စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, December 3, 2024

အစွဲလေးမျိုး

အစွဲလေးမျိုး
__🌷🌿🌷___

အစွဲဟူသည် ဖားကို မြွေခဲထားသကဲ့သို့ တစ်စုံတစ်ခုကို မလွှတ်တမ်း ဆုပ်ကိုင်ထားခြင်းပင် ဖြစ်သည်။ ယင်းအစွဲကိုပင် " ဥပါဒါန်" ဟု ခေါ်သည်။

အစွဲကြီးလျှင် " မရလို့ မဖြစ်ဘူး၊ ရကို ရမှ ဖြစ်မယ်၊ မရှိလို့ မဖြစ်ဘူး၊ ရှိကို ရှိမှ ဖြစ်မယ်" ဆိုပြီး ဖြစ်သွား၏။ ထို့ကြောင့် စိတ်သည် တစ်ခုခု စွဲလန်းနေပြီဆိုလျှင် မေ့ဖျောက်လို့ မရတော့ပေ။ စားစားသောက်သောက် သွားသွားလာလာ ဘာပဲလုပ်လုပ် စိတ်ထဲ ရောက်ရောက်လာ၏။ တခါတရံ အိပ်မက်ထဲထိ ရောက်လာလေ၏။

အစွဲကြီးလေ ဒုက္ခကြီးလေပင် ဖြစ်သည်။ ထို့ကြောင့် "ဥပါဒါန်ကြောင့် ဥပါဒ်ရောက်" ပြောကြခြင်း ဖြစ်သည်။ တကယ်တော့ သတ္တဝါများ ဒုက္ခရောက်ကြခြင်းသည် အစွဲကြောင့်ပင် ဖြစ်သည်။ 

၁။ အာရုံစွဲ ဥပါဒါန်
----------------

အာရုံစွဲ ဥပါဒါန်ဟူသည် အဆင်း အသံ စသော အာရုံတို့ကို စွဲလန်းခြင်းတည်း။ ယင်းကိုပင် "ကာမုပါဒါန်" ဟု ခေါ်၏။ ( ကာမ+ ဥပါဒါန်)။ လောဘပင် ဖြစ်သည်။

တချို့က အဆင်းကို စွဲလန်း၏။ တချို့က အသံကို စွဲလန်း၏။ တချို့က အနံ့ကို စွဲလန်း၏။ တချို့က အစားအသောက်ကို စွဲလန်း၏။ တချို့က အဝတ်အစားကို စွဲလန်း၏။ တချို့က ဘုံဌာနကို စွဲလန်း၏။ 

အဆင်းဆိုလျှင်လည်း မကြည့်ရ မနေနိုင်၊ အသံဆိုလျှင်လည်း မကြားရ မနေနိုင် ဖြစ်နေသည့် စိတ်ကိုပင်  ဥပါဒါန်ဟု ခေါ်သည်။

ဘုရင် ဗိမ္ဗိသာရဆိုလျှင် သောတာပန်အရိယာပုဂ္ဂိုလ်ကြီးပင် ဖြစ်၏။ သို့သော် နတ်ရွာစံသောအခါ အောက်ဆုံးနတ်ဘုံတွင် နတ်သားလေး ဖြစ်ရ၏။ ဘာကြောင့်နည်း၊ ထိုဘုံလေးကို စွဲလန်းနေသောကြောင့်တည်း။

ဘုရင်ကြီးသည် ထိုဘုံလေးမှာ မကြာမကြာ ဖြစ်ဟန်တူ၏။ ထို့ကြောင့် ဘုရင်ကြီး၏ စိတ်ထဲမှာ သဘောကျနေခြင်း ဖြစ်သည်။ ဥပါဒါန်ဆိုသည်မှာ ရဟန္တာဖြစ်မှသာ အပြီးတိုင် ဖယ်ရှားနိုင်လေသည်။

