___________________________________________
မြတ်စွာဘုရားက ဒကာဒကာမတွေ သီလယူတဲ့အခါ ရှေ့က "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ"လို့ ဆိုပေးလိုက်တယ် ဆိုပါတော့..၊ ဒီသရဏဂုံသုံးပါးကို ဆိုလိုက်ရတာ အချိန်အားဖြင့် ဘယ်လောက်ကြာမယ် ထင်သလဲ၊ ခန့်မှန်းကြည့်စမ်းပါ၊ လေး,ငါးစက္ကန့်လောက်ပဲ ရှိမယ်။
အဲဒီလို မြတ်စွာဘုရားက ရှေ့က သရဏဂုံသုံးပါးကို ဆိုပေးပြီးတော့.. နောက်က ဒကာဒကာမတွေ လိုက်ဆိုနေတုန်းမှာ မြတ်စွာဘုရားက သမာပတ်ဝင်စားပြီးတော့ နေလိုက်တယ် တဲ့။
ဒီ ငါးစက္ကန့်လောက်အချိန်လေး.. လက်ဖျစ်နဲ့တွက်မယ်ဆိုရင် လေးငါး,ခြောက်ချက်လောက်ပဲ ရှိမယ်။ ဒီလောက်အချိန်လေးကို အလကား ဖြစ်မသွားစေချင်ဘူး၊ တန်ဖိုးရှိရှိ နေလိုက်တယ်။ ဒုက္ခနည်းအောင် ချမ်းသာအောင် နေလိုက်တယ်။ အဲဒါကိုက အင်မတန် ကြည်ညိုစရာလည်း ကောင်းတယ်၊ အင်မတန် အတုယူစရာလည်း ကောင်းတယ်။
သာမန်အားဖြင့်ကြည့်မယ်ဆိုရင် တစ်စက္ကန့်ဆိုတာ အချိန်အားဖြင့် ဘယ်လောက်မှမကြာဘူး။ လက်ဖျစ်တစ်ဖျစ်လောက်ပဲ ကြာတယ်။ လက်ဖျစ်တစ်ဖျစ်အတွင်းမှာ စိတ်ပေါင်းဘယ်လောက် ဖြစ်တယ်လို့ မှတ်သားဖူးသလဲ။
လက်ဖျစ်တစ်ဖျစ်အတွင်းမှာ စိတ်ပေါင်း ကုဋေတသိန်းလောက် ဖြစ်တယ် တဲ့။ တော်တော်ကြီးပဲ များတာနော်။ အံ့သြစရာကောင်းလောက်အောင် များလွန်းပါတယ်။
အခုခေတ်ပေါ်နေတဲ့ ကွန်ပျုတာတွေတောင်မှ တစ်စက္ကန့်အတွင်းမှာ ကွန်ပျုတာတစ်ခုက နောက်ကွန်ပျုတာတစ်ခုကို အချက်အလက် သန်းနဲ့ချီပြီး ကူးပြောင်းပေးနိုင်တယ်တဲ့။ ကွန်ပျုတာထက် စိတ်က အဆပေါင်းများစွာ မြန်ပါတယ်။
တစ်စက္ကန့်အတွင်းမှာ လက်ဖျစ်တစ်ဖျစ်အတွင်းမှာ စိတ်ပေါင်း ကုဋေတသိန်းလောက် ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ကုသိုလ်စိတ်ဖြစ်လိုက်ရင်ရရင် ကုသိုလ်စိတ်ပေါင်း ဘယ်လောက်ဖြစ်မလဲ။
ကုဋေနဲ့ချီပြီး ဖြစ်သွားပြီနော်။ နည်းသလားလို့၊ မနည်းပါဘူးနော်။ အကယ်၍ အဲဒီအချိန်မှာ အကုသိုလ်စိတ်ဖြစ်သွားတယ် ဆိုရင်လည်း ဒီအတိုင်းပါပဲ။
အဲဒီတော့ သာမာန်အားဖြင့် ကြည့်မယ်ဆိုရင် အချိန်ကလေးက တစ်စက္ကန့်ပဲ။ ဒါပေမယ့် စိတ်အရေအတွက်နဲ့ ကြည့်မယ်ဆိုရင် အင်မတန်များပါတယ်။ အဲဒီတော့ ဒီတစ်စက္ကန့်လေးအတွင်းမှာ ကုသိုလ်တွေ ဖြစ်လိုက်လို့ရှိရင် ကုသိုလ်စိတ်ပေါင်း ကုဋေနဲ့ချီပြီး ဖြစ်လိုက်ရတဲ့ အတွက်ကြောင့် တန်ဖိုးဖြတ်လို့ ရမလား၊ မရနိုင်ပါဘူး။
ယူတတ်ရင် ဒီတစ်စက္ကန့်ဟာ ဘယ်လောက်အကျိုးများသလဲဆိုတာ စဉ်းစားကြည့်နော်။ မယူတတ်ရင် ဒီအချိန်မှာ တွေဝေပြီးတော့ နေချင်နေမယ်။ မောဟတွေ အားကြီးနေချင်လည်း နေမယ်။ လောဘဖြစ်ချင်လည်း ဖြစ်နေမယ်။ ဒေါသဖြစ်ချင်လည်း ဖြစ်နေမယ်။ မာန မနာလိုဝန်တိုတာတွေ ဖြစ်ချင်လည်း ဖြစ်နေမယ်။ ငိုက်မျဉ်းနေရင်လည်း နေမယ်။ ထိုင်းမိူင်းနေချင် နေမယ်။
ဒါတွေဖြစ်နေမယ်ဆိုရင် ဒီအချိန်ဟာ အလကားဖြစ်သွားတာပဲ၊ တန်ဖိုးမရှိတော့ဘူး။
ဦးဇောတိက (မဟာမြိုင်တောရ)
(ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် သတိဖြင့်နေထိုင်ခြင်း)
No comments:
Post a Comment