🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အသက်လေးဆယ် ကံကောင်းတုန်းက
ဒါနမှုတွေ အားရအောင် ပြုခဲ့ပြီးပြီ။
အခု အသက်ငါးဆယ်မှာတော့ဖြင့်
ဉာဏ်ကောင်းတုန်းမှာ အနည်းဆုံး
ကိုယ့်စိတ်ငြိမ်သက်အောင်
ကြိုးစားသင့်ကြပါပြီ။
ဒီအချိန်မှာ သတိပြုစရာတွေကတော့
ကိုယ့်မာနကို ချိုးနှိမ်ဖို့ ကြိုးစားပါမှ
သူ့မာနက လွှမ်းမိုးလာတတ်တယ်။
ကိုယ့်ရာဂကို ပစ်ပယ်ဖို့ ကြိုးစားပါမှ
သူ့ရာဂက နှိုးဆွလာတတ်တယ်။
ကိုယ့်ဒေါသကို ခွာထုတ်နေပါမှ
သူ့ဒေါသက ဖိစီးလာတတ်တယ်။
လယ်ကန်သင်း ကတွတ်ပေါက်မှာ ခဲလုံး
အတားအဆီးများ ပိတ်ဆို့ချထားစဉ်တုန်းက
လာသမျှရေ ရှေ့မတိုးသော်လည်းပဲ
ပိတ်ဆို့ခဲ ခွာရှဲပေးလိုက်ရင် ရေတွေဒလဟော စီးဝင်လာသလိုပါပဲ။
တစ်ဖက်သားတို့ရဲ့ ကြွားဝါ ဝင့်ကြွားမှုမြှူဆွယ်လမ်းပေးမှု စိန်ခေါ်မှု စတဲ့
အပြင်ရန်တွေကလည်း ဒုနဲ့ဒေး။
ကိုယ်တွင်းရှိ လက်ထက်
လက်ငုတ်များကလည်း ဇောင်းထဲက မြင်းလိုပဲ။
ဟိုတုန်းက အိမ်ထောင်ဝန်
စီးပွားဝန်တွေ ထမ်းနေရလို့
ကိုယ်စိတ်နှလုံး ဂျုန်းဂျုန်းကျမို့မထသာပေမယ့်
ယခုအားမယ် နားမယ်မှ မကြံသေးဘူး။
ဒီကိလေသာက အရင်ထကြွတော့တာပဲ။
ဒါ့ကြောင့် စိတ်ကို
ပေါက်လွှတ်ပဲစား ပစ်ထားရင် သွားနေကျ
စားကျက်တန်းသွားပြီး
သူတစ်ပါးအာရုံတွေကို အတွေ့ဖြင့်
ခိုးကြောင်ခိုးဝှက် သွားစားတော့မယ်။
အာရုံတစ်ချက် မှားလျှင်
ကိလေသာဓားတစ်ချက်
အခုတ်ခံရတော့မှာ သေချာတယ်။
ကိလေသာဓားတစ်ချက် ထိမိလျှင်
စိတ်ဒဏ်ရာရမှာကလည်း မလွဲဘူး။
ရာဂစိတ်ကြောင့် ဖြစ်တဲ့ဒဏ်ရာ
အဲဒီရာဂဆေး ကာမဆေးကျွေးမှ
ပျောက်ကင်းသက်သာတတ်တယ်။
မာန ဒေါသ မောဟ စတဲ့ ဒဏ်ရာတွေမှာလည်း
သူ့ဆေးနဲ့သူမှ ပျောက်ကင်းတတ်တာမျိုးချည်းပဲ။
အနာထကြွတိုင်း လူမမာညည်းတွားရသလို
ကိလေသာ ထကြွတိုင်း စိတ်ကစားနေလျှင်
လူကြီးကိုယ်နဲ့ ကလေးစိတ်ဖြစ်နေတော့
လူကြီးမင်း ဖြစ်မလာနိုင်တော့ဘူး။
ဒါ့ကြောင့် အရွယ်နဲ့လိုက်ဖက်တဲ့
စိတ်သဘောထားကြီးမြင့်မှုမျိုး ရောက်အောင်
စိတ်ကစားမှုကို ထိန်းကျောင်းပေးနိုင်မယ့်
ကျင့်စဉ်တစ်ခုကို လက်စွဲထားဖို့ လိုအပ်လာပါပြီ။