ဘုရင်ကြီး၏ ကံတရားသည် အထက်နတ်ပြည်ကို တက်ဖို့ အခွင့်အလမ်းပေး၏။ သို့သော် စိတ်က အထက်ကို မတက်ချင်၊ အောက်ဆုံး နတ်ဘုံလေးမှာပင် ပျော်ပိုက်နေ၏။ ထို့ကြောင့် ဘုရင်ကြီးသည် အောက်ဆုံးနတ်ဘုံလေးမှာ ဖြစ်ရခြင်း ဖြစ်သည်။

"ဇိကုပ်လို့ နတ်ပြည်တင်, မြင့်တယ်ထင်လို့ ခုန်ချ" ဆိုသည်မှာ ဥပါဒါန်တရားပင်တည်း။ ထို့ကြောင့် ဥပါဒါန်တရားသည် ကံတရားကို ကမောက်ကမဖြစ်အောင် လုပ်နိုင်စွမ်း ရှိ၏။ ကြောက်စရာ ကောင်းလှပေ၏တကား။

၂။ အယူစွဲ ဥပါဒါန်
----------------

အယူစွဲဥပါဒါန်ဟူသည့် မှားယွင်းသည့် အယူဝါဒကို စွဲလန်းခြင်းတည်း။ ယင်းကိုပင် " ဒိဋ္ဌုပါဒါန်" ဟု ခေါ်သည်။
 ( ဒိဋ္ဌိ+ ဥပါဒါန်)။ ဒိဋ္ဌိပင် ဖြစ်သည်။ 

(ဒသဝတ္ထုကာ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါနံ၊ ဝိဘင်္ဂ၊ ဋ္ဌ၊ ၁၇၂။)

အယူလွဲသူတို့သည် ကံတရားကို လက်မခံပေ။ ကံတရားကို လက်မခံလျှင် "ကုသိုလ်လုပ်လည်း ကောင်းကျိုး မရ၊ အကုသိုလ် လုပ်လည်း အပြစ် မရှိ" ဟု ကုသိုလ် အကုသိုလ်ကို ပစ်ပယ်လေတော့သည်။

ထို့ကြောင့် အယူလွဲလျှင် ကုသိုလ်လုပ်ဖို့ ခဲယဉ်းသွားတော့၏။ တချို့ဆိုလျှင် အများအကျိုး သည်ပိုးနေသည်ကိုပင် ရှုတ်ချလိုက်သေး၏။ " အများအကျိုးဆောင် ကိုယ်ကျိုးပြောင်၊ ခြေနှစ်ချောင်း မကယ်ကောင်းဘူးကွ" တဲ့။

အယူလွဲသောသူသည် ကုသိုလ်ကိုသာ ပစ်ပယ်သည် မဟုတ်သေး၊ အကုသိုလ်ကိုလည်း လက်ရဲဇက်ရဲ လုပ်လေ၏။ အကြောက်အလန့် မရှိတော့ပေ။

တချို့လူများဆိုလျှင် ခေါင်းပုံဖြတ် ဂုတ်သွေးစုပ် ဖျံကျ အနိုင်ကျင့်နေသည်ကိုပင် "လူလည်ကြီး" ဟု ထင်နေ၏။ ကိုယ့်ထက်လည်သောသူများ အပါယ်ဘုံက စောင့်နေသည်ဆိုသည်ကို မသိရှာတော့။ 

ထို့ကြောင့် အယူလွဲခြင်းသည် အန္တရာယ် အလွန်ကြီး၏။ နတ်ပြည်ခရီးကိုလည်း တားဆီး၏။ နိဗ္ဗာန်ခရီးကိုလည်း တားဆီး၏။ 

၃။ အကျင့်စွဲ ဥပါဒါန်
----------------

အကျင့်စွဲဥပါဒါန်ဟူသည် မှားယွင်းနေသည့် အကျင့်များကို စွဲလန်းနေခြင်းတည်း။ ယင့်ကျင့်စဉ်တို့ကို ဒုက္ခငြိမ်းကြောင်းဟု စွဲလန်းနေခြင်းပင် ဖြစ်သည်။ ယင်းကိုပင် "သီလဗ္ဗတုပါဒါန်" ဟု ခေါ်သည်။ ( သီလဗ္ဗတ + ဥပါဒါန်)။ ဒိဋ္ဌိပင် ဖြစ်သည်။

