လောကမှာအပြစ်တင်မခံရတဲ့သူမရှိဘူးတဲ့
လူဆိုတာတယောက်ကိုတယောက် ဝေဖန်တာပဲ၊
ကိုယ့်ကို တည့်တည့်ဝေဖန်တာလည်းရှိမယ်၊
ကွယ်ရာမှာ ဝေဖန်တာလည်းရှိမယ်၊
ဝေဖန်တာလည်းမခံချင်၊စိတ်ဆင်းရဲတာလည်းမခံချင်ရင် ဘာမှမလုပ်ပဲနေမှ။
ဘာမှမလုပ်ပဲနေရင်တောင်၊ ဘာမှမလုပ်ဘူးလို့ဝေဖန်တာခံရမယ်။
ဒါဖြင့်ရင်ဘယ်သူနဲ့မှအတွေ့မခံပဲ တယောက်ထဲနေမှဖြစ်မယ်။
အဲဒါကောဖြစ်နိုင်လား၊မဖြစ်နိုင်ဘူး။
လူပီသတဲ့လူတယောက်ဖြစ်ဖို့ဆိုတာ၊လူတွေနဲ့ဆက်ဆံရေးရှိမှဖြစ်တယ်။
သူတို့ဆီက အကူအညီယူရတယ်၊ ကိုယ်ကလည်းအကူအညီပြန်ပေးရတယ်၊
သူတို့ဆီက ပညာယူရတယ်၊ကိုယ်ကလည်း ပညာပြန်ပေးရတယ်၊
တယောက်နဲ့တယောက်မကင်းနိုင်တဲ့၊လောကကြီးမှာ ဒီခံယူချက်အတိုင်း ဆက်နေသွားမယ်ဆိုရင်စိတ်ချမ်းသာဖို့မလွယ်တော့ဘူး။
အကောင်းဆုံးကဘာလဲ။ကိုယ့်အယူအဆကိုပြင်ရမယ်။
ဝေဖန်တယ်၊အမှားကိုထောက်ပြတယ်ဆိုတာ educate လုပ်တာဖြစ်သင့်တယ်၊ပညာပေးတာဖြစ်သင့်တယ်၊ အမှားနဲပြီးတော့အရည်အချင်းတက်လာအောင်ဝေဖန်ပေးသင့်တယ်။
ဝေဖန်တာဟာ punish လုပ်တာမဖြစ်သင့်ဘူး။
ဒဏ်ပေးတာ မဖြစ်သင့်ဘူး။
ဝေဖန်တဲ့သူကော ဝေဖန်တာခံရတဲ့သူကော နှစ်ဦးနှစ်ဘက်လုံး သဘောထားမှန်ရင် သိပ်အကျိုးများတယ်။
လွဲနေတာ၊မှားနေတာကို ထောက်ပြမည့်သူရှိမှဖြစ်မယ်။
မေတ္တာ နဲ့၊ကရုဏာနဲ့၊ဉာဏ်ပညာနဲ့ ယှဉ်ပြီးတော့ ထောက်ပြရမယ်။
ခံရတဲ့သူကလည်း...ငါ့ကိုမုန်းလို့ပြောတာမဟုတ်ဘူး၊
အရှက်ခွဲတာ မဟုတ်ဘူး၊
အမှားနဲအောင်အရည်အချင်းတက်အောင် ပြောတာလို့ သဘောထားနိုင်ရမယ်။
ဒါဟာ...ကိုယ့်စိတ်ကတော်တော်ခိုင်မာမှရတယ်။
သူဝေဖန်တာမှန်နေရင် ဝမ်းသာစရာတောင်ကောင်းနေသေးတယ်။
ကိုယ့်အမှားကို၊ကိုယ်လိုနေတဲ့အချက်ကို စောစောသိရတာ ကောင်းတယ်။
သူ ဝေဖန်တာမမှန်ရင် ပြန်ရှင်းပြလို့ရရင် ရှင်းပြရမယ်။
မရရင်လည်း...ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နိုင်ရမယ်။
ရေရှည်မှာ မှားတယ်မှန်တယ်ဆိုတာအလုပ်ကသက်သေပြပါလိမ့်မယ်။
ကိုယ့်ခံယူချက် ကိုယ့်သဘောထားကိုပြင်ရမယ်။
ချီးမွမ်းရင်လည်းသိပ်ဝမ်းမသာဘူး၊ကဲ့ရဲ့ရင်လည်းသိပ်ဝမ်းမနဲဘူးဆိုတဲ့၊စိတ်ဓာတ်မျိုးရအောင် မွေးယူရမယ်။
ဘယ်လိုမွေးယူမလဲဆိုတော့၊ချီးမွမ်းတာကြားတဲ့အခါ ကိုယ့်စိတ်က
ဘယ်လိုတုန့်ပြန်သလဲဆိုတာ ကိုယ့်စိတ်ကိုပြန်ကြည့်ရမယ်။
ချီးမွမ်းတာကို သိပ်ဝမ်းသာလွန်းရင် နောင်အခါ ကဲ့ရဲ့တာကြားရရင် စိတ်မချမ်းမသာဖြစ်မှာပဲ။
ကဲ့ရဲ့တာကိုကြားတဲ့အခါ၊စိတ်ကဘယ်လိုဖြစ်သလဲ။
စိတ်ဆိုးတယ်၊ပြောတဲ့သူကိုမုန်းတယ်။
ဝမ်းနဲတယ်၊ရှက်တယ်၊အားငယ်တယ် အမျိုးမျိုးဖြစ်နိုင်တယ်။
လက်ရှိဖြစ်နေတဲ့ကိုယ့်စိတ်အခြေအနေကိုကြည့်တတ်ရင်ပြင်ဖို့သိပ်မခက်တော့ဘူး၊
သူ့ဟာသူတောင်ပြင်ပြီးသားဖြစ်သွားနိုင်တယ်။
ငါဘာလို့သူပြောတိုင်းစိတ်ဆင်းရဲရမှာလဲလို့တွေးလိုက်ရင်တောင် စိတ်နဲနဲသက်သာသွားနိုင်တယ်။
စိတ်ဆင်းရဲသွားရင်တောင်ခဏလေးပဲဖြစ်လိုက်၊
လုံးလုံးမဖြစ်ဖို့ဆိုတာကတော့ခက်ပါတယ်၊
ဆင်းရဲသွားတဲ့စိတ်ကလေးကိုကြည့်ပြီးတော့ သူက ဒီလိုပြောလို့ ဟောဒီမှာ ငါ့စိတ်ကဆင်းရဲနေပြီလို့သိပါ။
လောကလူတွေရဲ့သဘာဝတခုက ကြောက်လေ ခြောက်လေပဲ ။
ဒါကြောင့် ဝေဖန်မှာကိုသိပ်မကြောက်ပါနဲ့။
သိပ်မကြောက်ရင် ဝေဖန်နေတဲ့သူက ပြောအား သိပ်မရှိတော့ဘူး ။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
(စိတ်နှလုံးရွှင်လန်းစေဖို့ တရားတော်မှကောက်နုတ်ပူဇော်ပါ၏)
No comments:
Post a Comment