စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 27, 2020

အတိတ်ကံနှင့် အဇာတသတ်

“အတိတ်ကံနဲ့ အဇာတသတ်”
••••••••••••
အဇာတသတ်လို့ ဆိုလိုက်ရင် ဒေဝဒတ်နဲ့ ပေါင်းသူ၊ 
အဖေသတ်ပြီးမင်းလုပ်ခဲ့သူ၊ ငရဲကျသွားသူလို့
အားလုံး မြင်လိုက်ကြမှာပါပဲ။စာရေးသူကတော့ 
ဗုဒ္ဓခေတ် ဘုရင်တွေထဲမှာ အဇာတသတ်ကို 
ကျေးဇူးအတင်ဆုံးနဲ့ အသနားဆုံးပါ။

ကျေးဇူးတင်ရတာကတော့ မြတ်စွာဘုရား မရှိတော့တဲ့ နောက်ပိုင်း ပထမသံဂါယနာပွဲကြီးကို 
အရှင်မဟာကဿပတို့၊အရှင်အာနန္ဒာတို့နဲ့ 
ပူးတွဲပြီး အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တာပါ။ 
အဇာတသတ်ရဲ့ ကျေးဇူးဟာ ဒီနေ့ ဆဋ္ဌသံဂါယနာ 
နောက်ပိုင်းအထိ ကျေးဇူးရှိနေတုန်းပါ။
အပြစ်က အပြစ်၊ကျေးဇူးက ကျေးဇူးပါပဲ။

တကယ်တော့ အဇာတသတ်ရဲ့ အတိတ်ကံက
ပေါ့သေးသေး မဟုတ်ပါဘူး။သောတာပန် ဖြစ်နိုင်တဲ့ ဗီဇသတ္တိကို ပါလာတာပါ။သောတာပန်ဖြစ်နိုင်တဲ့ 
ဗီဇသတ္တိ အတိတ်ကံပါလာတယ်ဆိုတာ 
နည်းတဲ့ပါရမီကုသိုလ် မဟုတ်ပါဘူး။ လူတိုင်း 
ပါလာနိုင်တဲ့ အတိတ်ပါရမီကံ မဟုတ်ပါဘူး။

ဒါပေမယ့် ပတ်ဝန်းကျင်က အားနည်းခဲ့တော့ 
သောတာပန် ဖြစ်ခွင့်နဲ့ လွဲသွားရပါတယ်။
ပတ်ဝန်းကျင်ဆိုတဲ့ နေရာမှာ အားလုံးက
“ဒေဝဒတ်” ကိုပဲ လက်ညှိုးထိုးပြီး အပြစ်ပုံချကြပါတယ်။
တကယ်တော့ အဇာတသတ် အတ္ထုပ္ပတ္တိကို 
သေသေချာချာကြည့်ရင် ဒေဝဒတ်အပြင် 
အခြားပုဂ္ဂိုလ် နှစ်ယောက်ရဲ့ အပြုအမူတွေလည်း
တစ်စိတ် တစ်ဒေသ ပါခဲ့ပါတယ်။

အဲဒီ ပုဂ္ဂိုလ်တွေကတော့ အဇာတသတ်မမွေးခင် 
နိမိတ်ဖတ် ဗေဒင်ဟောခဲ့ကြတဲ့ ပုဏ္ဏားတွေနဲ့
ဖခင်ဗိမ္ဗိသာရမင်း ကိုယ်တိုင်ပါပဲ။

အဇာတသတ်ကို ကိုယ်ဝန်ဆောင်စမှာပဲ သူ့မိခင်မှာ 
ဘုရင့်လက်မောင်းသွေး သောက်ချင်တဲ့ 
ချဉ်ခြင်းတတ်ပါသတဲ့။ ဘုရင်ဗိမ္ဗိသာရကလည်း
မိဖုရားကို လက်မောင်းသွေး ဖောက်တိုက်လိုက်ပါတယ်။
ဒီအပြုအမူကို မြင်တဲ့ ဗေဒင်ဆရာတွေဖြစ်တဲ့ 
ပုဏ္ဏားတွေက ဘယ်လို နှုတ်ကမြင်းလိုက်သလဲ
ဆိုတော့ “ဒီကိုယ်ဝန်ထဲက ကလေးဟာ ကြီးလာရင် 
အဖေဘုရင်ကို သတ်လိမ့်မယ်” လို့ နှုတ်ကမြင်း
လိုက်ပါတယ်။ဒီဗေဒင်ဆရာတွေ နှုတ်ကမြင်းမှုဟာ 
ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပါတော့တယ်။

အဖေသတ်မယ့်သားဆိုတော့ မမွေးခင်ကတည်းက 
ဝန်းကျင်ကစက်ဆုပ်နေကြပါပြီ။သူ့မိခင် အပါအဝင်ပေါ့။ 
ဒါကြောင့် ကိုယ်ဝန်ကို အမျိုးမျိုးဖျက်ချခဲ့ပါတယ်။
ဒီနေရာမှာ ဗေဒင်ဆရာတွေရဲ့ နှုတ်ကမြင်းမှုဒဏ်ကြောင့် အဇာတသတ်အတွက် မမွေးခင် လူ့လောကထဲမရောက်ခင်ကတည်းက ဝမ်းနည်းဆုံးရှူံးနစ်နာခဲ့ပုံလေးကိုပါတဆက်တည်း ပြောလိုက်ပါရစေဦး။ 

အဇာတသတ်ဆိုတဲ့ နာမည်ဟာ အဇာတသတ္ထုဆိုတဲ့ 
ပါဠိကို မြန်မာမှုပြုထားတာပါ။ အဓိပ္ပါယ်ပြန်ရရင် 
အဇာတ-မမွေးခင်က၊ 
သတ္ထု-ဖခင်ရဲ့ရန်သူ၊ 
မမွေးဖွားခင်က “ဖခင်ရဲ့ရန်သူ”တဲ့။
ဘာမှမသိသေးခင် ကိုယ်ဝန်ထဲမှာပဲ နာမည်ဆိုးကို 
ရလိုက်ပါပြီ။ဘယ်လောက် သူ့အတွက် နစ်နာသွားသလဲ။

ဥပဒေကြောင်းအရ ပြောရရင် ပြစ်မှု မကျူးလွန်သေးပဲနဲ့တရားခံ လူဆိုးလို့ ပြောခွင့်မရှိပါဘူး။
အဇာတသတ်အတွက် အထူးနစ်နာမှုတစ်ခုပါ။ 
အမှန်ကအဇာတသတ် မင်းဖြစ်လာတဲ့အခါ အဲဒီ
နှုတ်ကမြင်းခဲ့တဲ့ ဗေဒင်ဆရာတွေကိုပါ ဥပဒေ
အကြောင်းအရ ပြင်းပြင်းထန်ထန် အရေးယူပစ်ဖို့ 
ကောင်းတာပါ။ ဒါကို အဇာတသတ် မေ့သွားလို့ပဲလား ဒါမှမဟုတ် ယောနိသောမနသိကာရစိတ်နဲ့
“ဒါဟာ ဗေဒင်ဆရာတွေရဲ့ သဘာဝပေပဲ”
ဆိုပြီး ခွင့်လွှတ်နားလည်ခဲ့လေသလား မပြောတတ်ပါဘူး။ 
ဘာပဲပြောပြော ဗေဒင်ဆရာတွေ အဇာတသတ်အပေါ်ကြီးမားတဲ့ နှုတ်ပယောဂပြစ်မှုကြီးကို ကျူးလွန်ခဲ့တာတော့အမှန်ပါပဲ။

နောက်တစ်ယောက်က ဘုရင်ဗိမ္ဗိသာရ ပါ။ 
တကယ်ဆို အနာထပိဏ်သူဌေးတို့လို သားဖြစ်သူကို 
ဘုရားဆီ မရောက်ရောက်အောင် ပို့ပေးရမှာပါ။ 
ဒါမှမဟုတ် ခေါ်သွားရမှာပါ။အနာထပိဏ်သူဌေးကြီးရဲ့သား “ကာလ”ဆိုတာ ဘုရားဆီသွားဖို့ နည်းနည်းမှ အလိုမရှိသူပါ။ မြတ်စွာဘုရား အိမ်ကြွလာရင်လည်းဖူးမြင်ခြင်းလည်း မပြုဘူး။တရားနာခြင်းလဲ မပြုဘူး။
ဝေယျဝစ္စလုပ်ဖို့ ဆိုတာကတော့ ဝေလာဝေး။
ဒါပေမယ့် အနာထပိဏ်သူဌေးကြီးက သတိတရား
ရှိလေတော့ သူ့သားကို ဘုရားဆီ မရောက်ရောက်အောင်ပို့ပေးခဲ့ပါတယ်။ အားလုံးသိမှာပါ။

