ကိုယ့်နားမှာ ရှိတဲ့ ခွေးတောင် ကြောက်သွားအောင် လန့်သွားအောင် မလုပ်သင့်ဘူး။ အမှန်ပြောရရင် ခွေးဆိုရင်လည်း ခွေးဣန္ဒြေနဲ့ နေစေချင်တယ်။ တည်တည်ငြိမ်ငြိမ် ခန့်ခန့်ညားညားနဲ့ စားချိန်တန် စား၊ အိပ်ချိန်တန် ကောင်းကောင်းမွန်မွန် အိပ်၊ သန့်သန့် ရှင်းရှင်း သပ်သပ်ရပ်ရပ်နေ၊ သူ့တာဝန်ဖြစ်တဲ့ သူစိမ်းလာရင် အသိပေးဆိုတာတွေ လုပ်ပြီးအေးအေးဆေးဆေး နေစေချင်တယ်။ ဒါ့အပြင် ခွေးဟာ သခင်ကို မေတ္တာအများကြီး ပေးပါတယ်။ ကိုယ်လည်း သူ့မေတ္တာ ရနေတာပါပဲ။ မေတ္တာအပြန်အလှန် ဖြစ်နေမှ ကောင်းတယ်။
အားလုံးပဲ (လူဖြစ်ဖြစ် တိရိစ္ဆာန်ဖြစ်ဖြစ်) သူ့တည်ကြည် ခန့်ငြားမှုနဲ့ သူ ရှိစေချင်တယ်။ ကလေးကအစ ဘယ်လောက်ငယ်တဲ့ ကလေးပဲဖြစ်ဖြစ် သူ့မှာ တည်ကြည်မှုနဲ့ သူရှိပါတယ်။ အဲဒီတော့ သူ့ကို မလေးမစား အနိုင်ယူတဲ့ သဘောမျိုး အနိုင်ကျင့်တဲ့ သဘောထား အပြောအဆို အမူအရာမျိုး မလုပ်သင့်ဘူး။
ကလေးငယ်ငယ်လေး တယောက်ကို ငယ်ငယ် ကတည်းက လေးလေးစားစား ဆက်ဆံကြည့်ပါ။ အဲဒီလို ဆက်ဆံတာကို ခံရတဲ့ ကလေးဟာ တချိန်မှာ သူ့ကို မလေးမစား သွားလုပ်ကြည့် ...သူ မခံတော့ဘူး။ သူ့ကို လေးလေးစားစား ဆက်ဆံတာပဲ သူကြိုက်တော့တယ်။ အကယ်၍ သူ့ကို ငယ်ငယ်ကတည်းက အနိုင်ယူ ဖိနှိပ်ချုပ်ချယ်ထားရင်တော့ သူ့ကိုသူ လေးစားမှု မရှိတော့ဘူး။ အဲဒီတော့ သူ့ကို တယောက်ယောက်က မလေးမစား လုပ်တော့မှာပဲ ဆိုပြီး အမြဲတမ်း ကြောက်စိတ် စိုးရိမ်စိတ်တွေ ရှိပြီးတော့ ညိုးငယ်နေတယ်၊ မျက်နာလေး ကျို့ကျို့ယို့ယို့လေးနဲ့ နေတယ်။ တယောက်ယောက်က မလေးမစား လာလုပ်ရင်လည်း ခံလိုက်တာပဲ။ မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေတယ်။ အဲဒီလို ကလေးဟာ ကြီးလာတဲ့အခါမှာ အများအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ လူကြီးတစ်ယောက် ဖြစ်လာနိုင်ပါ့မလား မဖြစ်နိုင်တော့ဘူး။
အများအကျိုးကို တကယ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ လူဆိုတာဟာ သူ့ကိုသူ လေးစားမှု ရှိရမယ်။ တည်ကြည်ဖြောင့်မတ်မှု ရှိရမယ်။ အများကိုလည်း လေးစားမှု ရှိရမယ်။ အဲဒီလို လူသာလျှင် အများအကျိုးကို တကယ် ဆောင်ရွက်နိုင်တဲ့ သူ ဖြစ်တယ်။
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
No comments:
Post a Comment