....................................
“မမေ့မလျော့ သတိနဲ့နေပါ”ဆိုတဲ့ ဘုရားရဲ့ အဆုံးအမဟာ အင်မတန် လေးနက်တယ်။
ဒီအဓိပ္ပာယ်နဲ့ တူတာမပြောနဲ့ နီးစပ်တာ ကိုတောင်မှ တခြား ဘယ်အယူဝါဒမှာမှ မတွေ့ရဘူး။
ဒါကို အရေး ကြီးတယ်လို့ ဘယ်သူမှ မသိကြဘူး။
မမေ့မလျော့ သတိလေးကပ်ပြီးတော့ အမြဲတမ်းနေဖို့ဆိုတာ အရေးကြီးမှန်း သဘောမပေါက်ကြဘူး။
မြတ်စွာဘုရားသာလျှင် ဘုရားရဲ့ဉာဏ်တော်နဲ့ အပ္ပမာဒရဲ့ တန်ဖိုးကို သိတာပါ။ အဝိဇ္ဇာနဲ့ မောဟတို့ရဲ့ အပြစ်ကို သေသေချာချာ သိတော်မူ တာကြောင့် ထပ်ခါ ထပ်ခါ မှာတော်မူတယ်။
အဲဒီတော့ ဘုရားကို ကြည်ညိုတယ်ဆိုရင် မြတ်စွာဘုရား အလေးထားဆုံးဖြစ်တဲ့ ဩဝါဒကို အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လိုက်နာရမယ်။ ဒီလို လိုက်နာမှသာလျှင် ဘုရားကို တကယ်ပဲ ကြည် ညိုရာရောက်မယ်။
သာမန်လောက် ကြည်ညိုတယ်ဆိုရင် ကုသိုလ် ရ ရုံလောက်ရှိမှာပေါ့။ ဒီလို ဩဝါဒ အဆုံးအမကို တကယ် ထိထိမိမိ လိုက်နာလို့ရှိရင် ကုသိုလ်ရရုံတင် မကဘူး၊ အင်မတန် လေးနက်မြင့် မြတ်တဲ့ အသိဉာဏ်တွေပါ ရသွားနိုင်တယ်။
အပ္ပမာဒတရားကို ကျင့်သုံးပြီးတော့ ဘယ်လိုနေသွားရင် ကောင်းမလဲဆိုတာကို ကိုယ့်ဟာကိုယ် အများကြီး စဉ်းစားသင့်တယ်။
ဘုရားဟောလိုက်တဲ့ “အပ္ပမာဒေန သမ္ပာဒေထ' ‘မမေ့မလျော့ သတိ နဲ့ နေ’ဆိုတဲ့ ဩဝါဒထဲမှာ 'ဘယ်အချိန်’ဆိုပြီးတော့ ကန့်သတ်ပိုင်းခြား ထားတဲ့သဘော မပါဘူးနော်၊ အဲဒီလို မပါခြင်းသည်ပင်လျှင် အမြဲ တမ်းဆိုတဲ့ အဓိပ္ပာယ်ပေါက်သွားတယ်။ အမြဲတမ်းဆိုတာက နံနက် နိုးတဲ့အချိန်က စပြီး အိပ်ပျော်သွားတဲ့အချိန်ထိ ကြားထဲမှာ အချိန် ပြည့်ကို ဆိုလိုတာ။)
ဒီလောက် အချိန်ပြည့်ကြီးကို သတိကပ်ပြီးတော့ အပ္ပမာဒ တရားနဲ့ နေလို့ ဖြစ်ပါ့မလား'လို့ တွေးချင်လည်း တွေးကြလိမ့်မယ်။
“ဒီလောက်ကြီးတော့ တို့ မတတ်နိုင်ပါဘူး'လို့ ထင်ချင်လည်း ထင်မယ်။ စိတ်ပါလက်ပါ လုပ်ကြည့်ရင်တော့ ရာခိုင်နှုန်းပြည့် မရရင်တောင်မှ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ကြာလေ ပိုရလေ ဖြစ်လာနိုင်တယ်။
ဒီဘုန်းကြီးကိုယ်တိုင်လည်း ဒီလို ဘုရားဟောတဲ့ ဩဝါဒ အဆုံးအမ တွေကို လေ့လာဖတ်ရှုရင်း နည်းနည်းလေးက စပြီး အားထုတ်တာ ပါး စ,အားထုတ်တုန်းကဆို (၁၀)မိနစ်ပဲ။
