စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, April 21, 2026

ဗိုလျငါးပါး

 ကိလေသာကို ချေမှုန်းမည့် ဗိုလ်ငါးပါးအင်အားစု
( ဖတ်ရှုရန်ကြာချိန် - ၅ မိနစ် မှ ၇ မိနစ်ခန့်)

ပြီးခဲ့သော အပိုင်းတွင် ကိလေသာစစ်မြေပြင်၌ "သတိ" ဟူသော လက်နက်တစ်စင်းကို စွဲကိုင်လိုက်ရုံဖြင့် မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီး အလိုအလျောက် တပ်ဆင်ပြီးသားဖြစ်သွားပုံကို လေ့လာခဲ့ကြပြီး ဖြစ်ပါသည်။ သို့သော် တပ်ဆင်ထားရုံမျှဖြင့် ရထားကြီးက ရှေ့သို့ ခရီးဆက်နိုင်မည် မဟုတ်ပေ။ နိဗ္ဗာန်ခရီးသို့ နှင်မည့် မဂ္ဂင်ယာဉ်ရထား ကြီး အရှိန်အဟုန်ကောင်းကောင်းဖြင့် ပြေးနိုင်ရန်အတွက် "အား" သွင်းပေးရန် လိုအပ်ပါသည်။ 
 
ထိုအကြောင်းကို ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ယခုကဲ့သို့ ရှင်းလင်းမိန့်ကြားတော်မူပါသည်။

 မဂ္ဂင်ယာဉ်ရထားအတွက် အားဖြည့်ခြင်း (ဗိုလ် ၅ ပါး)
လောကီဖြစ်စေ၊ လောကုတ္တရာဖြစ်စေ မည်သည့်အလုပ်ကိုလုပ်လုပ် အောင်မြင်ရန်အတွက် "အား" (သို့ မဟုတ်) "ဗိုလ်" လိုအပ်ပါသည်။ ဗိုလ်ဆိုသည်မှာ အင်အား၊ သတ္တိ၊ အရည်အချင်းပြည့်ဝမှုကို ဆိုလိုပါသည်။ ဓမ္မစစ် မြေပြင်တွင် မဂ္ဂင်ယာဉ်ရထားကြီးကို မောင်းနှင်မည့် အင်အား (၅) မျိုးရှိပါသည်။ 

၁။ သဒ်ဓါဗိုလျ - မိရိုးဖလာ ယုံကြည်မှုအဆင့်မှသည် ကိုယ်တွေ့ကျင့်ကြံမှုဖြင့် ရလာသော ခိုင်မာသည့် ကိုယ်ပိုင်ယုံကြည်မှုအား။
၂။ ဝီရိယဗိုလ် - ကိုယ်တွေ့ကြုံ၍ ယုံကြည်လာသောအခါ စိတ်ချလက်ချ ဆက်လက်ကျင့်ကြံနိုင်ရန် ရဲတင်း သည့် ကြိုးစားအားထုတ်မှုအား။ 
၃။ သတိဗိုလ် - တစ်ချက်နှင့်တစ်ချက် အဆက်မပြတ် အမှတ်ချင်းထပ်ကာ အရှိန်ဓာတ်သို့ ကူးပြောင်း သွားစေသည့် သတိအား။ 
၄။ သမာဓိဗိုလ် - အမှတ်ချင်းစပ်သွားသဖြင့် ကိလေသာများ အဆက်ပြတ်ကာ ရှုကွက်ပေါ်၌သာ စိတ် ကပ်တည်ငြိမ်နေသည့် သမာဓိအား။ 
၅။ ပညာဗိုလ် - ရှုကွက်၌ စိတ်ကပ်နေသဖြင့် အရှိကိုအရှိတိုင်း တပ်အပ်သေချာ ကွဲကွဲပြားပြား သိမြင်လာ သည့် ပညာအား။
 
