စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, April 6, 2026

ရွှေခိုးတဲ့ပန်းတိမ်နှင့်ရေမထိုးတံငါ

"ရွှေခိုးတဲ့ ပန်းထိမ် နှင့် ရေမထိုးတဲ့ တံငါ"
**********************************
ကိုယ်တိုင်လည်း... 
အမြဲတမ်းကျက်သရေရှိနေပြီး လောကရဲ့ ကျက်သရေ ကိုလည်း အပြည့်အ၀ ဆောင်ပေးနိုင်သူ ဖြစ်ဖို့အတွက် အရေးအကြီးဆုံး အခြေခံတရားက 
ကံနဲ့ကံရဲ့ အကျိုးကို ပြတ်ပြတ် ထင်ထင် 
သိမြင်လက်ခံဖို့ အရေး ကြီးတယ်ဆိုတဲ့ အကြောင်း 
အရင်ကပြောခဲ့ပြီးပါပြီ။

 ကံဆိုတာနဲ့ပတ်သက်လို့ 
အရပ်စကားအနေနဲ့ ကံဆိုတာ အလုပ်၊ 
အလုပ်ဟာ ကံပဲ လို့အများ သူငါ အလွယ်တကူ ပြောလေ့ရှိပါတယ်။
တချို့ကလည်း ဒါကိုပဲ 
ခေတ်မီတိုးတက်တဲ့ အမြင် တစ်ခုအဖြစ်နဲ့ 
အလွယ်တကူ လက်ခံတတ် ကြတယ်၊ 
ဟုတ်သလိုလိုထင်ရသလောက် အန္တရာယ် 
အလွန်များတဲ့ စကားပါ။

မြတ်ဗုဒ္ဓရဲ့ အလိုအရကတော့ 
အလုပ်တိုင်းကို ကံလို့ မဆိုနိုင်ပါဘူး၊ 
စေတနာပါတဲ့ အလုပ်မျိုး မှသာ ကံမြောက်ပါတယ်၊ စေတနာမပါရင် ကံမမြောက်ပါဘူး။

မြတ်ဗုဒ္ဓကလည်း.. 
ချစ်သားတို့ ... စေတနာကို ကံလို့ 
ငါဘုရား မိန့်ဆိုတယ် လို့ ဟောညွှန်ခဲ့ ပါတယ်၊ 
အလုပ်နဲ့ စေတနာဟာ တစ်ခါတစ်လေ 
တထပ်တည်း မတူကြ တာတွေ ရှိနေပါတယ်၊ 
ဒါကြောင့် ကံကို ဆုံးဖြတ်ရာမှာ 
အလုပ်ကို ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး၊ 
စေတနာနဲ့ ရည်ရွယ်ချက်ကို သိပြီးမှ
ဆုံးဖြတ်လို့ ရတယ်ဆိုတာ အလေးအနက် 
သဘော ပေါက်သင့်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ..
နည်းနည်းစဉ်းစားနိုင်ဖို့ အတွက် 
လောလောဆယ်ကြုံရပုံလေးကို ပြောပါဦးမယ်၊ 

မကြာသေးခင်.. 
နာဂစ်အလွန်တစ်ပတ်လောက်က 
ပင်စင်စားဆိုတဲ့ ဒကာကြီး တစ်ယောက် 
မိမိနှင့်ရင်းနှီးတဲ့ ဒကာတစ်ဦးကို အဖော်ပြုပြီး 
ကျောင်းကိုရောက်လာပါတယ်။

အလုပ်က အနားယူပြီးကတည်းက တရားအားထုတ် တဲ့ဘက်ကို 
အဓိကထားနေကြောင်းနဲ့ အစချီပြီး.. 
နောက်ဆုံးမှာ ဘာပဲဖြစ်ဖြစ်ပေါ့ဘုရား 
လောကမှာ တံငါ မုဆိုးတို့ သွားရမယ့်လမ်းနဲ့ သူတော်ကောင်းတို့ သွားရမယ့် လမ်းလောက်ကိုတော့ ကွဲကွဲပြားပြားသိသွားပြီပေါ့ဘုရား ဆိုပြီး 
ကျေနပ် ၀မ်းမြောက်တဲ့အမူအရာနဲ့ 
စကားကို အဆုံးသတ်လိုက်ပါတယ်။ 