အနာထပိဏ် သူဌေးကြီးက ဘုရားဆီ မသွားချင်တဲ့ 
သူ့သားကို ပထမ “ငွေအသပြာတစ်ရာ ပေးမယ်။”
ပြောပြီး ဘုရားဆီတရားသွားနာခိုင်းပါတယ်။
ဒါပေမယ့် သားဖြစ်သူက ဘုရားဆီရောက်ရုံသာ 
ရောက်ပြီး အဆင်ပြေရာ တစ်နေရာမှာ ဝင်အိပ်ပြီး
အိမ်ပြန်ခဲ့ပါတယ်။နောက်နေ့ကျတော့ တစ်ထောင်ပေးမယ်ပြောပြီး လွှတ်ပြန်ပါတယ်။ ဒီလိုနဲ့ငွေပေးပြီး လွှတ်ပါများလာတော့ ကာလသတို့သား သောတပန်တည်သွားရောပဲ ဆိုပါတော့။

ဒါ အနာထပိဏ် သူဌေးကြီးက အဖေတစ်ယောက် အနေနဲ့တာဝန်အကျေဆုံးအလုပ်ကို လုပ်လိုက်တာပါ။ 
ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုတော့ မြတ်စွာဘုရားနဲ့ ဗိမ္ဗိသာရမင်းကြီးဟာလဲ အလွန်ရင်းနှီးကျွမ်းဝင်သူပါ။
သေသာသွားတယ်...သားဖြစ်သူအဇာတသတ်ကို 
ဘုရားဆီ ဘာဖြစ်လို့ ခေါ်မသွားခဲ့သလဲ။
မေ့ပဲ မေ့နေခဲ့သလား။ တမင်သက်သက်ပဲ 
မခေါ်ခဲ့လေသလား။စဉ်းစားစရာပါ။

တကယ်လို့သာ ပုဏ္ဏားဗေဒင်ဆရာတွေက 
နှုတ် မကမြင်းခဲ့ဘူးဆိုရင်၊ဗိမ္ဗိသာရမင်းကြီးကလည်းသားဖြစ်သူ အဇာတသတ်ကို ခပ်ငယ်ငယ်ကတည်းကသာ မြတ်စွာဘုရားဆီ ခေါ်သွားခဲ့ရင် ကံကြမ္မာဇာတ်လမ်း တစ်မျိုး ပြောင်းသွားနိုင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် အဇာတသတ်ဟာ သောတာပန်
ဖြစ်မယ့် “အတိတ်ဗီဇ ကုသိုလ်ကံ” ပါလာလို့ပါပဲ။
ဒါပေမဲ့ သိတဲ့အတိုင်းပါပဲ။
 “ပစ္စုပ္ပန်အကုသိုလ်ကံကြီး” က 
“အတိတ်ကံ”ကို တူးမျိုပစ်လိုက်ပါတယ်။

❖ပစ္စုပ္ပန်ပြုတဲ့အကုသိုလ်ကံဟာ လူသားတစ်ယောက်အတွက် ဘယ်လောက် အရေးပါ၊ အရာရောက်တယ် ဆိုတာ သာဓကယူဖို့ပါ။❖

တကယ်တမ်း အဇာတသတ်ကို မြတ်စွာဘုရားဆီ 
ပို့ပေးသူကတော့ “ဇီဝက”ပါ။အဇာတသတ်ဟာ 
အဘသတ်ပြီးနောက်ပိုင်း အိပ်မပျော်တော့ပါဘူး။
လှံမတွေနဲ့ လာထိုးနေသလို ခံစားနေရပါတယ်။
ဒီဝေဒနာတွေကို ကုစားပေးဖို့ ဇီဝကက အဇာတသတ်ကို
မြတ်စွာဘုရားဆီ ခေါ်သွားပေးခဲ့ပါတယ်။ဒါပေမယ့် 
ထိုက်သင့်သလောက်တော့ အချိန်နှောင်းသွားပါပြီ။