ဗိုလ်များနှင့်ပတ်သက်၍ ဆရာတော်ကြီးက "သည်အင်အားသတ္တိများ ပါမလာရင် ကြိုးစားသလောက် အရာမထင်ဘူး။ တို့ သည်တရားအလုပ်မှရယ် မဟုတ်၊ လောကီ,လောကုတ် ဘယ်အလုပ်မျိုးမဆို သည်အား တွေပါမှ အားရလောက်အောင် အကျိုးဆက် ထွက်လာစေတယ်။" ဟု မိန့်ကြားတော်မူပါသည်။

 လောကီဥပမာဖြင့် ဓမ္မသတ္တိကို နားလည်ခြင်း
ဆရာတော်ကြီးက ဤ "ဗိုလ်" ခေါ်သည့် အင်အားများအကြောင်းကို နားလည်ရလွယ်ကူစေရန် ရွာထဲမှ ကာလသားတစ်ဦး မိန်းကလေးတစ်ဦးကို ပိုးပန်းသည့် လောကီသဘာဝနှင့် နှိုင်းယှဉ်၍ အလွန်ပီပြင်စွာ ဥပမာပေး တော်မူပါသည်။
 
ကာလသားတစ်ယောက်သည် မိန်းကလေးတစ်ဦးအပေါ် သဘောကျသွားပြီး "သူနှင့်သာပေါင်းရလျှင် ငါ့ဘဝလှပြီ" ဟု ယုံကြည်စိတ် (သဒ်ဓါ) ပြင်းထန်လာပါက မည်သို့ဖြစ်လာမည်နည်း။ အရဲစွန့်၍ ဆက်သွယ်မည် (ဝီရိယ)။ အခွင့်မသာလျှင်လည်း အမြဲအကွက်ချောင်းနေမည် (သတိ)။ သွားလည်းသူ့စိတ်၊ စားလည်းသူ့စိတ် စွဲလမ်းနေမည် (သမာဓိ)။ ထိုသို့စွဲလမ်းသဖြင့် ထိုမိန်းကလေး၏ အကြိုက်ကို ကွဲကွဲပြားပြား သိလာမည် (ပညာ)။ လူကြီးများက သဘောမတူ၍ ဓားနှင့်ခုတ်မည်ဟု ကြိမ်းဝါးလျှင်လည်း နောက်မဆုတ်တော့ဘဲ အသက်စွန့်၍ သွားရဲသည့် သတ္တိများထိ ပေါ်လာတတ်ပါသည်။ 
 
"အို... တို့ယောဂီတို့ရဲ့ ဗိုလ်တွေက အရည်အချင်းရှိပြီးသားပါ။ အဲသည် မယားကြားက ဗိုလ်တွေ၊ သည် တရားကြား ခေါ်ယူပြီး သတ္တိစွမ်း အပြခိုင်းလိုက်ရရင်... ရက်ပိုင်းအတွင်းမှာပဲ တရားရဖို့ သေချာပါတယ်" ဟု ဆရာတော်ကြီးက အလွန်ရှင်းလင်းစွာ မိန့်တော်မူပါသည်။