ပြီးတော့မှ အခုပြောခဲ့တာတွေနဲ့ ပတ်သက်လို့ အရှင်ဘုရား သဘောထား 
သြဝါဒကိုလည်း နာယူပါရစေလို့ တောင်းဆိုပါတယ်။

မိမိက.. 
ဒကာကြီး ... ဘယ်ကိစ္စမဆို သူများပါးစပ်နဲ့ လမ်းမဆုံးစေပဲ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်နိုင်အောင် 
စဉ်းစားတာ ကောင်းတယ်။ 
အခု ဦးဇင်းပြောမယ့် စကားများနဲ့ ပတ်သက်လို့လည်း သတိကြီးကြီး 
သဘောထားကြီးကြီးနဲ့ နားထောင်ပြီး 
ကိုယ့်အသိနဲ့ကိုယ် ဆုံးဖြတ်ပါ။

ဒကာကြီး ပြောတဲ့အထဲမှာ 
မုဆိုးတံငါ လို့ ပါတယ်၊ 
အရပ်ထဲမှာကလည်း 

!!ကံဆိုတာ အလုပ်၊ 
အလုပ်ဟာ ကံပဲလို့ 
လွယ်လွယ် ပြောဆိုနေကြတော့ 
ဒကာကြီးကလည်း ကိုယ်တွေ့မြင်နေရတဲ့ 
လုပ်ငန်းတွေကိုပဲ ကြည့်ပြီး 
ကံကို ဆုံးဖြတ်နေပုံရတယ်..!!

ဒကာကြီးစဉ်းစားဖို့ 
ဖြစ်ရပ်ကလေး တစ်ခု ပြောမယ်နော်။

အခုလောလောဆယ်..
နာဂစ်မုန်တိုင်း နှိပ်စက်ခံရတဲ့ 
ရွာလေးတစ်ရွာ မှာပေါ့၊ 
ရွာလေးက အိမ်ခြေ 
ငါးဆယ် လောက်ပဲ ရှိတယ်။
အဲဒီရွာမှာ ဘာမှကြီးကြီးမားမား မဆုံးရှုံးပဲ 

!!အကောင်းပတိ ကျန်နေတာဆိုလို့ 
အုတ်နံကပ်နဲ့ အခိုင်အမာ ဆောက်ထားတဲ့ 
ဆန်ဆိုင် တစ်ခုပဲရှိတယ်၊ 
ကျန်တဲ့ လူတွေမှာတော့ 
အားလုံးပျက်စီး ဆုံးရှုံးကြလို့ 
စားစရာလည်း မရှိ ဝယ်စရာလည်း မရှိ၊ 
၀မ်းဟာနေတဲ့ ကလေးအချို့ကလည်း 
ငိုကြယိုကြ ဖြစ်နေကြတာပေါ့..!!

အဲဒီအချိန်မှာ.. ရွာထဲက 
တံငါသည်တစ်ယောက်က သူ့မှာရှိနေတဲ့ 
ပိုက်ကွန်လေးယူပြီး ငါးရှာထွက်တယ်၊ 

!!ရလာတဲ့.. အခါကျတော့ 
ရွာသားတွေကို ချက်စားဖို့ 
ပေးလှူ ကူညီတာပေါ့လေ၊ 
ရွာသားတွေမှာ ဟင်းစားအတွက်က 
ရပြီဆိုတော့ ထမင်းချက်စရာ ဆန်၀ယ်ဖို့ 
ရှိစုမဲ့စု အားလုံး စုကြပြီး 
ဆန်ဆိုင်ကို သွားကြတယ်၊ 
ဒီရွာမှာ ဒီဆန်ဆိုင် တစ်ခုက လွဲလို့ တခြားဆိုင်လည်း မရှိဘူး..!!

