆိုက်ရောက်ရပေသည်။
စာပေစကားနှင့်ဆိုလျင်-
စုတိစိတ်ချုပ်ပြီးနောက် ပဋိသန္ဓေစိတ်(ချက်ခြင်း)ဖြစ်လေသည်၊
"လောင်လန်းသဘွယ် ဝိညာဉ်တွယ်"ဟု သေသူ၏ဝိညာဉ်သည်
သေပြီးသည်နှင့် နောက်ဘဝ၌ ပဋိသန္ဓေမဖြစ်သေးပဲ
အကြား၌ နေသေးသည်ဟူသော အယူအဆဟာ မှားယွင်း
သော "အန္တရာဘဝဒိဋ္ဌိ"အယူပင်ဖြစ်သည်။
သေလွန်ပြီးသည်နှင့်ချက်ချင်း သူပြုခဲ့သော ကံနှင့်
ထိုက်တန်သော ဘုံဘဝသို့ တန်း၍ ဖြစ်ရလေသည်။
သေဆုံးခြင်းနှင့်မွေးဖွါခြင်း(ပဋိသန္ဓေနေခြင်း)
"စုတိစိတ်နှင့်ပဋိသန္ဓေစိတ်သည် လက်ဖြောက် တစ်ချက်တီး
အချိန်ကို ကုဋေတစ်သိန်းပုံလျင် တစ်ပုံလောက်သာ
အချိန်ကြာသည်ဟု မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးကလဲ
မိန့်ဆိုထား၏၊
အန္တရာဘဝ ဝါဒ=နိယတမိစ္ဆာဒိဋ္ဌိ
တစ္ဆေ,သရဲဟုခေါ်သော ပရဒတ္တူပ ဇီဝိတပြိတ္တာများသည်လည်း
ထိုဘဝ၌(၇)ရက်မျှသာ နေခြင်းမဟုတ် မိမိကံအလျောက်
ထိုဘုံဘဝ၌ဖြစ်ရခြင်းသာ-
(၇)နေမှ ရက်လည်ဆွမ်းသွတ် တရားနာ၍ အမျှဝေ ပြုလုပ်
ကြခြင်းမှာ သေဆုံးသူရဲ့ အသုဘစျာပန ကိစ္စအဝဝ
အဝေးရောက် ဆွေမျိုးများ ဖိတ်ကြားရေး စီမံမှုများ သေဆုံးသူ
အတွက် ပူပင်သောက ဝမ်းနည်းကြတဲ့ မိသားစု ဆွေမျိုး
အပေါင်းသင်းများရဲ့ သောကများ ပြန်လည်၍ သက်သက်
သာသာတည်ငြိမ်ရေး စသည့်အကြောင်းကိစ္စများကြောင့်
အချိန်တစ်ပါတ်(၇)ရက် ရယူခြင်း မြန်မာဓလေ့တစ်ခုမျှသာ
ဖြစ်သည်။
ဗုဒ္ဓဝါဒမှာ ဝိညာဉ်,လိပ်ပြာ-ဟု မရှိ=သဿတဒိဋ္ဌိ။
(ဒီဃနိကာယ်-သီလက္ခန်-ဗြဟ္မဇာလသုတ်)
ဓမ္မအသိ တိုးပွါးကြပါစေ။crd>>> စာရိုက်ပူဇော်သူ။
No comments:
Post a Comment