 အင်အားများမှတစ်ဆင့် ပေါက်ဖွားလာသော တရားများ 
အထက်ပါ ဗိုလ် (၅) ပါးကို ဆရာတော်ကြီးက "ရှေ့ဆောင်ဗိုလ်" နှင့် "နောက်တက်ဗိုလ်" ဟူ၍ နှစ်ပိုင်း ခွဲခြား ပြသထားပါသည်။ 
(က) သဒ်ဓါ၊ ဝီရိယ၊ သတိ ဤသုံးမျိုးတို့သည် ရှေ့ဆောင်ဗိုလ်များ ဖြစ်ကြသည်။ 
(ခ) သမာဓိနှင့် ပညာ ဤနှစ်မျိုးသည် နောက်တက်ဗိုလ်များ ဖြစ်ကြသည်။ 
ဤဗိုလ်များ အဆင့်ဆင့် အားကောင်းလာပုံကိုလည်း ယခုကဲ့သို့ ရှင်းပြထားပါသည်။ 
 သဒ်ဓါအားကောငျး၍ အစွမ်းပြလာလျှင် အသိလေး သွက်လာမည်။ အသိမသွက်သေးလျှင် ဗိုလ်မဖြစ်သေးပေ။
  ဝီရိယအားကောင်းလာသောအခါ အသိများ တိုးတက်လာမည်။ တိုးတက်မလာလျှင် ဗိုလ်အရာ မဝင်သေးပေ။ 
 သတိအားကောင်းလာသောအခါ အသိဉာဏ် ထက်မြက်လာမည်။ မထက်မြက်လျှင် ဗိုလ်မဟုတ်ပေ။ 
 သမာဓိအားကောင်းလာသောအခါ အသိဉာဏ်အမြင် သန်လာမည်။ အမြင်မသန်လျှင် ဗိုလ်အရာမဝင်ပေ။ ဤအစွမ်းသတ္တိ လေးမျိုးစလုံးသည် အဆုံးစွန်သော သိမှု 'ပညာဗိုလ်' ကိုသာ တွန်းအားပေးနေခြင်း ဖြစ်ပါ သည်။ အဘယ်ကြောင့်ဆိုသော် အကျင့်မှသည် အသိသို့ ဆက်သွယ်ပေးရမည် ဖြစ်သောကြောင့်တည်း။ တစ်ဖန် ရှေ့ဗိုလ်သုံးမျိုးက အစွမ်းပြ၍၊ နောက်နှစ်မျိုးက အစွမ်းရခြင်း ဖြစ်သည်။ ရှေ့သုံးမျိုးဖြင့် ကြိုးစား၍ ၎င်းတို့၏ သတ္တိများ ပြလာသည်နှင့်အမျှ နောက်နှစ်မျိုးက အလိုလို တည်ပေး၊ သိပေးလာခြင်း ဖြစ်ပါသည်။ ထိုသို့ ရှေ့ဆောင် ဗိုလ်များ အားကောင်းလာသည်နှင့်အမျှ အောက်ပါ အရေးကြီးသော တရားများ အလိုလို ပေါက်ဖွားလာပါသည်။ 

 (က) သဒ်ဓါအားမှ ပေါက်ဖွားလာသော ဣဒ္ဓိပါဒ် (၄) ပါး 
ယုံကြည်ချက် (သဒ်ဓါ) အားကောင်းလာသောအခါ တန်ခိုးကြီးထွားခြင်း၏ အခြေခံအကြောင်းတရားများ ဖြစ်သော ဣဒ္ဓိပါဒ် (၄) ပါး ပေါ်ပေါက်လာပါသည်။ ၎င်းတို့မှာ ပြင်းပြသော ဆန္ဒရှိခြင်း (ဆန္ဒိဒ္ဓိပါဒ်)၊ ရဲတင်းပြင်း ထန်သော ကြိုးစားမှုရှိခြင်း (ဝီရိယိဒ္ဓိပါဒ်)၊ အလွန်အမင်း စိတ်ဝင်စားမှုရှိခြင်း (စိတ္တိဒ္ဓိပါဒ်) နှင့် စူးစမ်းလေ့လာမှု အားကြီးခြင်း (ဝီမံသိဒ္ဓိပါဒ်) တို့ ဖြစ်ကြသည်။
 
"ယုံကြည်ချက်အားကြောင့် သည်လေးပါး ပေါက်ဖွားကြရတယ်။ သည်လေးပါးကြောင့်လည်း ယုံကြည် ချက် ကြီးထွား လာရပြန်တယ်။ တစ်ခုနဲ့တစ်ခု ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုက မမှားဘူးပေါ့။" ဟု ဆရာတော် ကြီး က မိန့်ဆိုတော်မူပါသည်။