ဒီမှာတင်.. 
ဆန်ဆိုင်ရှင်က အရင်က 
တစ်ပြည် ငါးရာလောက်တန်တဲ့ ဆန်ကို 
ထောင့်ငါးရာ စျေးပေးမှ ရောင်းမယ်ဆိုပြီး 
အကျပ်ကိုင်ပါလေရော၊ ငါ့၀မ်းပူဆာ 
မနေသာတော့လည်း တောင်းသမျှ 
ပေးပြီးတော့ပဲ ၀ယကြှရ တော့တာပေါ့။

ကဲ ... အဲဒါ ဒကာကြီး စဉ်းစားကြည့်ပါ၊ 

!!တံငါသည်နဲ့ ဆန်ကုန်သည် 
ဘယ်သူက ကောင်းမှု လုပ်သူဖြစ်ပြီး၊ 
ဘယ်သူက မကောင်းမှု လုပ်သူဖြစ်မလဲ။
ဒကာကြီးတို့ ငယ်ငယ်က ဒေါင်းဖတ်စာတွေ 
ဖတ်ဖူးမယ်ထင်ပါတယ်..!!

အဲဒီထဲမှာ ..သားရေ ကုန်သည်နဲ့ ဆန်ကုန်သည်အကြောင်းကို မဖတ်ဖူး ရင်တောင် ကြားတော့ ကြားဖူးမှာပါ။

#ကုန်၀ယ်ဖို့အသွားမှာ.. 
ဘုန်းတော်ကြီးကျောင်း တည်းခိုကြတော့ 
ဘုန်းတော်ကြီးက ဆန်ကုန် သည်ကို 
ကျောင်းပေါ်မှာ နေရာကောင်းကောင်းပေးပြီး 
သားရေ ကုန်သည်ကိုတော့ မီးတင်းကုတ်မှာ
နေရာပေးပါသတဲ့။

#အပြန်ကျတော့.. 
ဘုန်းတော်ကြီးက သားရေ ကုန်သည်ကို 
ကျောင်းပေါ်မှာ နေရာကောင်း ကောင်းပေးပြီး 
ဆန်ကုန်သည်ကိုတော့ မီးတင်းကုတ်မှာ 
နေရာပေးသတဲ့။

အကျိုးအကြောင်း လျှောက်ထားကြတဲ့အခါ 
ဘုန်းတော်ကြီးက ...

!!အေးကွဲ့ ... အသွားတုန်း ကတော့ ဆန်ကုန်သည်က သွားရမယ့်အရပ်မှာ 
ဆန်ရေ စပါးပေါများ ပါစေဆိုတဲ့ စိတ်ထားနေမှာ..!!

!!သားရေကုန်သည်ကတော့ ..
အဲဒီ အရပ်မှာ ကျွဲတွေ နွားတွေများများ သေပါစေဆိုတဲ့ စိတ်ထားနေမှာ.!!

အပြန်ကျတော့ ဆန်ကုန်သည်က.. 
သူ့အရပ်မှာ ဆန်ရေစပါးတွေ ရှားပါးပါစေ၊ 
ဆန်စျေးတွေ တက်နေ ပါစေလို့ ဆုတောင်းနေမယ်။

သားရေကုန်သည်ကတော့.. 
သူ့သားရေတွေ စျေးတက်ဖို့အတွက် 
သူ့အရပ်မှာ ကျွဲနွားတွေ အသေ အပျောက်
နည်းပါစေလို့ ဆုတောင်းနေမှာ၊ 
အဲဒါ ဒကာတို့ရဲ့ စိတ်ထား 
အကောင်းအဆိုး ကြည့်ပြီး 
နေရာ အကောင်း အဆိုး 
ခွဲခြားပေးတာလို့ မိန့်ကြားပါသတဲ့။