အမှန်တကယ်ကား ဒုက္ခငြိမ်းဖို့အတွက် သီလ သမာဓိ ပညာကို ကျင့်ရမည် ဖြစ်၏။ သီလ သမာဓိ ပညာကို အကျယ်ချဲ့လျှင် မဂ္ဂင်ရှစ်ပါး ဖြစ်သွားလေသည်။ မဂ္ဂင်ရှစ်ပါးသည်သာ ဒုက္ခငြိမ်းဖို့အတွက် တစ်ခုတည်းသော ကျင့်စဉ် ဖြစ်သည်။

ဘုရားလက်ထက်က တချို့လူများသည် ရှေးက အကုသိုလ်အပြစ်ဒဏ်ကို ယခုဘဝ၌ ခံသောအားဖြင့် ခွေးကဲ့သို့၎င်း နွားကဲ့သို့၎င်း ကျင့်ကြလေ၏။ တချို့က အဝတ်မဝတ်ဘဲ နေ၏။ တချို့က လေးဘက်ထောက်၍ သွား၏။ ဤကဲ့သို့ ကျင့်မှ ဒုက္ခမှ လွတ်မြောက်မည်ဟု ယုံကြည်နေကြ၏။ ဤကား " သီလဗ္ဗတုပါဒါန်" ဖြစ်သည်။ အလွန်ထူးဆန်းသော လောကကြီးပါတကား။

ပုဂံခေတ်တွင် တချို့ဒေသများ၌ "အရည်းကြီး" ခေါ်သည့် ဘုန်းကြီးများကို ကိုးကွယ်ခဲ့ကြ၏။ ထိုဘုန်းကြီးများသည် အပူဒဏ်ခံနိုင်အောင် မီးလှုံခြင်း၊ အအေးဒဏ် ခံနိုင်အောင် ရေငုတ်ခြင်းစသော အကျင့်တို့ကို ကျင့်ကြသတတ်။ " သီလဗ္ဗတုပါဒါန်" ၌ အကျုံးဝင်၏ဟု ဆိုနိုင်ပါ၏။

ပွဲလမ်းသဘင် အခမ်းအနားများတွင် ထိုဘုန်းကြီးများကို အရက်ဖြင့် ဧည့်ခံရ၏။ " အရက် မသောက်ရ" ဟူသော သီလကို ပစ်ပယ်ခြင်းပင် ဖြစ်သည်။

ထိုဘုန်းကြီးများသည် အသားငါးများကိုလည်း အလွန် ကြိုက်၏။ ထို့ကြောင့် သားကြီးငါးကြီး သတ်ဖြတ်ခြင်းကိုလည်း အားပေးကြလေသည်။ " သူ့အသက် မသတ်ရ" ဟူသော သီလကို ပစ်ပယ်လိုက်ခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့သော အမူအကျင့်များသည် မှန်ကန်သော ကျင့်စဉ် မဟုတ်ပေ။ ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ဘက် အကျင့်များ ဖြစ်ပါသည်။ ထို့ကြောင့် အကျိုးမရှိသော ကျင့်စဉ်များကို ဖယ်ရှားရမည် ဖြစ်ပေသည်။

၄။ ငါစွဲဥပါဒါန်
--------------

ငါစွဲဥပါဒါန်ဟူသည် ငါမရှိဘဲ ငါရှိသည်ဟု စွဲလန်းနေခြင်းတည်း။ ယင်းကိုပင် " အတ္တဝါဒုပါဒါန်" ဟု ခေါ်သည်။  ( အတ္တဝါဒ + ဥပါဒါန်)။