ဇီဝက အဇာတသတ်ကို မြတ်စွာဘုရားဆီခေါ်သွားတဲ့ အချိန်က တန်ဆောင်မုန်းလပြည့်ညပါ။မြတ်စွာဘုရားက
အဇာတသတ်မင်းကို“သာမညဖလသုတ်”ကိုဟောပါတယ်။
တရားဆုံးလို့ အဇာတသတ်မင်းပြန်သွားတဲ့အခါ
မြတ်စွာဘုရားက တပည့်ရဟန်းတွေကို အမိန့်ရှိတဲ့
စကားကို ဖတ်ရတာ အဇာတသတ်အတွက် ရင်ထဲမှာ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။
မြတ်စွာဘုရားက ဘယ်လို မိန့်သလဲဆိုတော့
“ချစ်သားရဟန်းတို့၊ ဒီအဇာတသတ်မင်းဟာ 
ကိုယ့်ကိုယ်ကို တူးဖျိုဖျက်ဆီးခဲ့တယ်။
တကယ်လို့သာ အဘသတ်တဲ့ အကုသိုလ်ကံ မရှိခဲ့ရင်ဒီနေရာမှာပဲ သောတာပန် ဖြစ်သွားမှာပါ”တဲ့။ 
ကဲ-ဘယ်လောက် စိတ်မကောင်း ဖြစ်ဖို့ကောင်းသလဲ။
ပစ္စုပ္ပန်ကံရဲ့ အရေးပါအရာရောက်ပုံကို ပြောတာပါ။ 

ဒါပေမယ့် အဇာတသတ်ဟာ ပစ္စုပ္ပန်ဘဝမှာ 
အဖသတ်ခြင်းဆိုတဲ့ အကုသိုလ်ကံကြီးကို ပြုခဲ့သလို၊ဒီပစ္စုပ္ပန် ဘဝမှာပဲ မြတ်စွာဘုရားနဲ့ တွေ့တော်မူခြင်းဆိုတဲ့ ကောင်းကံကြီးကိုလည်း ပြုလိုက်တော့ 
သူ့အတွက် တန်ပြန်အကျိုး သက်ရောက်မှုတွေ 
ရခဲ့ပါတယ်။

အဲဒါတွေကတော့ အဘသတ်ကံကြောင့် 
အဝီစိငရဲကို ကျမှာဖြစ်ပေမယ့်၊
❖ မြတ်စွာဘုရားနဲ့ တွေ့လိုက်ရတဲ့အတွက် 
အဝီစိငရဲထက် ငယ်တဲ့ လောဟကုမ္ဘီငရဲကိုသာ 
ကျရောက်ရခြင်း၊
❖ ယခင် အိပ်မပျော်ဖြစ်နေရာမှ ချမ်းချမ်းသာသာ 
အိပ်ပျော်သွားခြင်း၊
❖ မြတ်စွာဘုရားကို ကြည်ညိုတဲ့ ပုထုဇဉ်တွေထဲမှာ 
အဇာတသတ်နဲ့ တူသောသူ မရှိလို့ မြတ်စွာဘုရား
ကိုယ်တိုင် ချီးမွမ်းခြင်းခံရခြင်း၊ 
❖ နောက်ဆုံး အကျိုးကတော့ နောင်အနာဂတ်မှာ
“ဝိဇိတာဝီ” ဆိုတဲ့ နာမည်နဲ့ ပစ္စေကဗုဒ္ဓရဟန္တာ
ဖြစ်ပြီး ပရိနိဗ္ဗာန်စံရမှာပါပဲ။
ဘာပဲပြောပြော အဇာတသတ်ကတော့ မိမိတို့နဲ့စာရင် တရားဝင် နိဗ္ဗာန်ဝင် လက်မှတ်ရသွားပါပြီ။

ပြောလိုတာကတော့ ပစ္စုပ္ပန်ကံဟာ လူသားတစ်ယောက်အတွက် အဓိကအရေးကြီးဆုံးကံ ဖြစ်တယ်ဆိုတာပါ။ 
မသိနိုင်၊ မမြင်နိုင်တဲ့ အတိတ်ကံကို ထားလိုက်ပါတော့။
လက်ရှိ ပစ္စုပ္ပန်ဘဝမှာ(ရောက်ဆဲပစ္စုပ္ပန်အချိန်မှာ) 
ပစ္စုပ္ပန်ကံကို အကောင်းဆုံးဖြစ်အောင် 
တည်ဆောက်ယူတတ်ဖို့ပါပဲလေ။ ။

အပ္ပမာဒေန သမ္ပာဒေထ။
-【ဆရာတော်အရှင်ရာဇိန္ဒ 
္(ရဝေနွယ်-အင်းမ)】

Credit to original uploder.

No comments:

Post a Comment