တစ်ခါ တရားထိုင်ရင် (၁ဝ) မိနစ်ပဲ ထိုင်တယ်။ အဲဒီတုန်းက သတိနဲ့ နေတာဟာ နက်နဲမှန်း လည်း မသိပါဘူး။ ကြားဖူးနားဝ တစ်စွန်းတစ်စနဲ့ပဲ တရားထိုင်တယ်။ နောက်တော့မှ တဖြည်းဖြည်း ပိုပြီးတော့ လုပ်ကြည့်ရင်းနဲ့ သဘော ပေါက်လာတယ်။ ‘ဪ. . စောစောက သိရင် တော်တော် ကောင်း သား'လို့ တွေးမိတယ်။
တချို့ လူတွေက နေရင်းထိုင်ရင်း သွားရင်းလာရင်း စားရင်း သောက်ရင်းနဲ့ တရားအားထုတ်လို့ ရမှန်းမသိလို့ မလုပ်ဖြစ်တာ၊ တချို့ ကတော့ တရားအားထုတ်ရတာ ခက်တယ်ထင်ပြီး မလုပ်ဖြစ်တာ။ တချို့ကလည်း တရားအားထုတ်တယ်ဆိုတာ သူ့အချိန်လေးနဲ့သူ လုပ် ရတာပါလို့ဆိုပြီး မလုပ်ဖြစ်တာ။ တချို့ကျတော့ တရားအားထုတ်ရ မှန်းကို မသိလို့ မလုပ်ဖြစ်တာတွေရှိတယ်
။ဘုန်းကြီး ငယ်ငယ်တုန်းကတော့ တရားအားထုတ်တာ သူ့ အချိန်နဲ့သူ လုပ်ရတယ်လို့ထင်ခဲ့တယ်။ အမြဲတမ်းလုပ်ရတာ မဟုတ် ဘူးဆိုတဲ့သဘော ဖြစ်သွားပြီနော်။
အဲဒီတော့ တရားအားထုတ်မယ် ဆိုရင် “ကိုင်း. . ငါတော့ (၁၀)မိနစ်တရားထိုင်မယ်'ဆိုပြီး ထိုင်တယ်။ ပြီးပြီ။ (၁ဝ)မိနစ်ပြီးသွားရင် ပြီးပြီ။ အဲဒီလောက်ပြီးသွားရင် ကိုယ့်ကိုယ်ကိုယ် တော်တော်လေး လုပ်လိုက်ရပြီဆိုပြီး တစ်မျိုးလည်း ကျေနပ် သွားတယ်။ ဆက်ပြီးတော့ မလုပ်တော့ဘူး။
နောက်မှ “အပ္ပမာဒေန သမ္ပာဒေထ”ကို သဘောပေါက်လာ တော့တယ်။ 'နိုးတဲ့အချိန်က စပြီး သတိနဲ့ နေရမှာကိုး။ သတိနဲ့ နေတာ သည်ပင်လျှင် တစ်နည်းအားဖြင့် တရားအားထုတ်နေတာ'လို့ အဲဒီလို သဘောပေါက်လာတယ်။ ဒီလို သဘောပေါက်လာတော့ ဘာအကျိုး များသွားသလဲဆိုရင် တရားအားထုတ်ဖို့ရာ အချိန်တွေ အများကြီး ယူတတ်လာတယ်။
ယခုခေတ် ဒကာ ဒကာမတွေ အလုပ် အလွန်များကြတယ်။ ဒါကြောင့် တရားအားထုတ်တဲ့အလုပ်ကို သီးသန့် အချိန်ပေးပြီး လုပ် နိုင်ဖို့ မလွယ်ဘူး။
အဲဒီတော့ မနက်အိပ်ရာထနိုးနိုးချင်း နိုးပြီဆိုတာ သိတာနဲ့ ရသလောက် သတိလေးကပ်ပြီး နေလိုက်ပါ။ အသက်ကို ပြည့်ပြည့်ဝဝလေး ရှူလိုက်ပါ။ ဘာဖြစ်လို့ ဒီလို ရှူခိုင်းရသလဲဆိုရင် ဒီလိုရှူရင် အောက်ဆီဂျင် တော်တော်များများရတယ်။