 (ခ) ဝီရိယအားမှ ပေါက်ဖွားလာသော သမ္မပ္ပဓာန် (၄) ပါး
သမ္မပ္ပဓာန်ဟူသည် အမှန်ကန်ဆုံးကြိုးစားချက်မျိုးဟု မှတ်ရမည်။ လေးမျိုးဆိုသည်မှာ -
၁။ ဖြစ်ခဲ့ပြီး၊ လွန်ကျူးခဲ့မိပြီး အကုသိုလ်များ အတွေးနှင့် အဟုတ်ပေါ်လာလျှင် ကြိုးစားမှတ်ပြီး ပယ်ဖျောက် ပစ်ခဲ့ရမည်။ မှတ်အားမစိုက်က အတွေးက အရေးပေါ်လာတတ်လွန်းသောကြောင့် ဖြစ်သည်။
၂။ မဖြစ်သေး၊ မလွန်ကျူးသေးသည့် အကုသိုလ်ကို စိတ်မှ ကိုယ်၊ နှုတ်သို့ မလွန်ကျူးမီ ကြိုးစားမှတ်ပြီး ဖျက်ဆီး ပစ်ခဲ့ရမည်။ စိတ်အကြံ မဖျက်ဆီးနိုင်ခဲ့လျှင် အရှုံးပေါ်တတ်လွန်းသောကြောင့် ဖြစ်သည်။
၃။ မဖြစ်သေး၊ မပြုကျင့်ရသေးသည့် ကုသိုလ်မျိုးဆိုလျှင် အမြန်ဆုံး အထမြောက်သွားအောင် ကြိုးစားသတိပေးပြီး တိုက်တွန်းရမည်။ တိုက်တွန်းမပေးက အကုသိုလ်စိတ်က ပြန်ပြီး ဖုံးသွားတတ်လွန်းသောကြောင့် ဖြစ်သည်။
၄။ ဖြစ်ပြီး၊ ပြုကျင့်ခဲ့ပြီး ကုသိုလ်မျိုးများကျတော့ တစ်ခါတွေး၊ တစ်ခုကျ၊ ပွားနေအောင် ကြိုးစားပြီး သတိပြုရမည်။ ကုသိုလ်စိတ် ဝင်နေလျှင် အကုသိုလ် မဝင်သာအောင် ဖြစ်သည်။
 
ဝီရိယအားကြောင့် ဤလေးမျိုး ပွားလာရသည်။ ဤလေးမျိုး အထူးပွားနေလျှင်လည်း ရဲရင့်မှု ဝီရိယ အားကောင်းလာသည်။ ရဲရင့်မှုနှင့် ကြိုးစားပုံ လေးမျိုးတို့ကလည်း အပြန်အလှန်ပင် ဖြစ်သည်။
 
တရားရှုမှတ်ရင်း သမ္မပ္ပဓာန် (၄) ပါး မည်သို့ဖြစ်ပေါ်လာပုံကို ဆရာတော်ကြီးက ယခုကဲ့သို့ ရှင်းပြထားပါသည် -

တရားရှုမှတ်နေစဉ်အတွင်း တစ်ခါတစ်ရံ၌ ငယ်စဉ်က မသိနားမလည်၍ ပြုမူခဲ့မိသော အကျင့်ဆိုးများနှင့် မကောင်းမှုအကုသိုလ်များသည် အတွေးအာရုံအဖြစ် ပြန်လည်နှုတ်ဆက်လာတတ်ကြသည်။ ထိုသို့ အတွေး နယ်ချဲ့၍ အကုသိုလ်များ ပေါ်ပေါက်နေပါက မိမိစိတ်ကို အလွတ်မထားဘဲ ရှုကွက်ထဲသို့ သတိဖြင့် စိုက်ကျသွား အောင် ဝီရိယတွန်းအားဖြင့် စူးစိုက်မှတ်သားရမည်။ အကယ်၍ ထိုအတွေးများက အင်အားကြီးမား၍ မနိုင်ဝန် ဖြစ်နေပါကလည်း ၎င်းကို ရှောင်လွှဲမနေဘဲ "တွေးနေသည်" ဟု တဲ့တိုးရင်ဆိုင်ကာ၊ အစွဲသိကို အမှတ်သိဖြင့် ဖိ၍ မှတ်သားပစ်ရမည် ဖြစ်သည်။(ဤသည်မှာ ဖြစ်ပြီးသော အကုသိုလ်ကို ပယ်ဖျောက်ခြင်းပင်တည်း။)