ဒကာကြီး သဘောပေါက်သလား၊ 
အဲဒီ ဘုန်းတော်ကြီးက လုပ်ငန်းကိုကြည့်ပြီး 
ကံကို ဆုံးဖြတ်တာ မဟုတ်ဘူး၊ 
စေတနာပါတဲ့ စိတ်ထားကိုကြည့်ပြီး 
ကံကို ဆုံးဖြတ်တာမို့လား။
ကဲ .. စောစောကပြောတဲ့ 
တံငါသည်နဲ့ ဆန်ကုန်သည်ကိုတော့ 
ဒကာကြီး ဘယ်လို ဆုံးဖြတ်မလဲဆိုတော့ 
ဒကာကြီးက နဲနဲတွေနေပြီး 
 အင်း .. ဒါဟာ အလေးအနက် 
စဉ်းစားရမယ့် ကိစ္စ လို့ ညည်းပါတယ်။
ပုထုဇဉ်ဆိုတာကတော့ 
ကောင်းမှုနဲ့ မကောင်းမှု အရောရော 
အနှောအနှော ပြုလေ့ရှိကြတာပဲ မဟုတ်လား။

!!ဒီအမှုနှစ်မျိုးကလဲ.. 
ရေများရေနိုင်၊ မီးများမီးနိုင် ဆိုသလိုပဲ 
အင်အားကောင်းရာက အနိုင်ရ တာပါ၊ 
အချိန်များ အကြိမ် များတဲ့ 
ကံက အသားတင် လက်ကျန်ဖြစ်တယ်လို့ 
ဆိုရမှာပေါ...!!

ခုနရွာက တံငါသည်ဟာ 
ငါးရှာမသွားမီမှာ သူစိတ်တွေက ဒုက္ခရောက်နေ ကြတဲ့ ဘ၀တူတွေကို 
သူ စွမ်းနိုင်ရာက ကူညီလိုတဲ့စိတ် ဖြစ်နေမှာသေချာ တယ်နော်၊ 
ငါးကို ရှာဖွေဖမ်းဆီးနေချိန်မှာတော့ ငါးတွေကို သေစေလိုတဲ့ စိတ်စေတနာတွေ 
ဖြစ်ကောင်းဖြစ်မှာပေါ့။
 အဲ .. ငါးရပြီးပြီ ဆိုတာနဲ့ 
သူစိတ်တွေ ဘယ်လို ဖြစ်သွားလဲ၊ 
ဘ၀တူတွေ အတွက် ထောက်ပံ့ကူညီဖို့ဆိုတဲ့ 
စိတ်တွေပဲဖြစ်နေမယ် မဟုတ်လား။ 

ဆန်ကုန်သည်ရဲ့ ..
စိတ်ထားကိုလည်း မှန်းဆ ကြည့်ပေါ့၊ သူများတွေ အကျပ်ရိုက်လေ 
ငါ့အတွက် အကွက်ဆိုက်လေ ဆိုတဲ့ စိတ်ထားဟာ နိုးချိန်က အိပ်ချိန် အထိပဲ မဟုတ်လား။

အခုလို.. 
စီးပွားရှာ ပြည်နာမှ ဆိုတဲ့ 
စိတ်ထားပြီး ကျေနပ်ပျော်ရွှင်နေကြ တာဟာ အသုဘများများလာမှ ၀မ်းသာတတ်တဲ့ ဒွန်းစဏ္ဍားစိတ်ထားမျိုးနဲ့ ထူးပါဦးမလား..!!

ကဲ ... ဒကာကြီး စဉ်းစားကြည့်ပါ။
ခုနရွာလေးက တံငါသည်နဲ့ ဆန်ကုန်သည် ဘယ်သူက ကောင်းမှုများ သလဲ၊ 
ဘယ်သူက မကောင်းမှု များသလဲ။
ဒကာကြီးနေတဲ့ ရွာတစ်ရွာမှာသာ ဆိုရင် ဒီလူ နှစ်မျိုးထဲက ဘယ်လိုလူမျိုးရှိတာ 
ရွာ့ ကျက်သရေကိုဆောင်နိုင် မယ် ထင်သလဲ ဆိုတော့ ...