ဒီအောက်ဆီ ဂျင်ကြောင့်ပဲ ဦးနှောက်ကို ပိုပြီးတော့ ကြည်လင်သွားစေတယ်။ ပိုပြီး တော့ နိုးသွားစေတယ်။တစ်ခါတစ်ရံ နိုးခါစမှာ နည်းနည်းလေး ငိုက်ချင်သေးတယ်။ အရှိန် မကုန်သေးဘူး။ ထိုင်းမှိုင်းမှုက ကျန်သေးတယ်။ အဲဒီလို အား ရပါးရ အသက်ရှူလိုက်ခြင်းအားဖြင့် ထိုင်းမှိုင်းမှု ပျောက်သွားတယ်။ စမ်းကြည့်ပါ။ အားရပါးရ (၁၀)ကြိမ် (၁၅)ကြိမ်လောက် အသက်ရှူ ကြည့်ပါ။ ကြည်ကြည်လင်လင် ဖြစ်သွားတယ်။ နိုးသွားတယ်။ အဲဒီလိုလုပ်ရင်းနဲ့ အိပ်ယာထဲမှာပဲအိပ်နေရင်း ဆက်ပြီးတော့ ရသလောက် သတိကပ်ပြီးတော့ နေလိုက်ပါ။ ချက်ချင်း မထနဲ့ဦး။
အိပ်ရင်းနဲ့တရားမှတ်ပါ။
ဒါဟာ ဘုရားဟောထဲမှာ အထောက် အထားရှိတယ်။
“ဇာဂရိတေ သမ္မဇာနကာရီ ဟောတိ’တဲ့။
“နိုးတဲ့ အချိန်မှာ နိုးနိုးချင်း သတိလေး ဉာဏ်လေးနဲ့ နေပါ'၊ ခန္ဓာမှာ ဖြစ်နေ တဲ့ တစ်ခုခုကို သိနေရင်း စိတ်မှာ ဖြစ်တာကိုလည်းပဲ ဖြစ်နေမှန်း သိ နေပါ။ ဒီလို သိနေတာဟာ (၅)မိနစ် ဖြစ်ချင်ဖြစ်မယ်၊ (၁ဝ)မိနစ် ဖြစ် ချင်ဖြစ်မယ်။ အကယ်၍ လူကြီးတွေဆိုရင် တစ်ခါတလေ အစောကြီး နိုးတတ်တယ်။ အိပ်ရာကအထမှာလည်း နည်းနည်းလေး ဝန်လေးနေ တတ်တယ်။
အထူးသဖြင့် အခုလို အေးတဲ့ရာသီဆိုရင် မထချင်ဘူး။ မထချင်ရင် ကိစ္စမရှိဘူး၊ အိပ်ရာမှာ အိပ်လျက်နဲ့ပဲ တရားအားထုတ်ပါ
။နိုးနိုးချင်း ဒီလို သတိကပ်ပြီးတော့ မနေလိုက်ရင် စိတ်က ပျံ့လွင့်နေတော့မှာပဲ။ တစ်နည်းနည်းနဲ့ တွေးနေတော့မှာပဲ။
ဟိုလိုလို ဒီလိုလို မရေရာတဲ့ အတွေးတွေ တွေးနေမယ်၊ မကြည်မလင် ထိုင်း ထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေမယ်။ ဒီလိုဖြစ်နေတာကို သင်္ဂြိုဟ်ထဲက ပါဠိ ကို ယူသုံးရင် ဥဒ္ဓစ္စလို့ခေါ်တယ်။
သတိပဋ္ဌာနသုတ်ထဲက သုံးထားတဲ့ ပါဠိတော်ကို သုံးမယ်ဆိုရင် ဝိက္ခိတ္တစိတ်လို့ ခေါ်တယ်။ လွှင့်ပစ်သလို ပြန့်ကျဲနေတဲ့သဘောကို ဆိုလိုတယ်။ အဲဒီစိတ်တွေကို ကုသိုလ်စိတ် တွေလို့ ခေါ်မလား။ အကုသိုလ်စိတ်တွေလို့ ခေါ်မလား။ အကုသိုလ် စိတ်တွေပဲ။ တစ်ခါတစ်ရံလည်း ဒီလို ပျံ့လွင့်နေတဲ့စိတ်ဟာ ကုသိုလ် ဘက် ရောက်ချင်လည်းရောက်တတ်ပါတယ်။
သို့သော် ဖြစ်ခဲပါတယ်။
ဥဒ္ဓစ္စဖြစ်ပြီဆိုရင် သူနဲ့ တွဲလျက် ကုက္ကုစ္စဖြစ်တယ်။
ကုက္ကုစ္စ ဆိုတာ နားလည်လွယ်အောင်ပြောရရင် ပူလောင်တဲ့စိတ်ပဲ။ နောင်တ ရတဲ့သဘော၊ ဖြစ်မှဖြစ်ရလေခြင်းဆိုတဲ့ သဘောပဲ။
ကိုယ့်ဘဝမှာ တစ်ခုခု အဆင်မပြေတဲ့ကိစ္စ ရှိနေတယ် ဆိုပါတော့ အဲဒီအဆင် မပြေတဲ့ကိစ္စဟာ အရေးကြီးရင်ကြီးသလို မကြာမကြာပေါ်တတ်တယ်။တချို့ ဒကာ ဒကာမတွေဆိုရင် နိုးတာနဲ့တစ်ပြိုင်နက်ထဲ အဲဒီ အဆင်မပြေတဲ့ကိစ္စ ခေါင်းထဲရောက်လာတယ်။ စိတ်ပူလာရတယ်။ စိတ်ဆင်းရဲလာတယ်။ 'နိုးနိုးချင်း စိတ်ဆင်းရဲတယ်’လို့ သူတို့ကိုယ်တိုင် ပြောတာကြားရတယ်။