ထို့ပြင် အနာဂတ်တွင် ပြုလုပ်ရန် ကြံစည်မိသော အကုသိုလ်များ ပေါ်လာပါကလည်း မဖြစ်ခင်ကပင် ကြိုတင်တားဆီးရမည်။ (ဤသည်မှာ မဖြစ်သေးသော အကုသိုလ်ကို တားဆီးခြင်း ဖြစ်သည်။)
  
တစ်ဖက်တွင်လည်း ရှုကွက်အတွင်း၌ ဖြစ်ပျက်မြင်တွေ့မှု (ဓမ္မကုသိုလ်) များ ပေါ်မလာသေးပါက ပေါ်လာ အောင် ဝီရိယစိုက်ထုတ်ရမည်ဖြစ်ပြီး၊ ပေါ်လာပြီးသော ဖြစ်ရိပ်ပျက်ရိပ်များကိုလည်း ပျောက်ကွယ်မသွားဘဲ ထင်ရှားသထက် ထင်ရှားလာစေရန် ဝီရိယဖြင့် မျက်ခြည်မပြတ် မှတ်သားနေရန် လိုအပ်ပါသည်။ (ဤသည်မှာ မဖြစ်သေးသော ကုသိုလ်ကို ဖြစ်စေခြင်းနှင့် ဖြစ်ပြီးသော ကုသိုလ်ကို ပွားများစေခြင်းပင် ဖြစ်တော့သည်။)
 
ဆိုခဲ့ပါ လုပ်ငန်းစဉ်များသည်ကား တရားရှုမှတ်မှုလုပ်ငန်းခွင်အတွင်း၌ သမ္မပ္ပဓာန် (၄) ပါးကို ဝီရိယ အင်အားဖြင့် လက်တွေ့ကျကျ ပေါင်းစပ်အသုံးချကာ ကိလေသာကို အောင်နိုင်ကြောင်း နည်းစနစ်များပင် ဖြစ်ပေ တော့သည်။

 (ဂ) သတိအားမှ ပေါက်ဖွားလာသော သတိပဋ္ဌာန် (၄) ပါး 
သဒ်ဓါက ဣဒ္ဓိပါဒ်ကို၊ ဝီရိယက သမ္မပ္ပဓာန်ကို ပံ့ပိုးပေးသကဲ့သို့ သတိအင်အားကလည်း သတိပဋ္ဌာန် (၄) ပါးကို ဆက်လက်တာဝန်ခံရပါသည်။ သတိအင်အားဆိုသည်မှာ မှတ်အားကောင်း၍ မှတ်ဉာဏ်ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါသည်။ ထိုသို့ မှတ်အားကောင်းစေရန်အတွက် အောက်ပါ သတိပဋ္ဌာန် (၄) ပါးကို ကျင့်ကြံရပါမည်။ 

၁။ ကာယာနုပဿနာ - ကိုယ်ပေါ်၌ စိတ်ကပ်၍ မျက်ကြောမပြတ်ရန် တရစပ် မှတ်ရာပေးနေရခြင်း။
 ၂။ ဝေဒနာနုပဿနာ - ခံစားရာအရပ်သို့ စိတ်ပြေးကပ်သွားပါကလည်း မျက်ကြောမပြတ်ရန် မှတ်ရာပေးနေရခြင်း။ 
၃။ စိတ္တာနုပဿနာ - ရှုကွက်သို့မနားဘဲ အတွေးကြားသို့ စိတ်ပြေးသွားပါကလည်း သူသွားရာသို့ကပ်၍ မှတ်ချက်ယူခြင်း။ 
၄။ ဓမ္မာနုပဿနာ - အတွေ့မရသော အငွေ့မျှဆီသို့ စိတ်ကပြေးသွားပါကလည်း သူသွားရာသို့ကပ်၍ မှတ်ချက်ယူခြင်း။
 