ဒကာကြီးက.. 
အား ... သဘောပေါက်ပြီဘုရား တပည့်တော်တို့က အလုပ်ကို ကြည့်ပြီး သာမန်ကာလျှံကာ ပြောနေမိတာကိုး။
အရှင်ဘုရား စကားအတိုင်းလိုက်ပြီး ပြောရမယ်ဆိုရင် တံငါသည်က ကျက်သရေရှိသူပေါ့ ဘုရား၊ 
ဟို ... ဆန်ကုန်သည်ကတော့ ဒွန်းစဏ္ဍား ပျော်ပျော်နေသူ ဆိုမှတော့ 
သူ့ထက် ကျက်သရေ ယုတ်တာ ဘာရှိဦးမလဲ ဘုရား တဲ့။

ဒီနေရာမှာ ...ဒကာကြီး
တစ်ခုတော့ သတိပြုရမယ် နော် ။
ဦးဇင်းပြောလိုတာက 
တံငါအလုပ်ဟာ ကောင်းမှု ဖြစ်တယ်၊ ဆန်ကုန်သည် အလုပ်က မကောင်းမှုဖြစ်တယ်လို့ ဆိုတာ မဟုတ်ဘူးနော်၊ 

တစ်နေ့တာ အတွင်း ဘယ်သူမှာ ဘယ်လို စိတ်ဓာတ်တွေက များနေ နည်းနေမယ်ဆိုတာ စဉ်းစားတတ်ဖို့ပြောတာ။

!!အမှန်ကတော့ သူတစ်ပါး
အကျပ်ဆိုက်နေတာကို အကျပ်ကိုင်ပြီး မတန်တစ်ဆ ရယူတယ်ဆိုတာ 
ခိုးခြင်း နှစ်ဆယ့်ငါးပါးမှာတော့ အနိုင်အထက် နှိပ်စက်ခိုးယူခြင်း ဆိုတဲ့ 
သဘောထဲမှာ ပါ၀င်တယ်..!! ဆိုတာ့..

ဒကာကြီးက.. 
ဒါဖြင့် စိန်ရွှေ ရတနာ ကုန်သည်တွေဆိုပြီး 
အတုတွေ အကြံ အဖန်တွေ လုပ်ရောင်းတဲ့ လူတွေလည်း ဘာထူးမလဲ ဘုရားတဲ့။
ဒါတော့ ဒကာကြီးစဉ်းစားပေါ့၊ ဦးဇင်းပြောချင်တာ ကတော့ လောကရဲ့ 
ကျက်သရေကို ဆုံးဖြတ်တဲ့နေရာမှာ အလုပ်သက်သက်ကိုသာ မကြည့်ဘဲ သူတို့ရဲ့ စိတ် စေတနာကို ကြည့်တတ် ဖို့ပါ၊ 
ကိုယ်ကိုယ်တိုင်လဲ စဉ်းစား ဆင်ခြင်တတ်ဖို့ပေါ့။

ဘာပဲဖြစ်ဖြစ်... 
!!"ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေ"လုပ်ငန်းကြီးတွေက လောကအမြင်မှာ 
ဘယ်လောက်ပဲ ကြီးကျယ်နေနေ၊ သူတို့ရဲ့ စိတ်ထားတွေက ..ဒွန်းစဏ္ဍား စိတ်မျိုးထားနေရင်တော့ 
ကျက်သရေမဲ့တဲ့ အလုပ်ကို လုပ်နေကြ သူတွေလို့သာ ဆိုရမှာကတော့ အမှန်ပဲထင်တယ် ဒကာကြီးလို့လည်း ပြောလိုက်ရော..!!
ဒကာကြီးက တပည့်တော် အဲဒီထဲ မပါအောင် သတိထား ပါမယ် ဘုရား ဆိုပြီး ၀န်ခံသွား​လေရဲ့။

#စေတနာမှန်နဲ့_ကျက်သရေဆောင်နိုင်ကြပါစေ။
🙏🙏🙏
ဓမ္မဘေရီဆရာတော်

          # ငြိမ်းချမ်း ပါစေ

No comments:

Post a Comment