တစ်ရေးနိုးရင်တောင် ချက်ချင်း ခေါင်းထဲ ရောက်လာတယ်။အဲဒီတော့ နိုးနိုးချင်း သတိကပ်တာလေးကို အလေ့အကျင့် လုပ်ထားပါ။ အကယ်၍ အဲဒီအဆင်မပြေတဲ့ကိစ္စ ခေါင်းထဲရောက် လာရင်လည်းပဲ ချက်ချင်း သိလိုက်ပါ။ သိပြီးတော့ပဲ နေလိုက်ပါ။ ပြီး ရင် ချက်ချင်း အသက်ရှူတာမှာပဲ ပြန်ထားလိုက်ပါ။ အားရပါးရ အသက်ရှူလိုက်ပါ
ဖြစ်စေချင်တဲ့စေတနာက ဘာလဲဆိုတော့ တစ်နေ့တာမှာ ပထမဦးဆုံး နိုးကြားတဲ့ အချိန်ကလေးထဲမှာ “အပ္ပမာဒေန သမ္မာ ဒေထ”ဆိုတဲ့ ဘုရားရဲ့အဆုံးအမကိုထည့်ပြီး ဒီအဆုံးအမကို လိုက်နာ ကျင့်သုံးပြီးတော့ တရားနှလုံးသွင်းတဲ့စိတ် ဖြစ်လာစေချင်တယ်။ အဲဒီ လိုဖြစ်ရင် မကောင်းဘူးလား၊ အင်မတန်ကောင်းမှာနော်။ ဒါကြောင့် အဲဒီလို သတိလေးကပ်ပြီးတော့ အချိန်ရသလောက်လေး နေလိုက်ပါ။
“အိပ်ရာမှာ အိပ်ရက်နဲ့ အားထုတ်ရတာ ငါ တရားကို မလေး စားရာ ရောက်သွားပြီလား'လို့ မတွေးစေချင်ဘူး။ ဒီလိုနေတုန်းမှာ လည်းပဲ သတိနဲ့နေပါလို့ မြတ်စွာဘုရားက မှာထားတယ်။ ဒီအချိန် မှာလည်းပဲ ငါဟာ ဘုရားရဲ့ ဩဝါဒအဆုံးအမကို လိုက်နာကျင့်သုံးရ မယ်။ ဒါကို သဘောပေါက်စေချင်တယ်။
တချို့ ဒကာ ဒကာမတွေက အိပ်ရာထဲမှာ အားမထုတ်ချင် ဘူး။ အေးအေးဆေးဆေးကျမှ ဘုရားခန်းထဲမှာ ကျကျနန တင်ပျဉ် ခွေ ထိုင်ပြီးတော့ အားထုတ်ချင်တယ်။ အဲဒီလိုလုပ်မှ တရားကို လေး လေးစားစား လုပ်လိုက်ရတယ်လို့ ခံစားရတယ်၊ ဒီလို လေးလေးစား စား လုပ်ချင်တာလည်း ကောင်းပါတယ်၊ မှန်ပါတယ်။
ဒါ့ထက် ပို ကောင်းတာက အိပ်ရာနိုးတာနဲ့ အိပ်ရက်နဲ့ သတိကပ်ပြီးတော့ နေ လိုက်တာပါ။နောက်ပြီးမှ ထပြီး မျက်နှာသစ်မယ်၊ သွားတိုက်မယ်၊ ဒါတွေ ကို သတိလေးနဲ့ လုပ်ပါ။ ပြီးရင် ဘုရားစင်ရှေ့မှာ ဘုရားရှိခိုးမယ်၊ ငါးပါးသီလ ယူမယ်၊ မေတ္တာပို့မယ်။ ဒါတွေကိုလည်း သတိလေးကပ် ပြီး လုပ်လိုက်ပါ။ သတိလေးကပ်ပြီး အာရုံစိုက်ပြီး လုပ်လို့ရှိရင် ပိုပြီး တော့ လေးနက်တယ်နော်။ လုပ်ရတာချင်း အတူတူ တန်ဖိုးရှိရှိလေး လုပ်စေချင်တယ်။ ဒါတွေပြီးရင် ခဏလေးထိုင်ပြီး တရားအားထုတ် လိုက်ပါဦးနော်
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
No comments:
Post a Comment