ဤလေးမျိုးကို သတိပဋ္ဌာန်ဟု ခေါ်ဆိုရခြင်းမှာ စိတ်ကလေးရောက်ရာသို့ သတိအမြဲပါစေပြီး မှတ်နေပါက မည်သည့်နေရာမှမှတ်မှတ် အမှတ်ရနေ၍ သိသိနေခြင်းကြောင့်လည်းကောင်း၊ တရားအလုပ်သည် အတွေးဝင် သွား၍ ပျက်သွားသည်မျိုး မရှိတော့ခြင်းကြောင့်လည်းကောင်း "သတိပဋ္ဌာန်" ဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။
 
ဤသတိပဋ္ဌာန်အလုပ်ကို ဆရာတော်ကြီးက "သတိပဋ္ဌာန်ဆိုတာ 'ဟဲ့... စိတ်ယုတ်မာလေး၊ နင်ဘယ် လောက်ပြေးပြေး၊ ဘယ်ကိုပြေးပြေး နင့်နံဘေး ငါအမြဲပါနေတယ်' လို့ သတိပေးနေတဲ့အလုပ်ပဲ ဆိုကြပါစို့" ဟု မိန့် ကြားတော်မူပါသည်။

 နိဂုံး
လောကဓမ္မတာအရ မည်သည့်ခရီးမဆို အစပြုရန် ခက်ခဲတတ်သကဲ့သို့၊ သံသရာဝဋ်ဆင်းရဲမှ လွတ် မြောက်မည့် ဤဓမ္မခရီးသည်လည်း အစပိုင်းတွင် ရုန်းကန်ရမည်မှာ သဘာဝပင် ဖြစ်ပါသည်။ သို့သော် ယခုအခါ ယောဂီတို့၏ မဂ္ဂင်ယာဉ်ရထားကြီးသည် "သတိ" လက်နက်ကို အောင်မြင်စွာ တပ်ဆင်ထားရုံမျှမက၊ သဒ်ဓါမှသညျ ပညာတိုင်အောင် တစ်ခုနှင့်တစ်ခု အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ချိတ်ဆက်နေသော "ဗိုလ်ငါးပါး" အင်အားစုများဖြင့် အသက်ဝင် လည်ပတ်နေပြီ ဖြစ်ပါသည်။
 
အမှောင်ထုကို အလင်းရောင်က ဖယ်ရှားသကဲ့သို့၊ "သတိပဋ္ဌာန်" ဟူသော အသိဉာဏ်မီးမောင်းကြီး ထိန်လင်းနေသရွေ့ ကိလေသာဟူသော စိတ်ယုတ်မာများသည် ခိုအောင်းခွင့် ရတော့မည် မဟုတ်ပေ။ အစစ်မှန်ဆုံး သော အောင်ပွဲဟူသည် ရန်သူကို လိုက်လံတိုက်ခိုက်ချေမှုန်းနေခြင်းထက်၊ ရန်သူဖြစ်တည်ခွင့်မရအောင် မိမိ၏စိတ် ကို အသိဖြင့် အစိုးရခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်၍ စွမ်းအားအပြည့်ဖြင့် ခုတ်မောင်းနေပြီဖြစ်သော ဤမဂ္ဂင် ယာဉ်ရထားကြီးဖြင့် မိမိစိတ်ကို မိမိပြန်လည်သိမ်းပိုက်ကာ၊ အသင်္ခတဓမ္မဖြစ်သော ငြိမ်းချမ်းရာ နိဗ္ဗာန်ပန်းတိုင်သို့ မဆိုင်းမတွ ဆက်လက်ချီတက်နိုင်ကြပါစေသတည်း။

#ငြိမ်းချမ်းသာ #တရားအမြုတေများ_၁၉
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-14-4-2026 #သင်္ကြန်အကျနေ့

No comments:

Post a Comment