ဘယ်ကျင့်စဉ် ကျင့်ကျင့်
သတိမလွတ်ဖို့သာ အဓိက။
စိတ်ဆိုတာ ငယ်ပေါင်းကိလေသာနဲ့
သံယောဇဉ်ပြတ်ဖို့ အခက်သား။
ကိလေသာဆိုတာကလည်း
အမြှူ အခွာက ပါးနပ်သား။
မယားလိုချင်တုန်းက မယားနဲ့ပြပြီး
လိုချင်တာ ခံစားခဲ့ကြသလို
တရားလိုချင်ပြန်တော့လည်း
ကိလေသာက လိုချင်တာလေးပြပြီး
သတိလွတ်အောင် လုပ်ဆောင်တတ်ရဲ့။
သတိတစ်ချက် လွတ်ရင်
စိတ်နဲ့ အကြိုက်ပေါင်းမိသွားပြီး
ရှုကွက်ထဲ အာရုံကောင်းလေးများ မိနေရင်
ကြိုက်စိတ် ပေါ်လာတတ်တယ်။
သတိတစ်ချက် လျော့လို့
စိတ်နဲ့မကြိုက်ပေါင်းမိသွားပြန်ရင်လည်း
မကြိုက်စိတ်ထလာပြီး ရှုကွက်ထဲ
အာရုံဆိုးပေါ်လာတာနဲ့ မကျေချမ်းချင်တော့ဘူး။
သတိတစ်ချက် မှေးလို့
အာရုံရေးရေးပေါ်နေပြန်ရင်လည်း
စိတ်နဲ့မသိ ပြန်လည် ပေါင်းမိကြပြီး
မသိစိတ် ဖြစ်သွားပြန်ကရော။
ဒါမှမဟုတ်ရင်လည်း
စိတ်နဲ့အကြိုက်ပေါင်းပြီး
စိတ်ကြိုက်အာရုံဟောင်းတွေဆီ ပြန်သွား။
ကောင်းနိုးရာရာ အဟောင်းအဆွေးများကို
နွှေးပြီး စားမြုံ့ပြန်နေတတ်တယ်။
မကြိုက်စိတ်ကလည်း မကျေနပ်တာ
ပြန်အာရုံပြုပြီး ရင်ထုလား ထုနေရဲ့။
သတိပါသော်မှ
ပြတ်တောင်းပြတ်တောင်း ဖြစ်နေရင်
ကိလေသာ ကြားဝင်ပြီး စိတ်ကစားမှုတွေ
တစ်သီတစ်တန်းကြီး ပေါ်နေတတ်လေရဲ့။
ဒါ့ကြောင့် ဘယ်ကျင့်စဉ်နဲ့ ကျင့်ကျင့်
သတိမလွတ်ဖို့ဟာ စိတ်ကစားမှုကို
ထိန်းကျောင်းခြင်းရဲ့ သော့ချက်လို့ မှတ်ပါလေ။
သည်လိုသာ သတိရဲ့မပြတ်ရှုမှတ်မှုနဲ့
စေ့စပ်မှု စူးစိုက်မှု နှစ်ဖက်ညှပ်ပြီး စိတ်ရိုင်းကို
ကျုံးသွင်းလိုက်ရင် စိတ်ရိုင်းဟာ ယဉ်လာမယ်။
ပြေးနေတဲ့စိတ် ငြိမ်လာမယ်။
စိတ်မှာ ကြိုက် မကြိုက် မသိဆိုတာတွေ
မကပ်သာတော့ဘူး။
မကောင်းမှုတွေအားလုံး
ထွက်ပြေးသွားကြတဲ့အချိန်
ကိုယ်စိတ် ငြိမ်သက်မှုထဲမှာ
သိရာကို အဖြေရှာကြည့်။
အရှိကို အမှန်အတိုင်း သိလာမယ်။
ဒါကြောင့် ....
တရားအမှတ် မျက်ခြည်မပြတ်ခြင်းဟာ
မင်္ဂလာရဲ့ ထက်သန် အားကောင်းတဲ့
ခြေလှမ်းဖြစ်ကြောင်း ကောင်းစွာ
ဆင်ခြင်ခွင့် ရကြပါလေပြီ။
#ကျေးဇူးတော်ရှင်
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
No comments:
Post a Comment