ဤနေရာ၌ အတ္တဟူသည် " ငါကောင် , ဝိညာဉ်, လိပ်ပြာ" ဟု အဓိပ်ပါယျရ၏။ သက္ကာယဒိဋ္ဌိပင် ဖြစ်သည်။ ( ဝီသတိ ဝတ္ထုကာ သက္ကာယဒိဋ္ဌိ အတ္တဝါဒုပါဒါနံ။ ဝိဘင်္ဂ၊ ဋ္ဌ၊ ၁၇၃။)

ခန္ဓာကို ဉာဏ်နှင့် ကြည့်လျှင် ရုပ်နှင့် နာမ်ပဲ ရှိ၏။ မြင်နေရသည့် အထည်ကိုယ်ကြီးသည် ရုပ်တရား, အသိစိတ်သည် နာမ်တရား ဖြစ်သည်။

ရုပ်တရားဖြစ်စေ နာမ်တရားဖြစ်စေ ဖြစ်ပြီးလျှင် ပျက်ရသည်သာတည်း။ ပျက်သွားမှတော့ ဘာမှ မရှိတော့။ ဘာမှ မရှိသည့်အတွက် " သုည" သာတည်း။ သုညဖြစ်သည့်အတွက် " ငါ" ဆိုသည်မှာလည်း မရှိတော့ပေ။

ထို့ကြောင့် မြတ်စွာဘုရားက " သုညတော လောကံ အဝေက္ခဿု-  လောကကြီးကို သုညအဖြစ်နှင့် ရှုမှတ်ပါ" ဟု ဟောတော်မူခဲ့ခြင်း ဖြစ်သည်။ ( ပါရာယနသုတ်)

ပုထုဇဉ်လောကမှာ သားသေလို့ ငိုကြ၊ သမီးသေလို့ ငိုကြ၊ မြေးသေလို့ ငိုကြနှင့် ပရိဒေဝမီး တောက်လောင်နေကြ၏။ ဘာကြောင့် ငိုနေကြသနည်း၊ ငါ့သား ငါ့သမီးဟူသော အစွဲကြောင့်တည်း။ ဤသည်ကိုပင် " အတ္တဝါဒုပါဒါန်" ဟု ခေါ်သည်။

အစွဲပြုတ်မှ ဒုက္ခငြိမ်းမယ်
---------------------

ငါစွဲ ရှိနေလျှင် ဒုက္ခလည်း ရှိနေမည်သာ ဖြစ်သည်။ ငါစွဲပြုတ်မှ ဒုက္ခချုပ်မည် ဖြစ်သည်။ ငါစွဲပြုတ်ဖို့အတွက် တစ်ခုတည်းသော လမ်းကြောင်းကား ဝိပဿနာတရားပင် ဖြစ်ပေသည်။

၀ိပူနာဆိုသညျကား ခန္ဓာကို ဉာဏ်နှင့် ကြည့်သော အလုပ်တည်း။ ခန္ဓာကို ဉာဏ်နှင့် ကြည့်သောအခါ ရုပ်တရားနှင့် နာမ်တရားတို့ကို မြင်သွား၏။ 

ထို့နောက် သမာဓိအားကောင်းလျှင် ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို မြင်သွား၏။ အဖြစ်အပျက်ကို မြင်ခြင်းသည် "အနိစ္စ" ပင် ဖြစ်၏။

" အနိစ္စ" မြင်လျှင် "ဒုက္ခ" ကိုလည်း မြင်သွားတော့၏။ " ဒုက္ခ" ကို မြင်လျှင် " အနတ္တ" ကို မြင်သွားတော့၏။ " အနတ္တ" ကို မြင်လျှင် " ငါစွဲ" ပြုတ်သွားလေတော့သည်။

ငါစွဲပြုတ်လျှင် တဖြေးဖြေးနှင့် ကိလေသာများ ချုပ်သွားလေသည်။ ကိလေသာချုပ်လျှင် ဒုက္ခလည်း ချုပ်ငြိမ်းသွားလေတော့သည်။ ဤသည်ကိုပင် နိဗ္ဗာန်ဟု ခေါ်လေသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ 
အေးငြိမ်းချမ်းသာ ရှိပါစေ"
___________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment