🌿🌿🥀🌿🌿🥀🌿🌿🥀
ကိလေသာစစ်မြေပြင်သို့ ချီတက်ရာတွင် အစွန်းနှစ်ပါးမှလွတ်သော "မဇ္ဈိမပဋိပဒါ" ခေါ် အလယ်အလတ် ကြားလမ်းကျင့်စဉ်အကြောင်းကို "ကိလေသာစစ်မြေပြင်သို့စစ်ချီခြင်း" ဆောင်းပါးတွင် လေ့လာခဲ့ကြပြီး ဖြစ်ပါ သည်။ ယခု ဤဆောင်းပါးတွင်မူ ထိုစစ်မြေပြင်၌ အောင်ပွဲခံနိုင်ရန် အရေးကြီးဆုံးဖြစ်သော "သတိ"ကို ထိထိမိမိ အသုံး ချတတ်ရုံဖြင့် (က) အကျင့် (စရဏ) နှင့် အသိ (ဝိဇ္ဇာ) မည်သို့ တွဲမိသွားပုံ၊ (ခ) မဂ္ဂင်ရှစ်ပါးနှင့် သိက္ခာသုံးပါးတို့ မည်သို့ ပြည့်စုံသွားပုံတို့ကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ကိလေသာစစ်မြေပြင်သို့ စစ်ချီကြမည့် ယောဂီစစ်သည်တော်တို့အတွက် "အလယ်အလတ်လမ်း" (ဝါ) "ကြားလမ်း" ကျင့်စဉ်ကို သိရုံဖြင့် မလုံလောက်သေးပေ။ လက်တွေ့စစ်မြေပြင်တွင် လက်နက်ကိုင်စွဲပုံ "အကျင့်" (စရဏ) နှင့် ရန်သူကို အကဲခတ် တတ်သော "အသိ" (ဝိဇ္ဇာ) နှစ်ခု မည်သို့ပေါင်းစပ်ရမည်ကို သိရန် အလွန်အရေး ကြီးပါသည်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အကျင့်နှင့်အသိကို စစ်မြေပြင်အတွေ့အကြုံ နှင့် ယှဉ်၍ ဤသို့ ရှင်းလင်းပြတော်မူသည်။
စစ်မြေပြင်သုံး ကိရိယာများနှင့် အောင်ပွဲပန်းတိုင် (စရဏ နှင့် ဝိဇ္ဇာ)
စစ်တိုက်ရာတွင် မိမိဘက်မှ တပ်ဆင်ထားရမည့် လက်နက်ကိရိယာများရှိသကဲ့သို့၊ သိမ်းပိုက်ရမည့် ပစ်မှတ်များလည်း ရှိပါသည်။ ဓမ္မစစ်မြေပြင်တွင် မိမိဘက်မှ ဖြည့်ဆည်းရမည့် အကျင့်ကိရိယာများကို "စရဏ (၁၅) ပါး" ဟုခေါ်ပြီး၊ ရရှိလာမည့် အထူးသိဉာဏ် အောင်ပွဲများကို "ဝိဇ္ဇာ" ဟု ခေါ်ပါသည်။
စရဏ (၁၅) ပါးဟူသည် -
(က) အခြေခံ စောင့်စည်းမှုများ
(၁) သီလ (ကိုယ်၊ နှုတ် စောင့်စည်းခြင်း)
(၂) ဣန္ဒြေယ (မျက်စိ၊ နား စသည့် ဒွါရခြောက်ပါးကို လုံခြုံစွာပိတ်ဆို့ခြင်း)
(ခ) နေ့စဉ်နေထိုင်မှု အလေ့အကျင့်များ
(၃) ဘောဇနမတ္တညု (အစားအသောက်ကို မျှတရုံသာ မှီဝဲခြင်း)
(၄) ဇာဂရိယ (နိုးကြားတက်ကြွနေခြင်း)
(ဂ) စိတ်ဓာတ်ခွန်အားဖြည့် သူတော်ကောင်းတရားများ
(၅) သဒ်ဓါ (ယုံကြည်ချက် ခိုင်မာခြင်း)
(၆) သတိ (စစ်သားကောင်းပမာ သတိလက်မလွတ်ခြင်း)
(၇) ဗာဟုသစ္စ (ကျင့်စဉ်လမ်းကြောင်းကို အမြဲလေ့လာခြင်း)
(၈) ဝီရိယ (ရဲရင့်စွာ ကြိုးစားအားထုတ်ခြင်း)
(၉) ပညာ (အမှားအမှန် ခွဲခြားနိုင်ခြင်း)
(၁၀) ဟီရိ (မကောင်းမှုပြုရမည်ကို ရှက်ခြင်း)
(၁၁) သြတ္တပ္ပ (မကောင်းမှုပြုရမည်ကို ကြောက်ခြင်း)
(ဃ) အဆင့်မြင့် သမာဓိအကျင့်များ
(၁၂) အာကာသဈာန် (ရုပ်ကိုမသုံး ဟင်းလင်းပြင်ချည်းလုံးလုံး ဖြစ်စေခြင်း)
(၁၃) ဝိဉာဏဈာန် (ဟင်းလင်းပြင် မသုံး နာမ်စဉ်ချည်းလုံးလုံး ဖြစ်စေခြင်း)
(၁၄) အာကိဉ္စဈာန် (ရုပ်သက်ပျောက်ဆုံး နာမ်သက်ချည်းလုံးလုံးဖြစ်စေခြင်း)
(၁၅) နေဝသညာဈာန် (နာမ်ရိုင်းပျောက်ဆုံး နာမ်၏ အသိမ်မွေ့ဆုံးသို့ ရောက်စေခြင်း) တို့ဖြစ်သည်။
ဝိဇ္ဇာ (အထူးသိဉာဏ်) ဟူသည် - ထိုသို့ ကျင့်ကြံအားထုတ်မှုကြောင့် ရရှိလာမည့် အသိဉာဏ်များမှာ ဝိဇ္ဇာ (၃) ပါး နှင့် ဝိဇ္ဇာ (၈) ပါးဟူ၍ ရှိပါသည်။
ဝိဇ္ဇာ (၃) ပါး တွင် အတိတ်ဘဝကိုသိသောဉာဏ် (ပုဗ္ဗေနိဝါသာနုဿတိ)၊ ဝေးသောကွယ်သောအရာ ကိုမြင်သောဉာဏ်(ဒိဗ္ဗစက္ခု)နှင့် ကိလေသာကုန်ခမ်းကြောင်းကိုသိသောဉာဏ် (အာသဝက္ခယဉာဏ်) တို့ ပါဝင်ပြီး လောကီနှင့် လောကုတ္တရာ ရောစပ်နေပါသည်။
ဝိဇ္ဇာ (၈) ပါး ကား သောတာပတ္တိမဂ်ဖိုလ် မှသည် အရဟတ္တမဂ်ဖိုလ်အထိ မဂ်ဉာဏ် (၄) ပါး၊ ဖိုလ်ဉာဏ် (၄) ပါးဖြစ်ပြီး လောကုတ္တရာသက်သက် အသိအမြင်များ ဖြစ်ပါသည်။
စစ်မြေပြင်သုံး အဓိကလက်နက် (သတိ)
အစွန်းနှစ်ပါးမှလွတ်ကင်းသော မဇ္ဈိမပဋိပဒါလမ်းအစစ်ကို လျှောက်လှမ်းလိုလျှင် "သတိ" ဟူသော လက်နက်ကို စွဲကိုင်ရပါမည်။
စစ်မြေပြင်ရောက် စစ်သားကောင်းတစ်ယောက်သည် မိမိလက်ထဲရှိ လက်နက်ကို အသင့်ပြင်ထားရသည်။ ရန်သူလာလာ၊ တိရစ္ဆာန်လာလာ ... မည်သူလာသည်ဖြစ်စေ အသက်အန္တရာယ်ရှိလာလျှင် လက်ထဲရှိလက်နက်ဖြင့် မလွတ်တမ်း ပစ်ခတ်ရမည်သာ ဖြစ်သည်။
ဤ၌ ဆရာတော်ကြီးက အလွန်ထိမိသော အဆုံးအမတို့ကို မိန့်ကြားတော်မူပါသည်။
"သတိလေးတစ်လုံးသည် ဘူးရုံ တစ်ရုံလုံး၏ ရေသောက်မြစ်ပဲ ယောဂီတို့။ စစ်ပွဲကြားက စစ်သား တစ်ယောက်ဟာ လက်ထဲရှိ သူ့လက်နက်ကို အသင့်ပြင်ထားတယ်။ မျက်စိကို ဖွင့်၊ နားကို စွင့်လျက်နဲ့လည်း နေ တယ်။ အသက်ချင်းလဲကြရမှာကိုး။ သည်အချိန်မှာပဲ တစ်ဖက်ရန်သူ လာတယ်ဆိုရင် ဘယ့်နှယ်လုပ်သလဲ... လက်ထဲရှိတဲ့ သေနတ်နဲ့ ပစ်မှာပဲ။ နွား၊ ကျွဲများ ပြေးလွှားလာရင်ကော... မလွတ်တမ်း ပစ်ထည့်လိုက်မှာပဲ။ ဘာလာ လာ၊ သည်သတိလက်နက်တစ်မျိုးတည်းနဲ့ပဲ ကိစ္စပြီးစေရမယ်။ ဘာဖြစ်ဖြစ် သည်သတိနဲ့ပဲ ဖြေရှင်းရမယ်။
ငါ ဝင်မရှုပ် လေနဲ့၊ ငါဝင်ရှုပ် အလုပ်များသွားမယ်။"
ယောဂီတို့သည်လည်း မိမိခန္ဓာတွင် မည်သည့်အာရုံ ပေါ်လာပေါ်လာ "ငါ" ဝင်မရှုပ်ဘဲ "သတိ" ဟူသော လက်နက်တစ်မျိုးတည်းဖြင့်သာ အကဲခတ် မှတ်သိနေရပါမည်။
ဥပမာ - ထိုင်နေစဉ် နှာသီးဝ၌ လေတိုးတာလေးကို သတိကပ်၍ စေ့စေ့စပ်စပ် ရှုကြည့်နေမည်။ လေဝင်လာ လျှင် ထိမှန်းသိမည်၊ လေထွက်သွားလျှင် ထိမှန်းသိမည်။ ဤသို့ "ထိတယ်၊ သိတယ်" ဟူသော သတိလေးဖြင့် ကပ်ကြည့်နေခြင်းသည် စိတ်လွတ်ကိုယ်လွတ်လည်း မဟုတ်၊ အတင်းအကျပ် ချုပ်တည်းထားခြင်းလည်း မဟုတ်ဘဲ အရှိကို အရှိတိုင်း သိနေသော "မဇ္ဈိမပဋိပဒါလမ်း" (ဝါ) "ကြားလမ်းအစစ်" ပင် ဖြစ်ပါသည်။
သတိတစ်လုံးတည်းဖြင့် မဂ္ဂင်ယာဉ်ရထား တည်ဆောက်ခြင်း
ဤသတိတစ်လုံးကို ထိထိမိမိ အသုံးချလိုက်သည်နှင့် တစ်ပြိုင်နက် မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီးသည် အလိုအလျောက် တပ်ဆင်ပြီးသား ဖြစ်သွားပါသည်။
၁။ သမာဓိမဂ္ဂင်အုပ်စု နှာသီးဝ၌ အမှတ်မလွတ်အောင် ကြောင့်ကြစိုက်ထုတ်နေမှုသည် ဝီရိယ (သမ္မာ ဝါယာမမဂ္ဂင်)၊ ကပ်၍မှတ်နေမှုသည် သတိ (သမ္မာသတိမဂ္ဂင်)၊ ဝင်တိုင်းထွက်တိုင်း ငြိမ်သက်စွာ သိနေမှုသည် သမာဓိ (သမ္မာသမာဓိမဂ္ဂင်) ဖြစ်သွားပါသည်။
၂။ ပညာမဂ္ဂင်အုပ်စု ထိုသို့ သမာဓိရလာသောအခါ လေ၏ ဝင်ပုံထွက်ပုံ သဘောတရားများကို အရှိအတိုင်း မှန်ကန်စွာ မြင်လာမှုသည် သမ္မာဒိဋ္ဌိမဂ္ဂင်၊ ထိုအမှန်အသိဆီသို့ စိတ်ကို ရှေးရှုတင်ပေးနေမှုသည် သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်သွားပါသည်။
၃။ သီလမဂ္ဂင်အုပ်စု ရှေ့က သတိဖြင့်မှတ်၊ နောက်က ပညာဖြင့် အမှန်သိနေသည့် အချိန်ခဏလေး အတွင်း၌ မကောင်းသောစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု (သမ္မာဝါစာမဂ္ဂင်)၊ မကောင်းသောအလုပ် လုပ် ဆောင်ခြင်းမှ ရှောင်ကြဉ်မှု (သမ္မာကမ္မန္တမဂ္ဂင်)၊ မကောင်းသော နည်းလမ်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်မှု (သမ္မာအာဇီဝမဂ္ဂင်) တည်းဟူသော သီလမဂ္ဂင်များမှာလည်း ဒုစရိုက်များ ဝင်ရောက်ခွင့်မရတော့သဖြင့် အလိုလို လုံခြုံပြီးသား ဖြစ်သွားပါသည်။
ထိုအကြောင်းကို ဆရာတော်ကြီးက ယခုကဲ့သို့ ပေါင်းရုံး၍ မိန့်ကြားတော်မူပါသည်။
"အားလုံးပေါင်းတော့ သတိ ရှိ၊ အသိ ရှိတယ်။ သတိနောက် အသိ အမြဲ နောက်လိုက်ပါနေတယ်။ သည် သတိနဲ့ အသိ ရှိနေသမျှ သမာဓိ၊ ပညာ အကုန်ပါပြီး သီလသိက္ခာလည်း ပါပြီးပေါ့။ သည်တော့ တို့ယောဂီတွေ မှတ်နေတဲ့ သတိလေးတစ်လုံးက မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီးလည်း အဆင်သင့် တပ်ဆင်ပြီးသား ဖြစ်သွားပါပြီ။ သိက္ခာသုံးပါး အကျင့်များလည်း အသွားမပျက် ကွင်းဆက်မိနေပြီမဟုတ်လား"
နိဂုံး
သံသရာအဆက်ဆက်က ရှုံးနိမ့်ခဲ့ရသော ကိလေသာစစ်ပွဲများကို ယခုဘဝတွင် အပြီးတိုင် အဆုံးသတ်ရန် အချိန်တန်ပါပြီ။ သို့ဖြစ်၍ ယောဂီသူတော်စင်အပေါင်းတို့သည် ဘုရားရှင်နှင့်တကွ ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးများ လက်ဆင့်ကမ်း ပေးသနားခဲ့သော 'သတိ' ဟူသည့် အမွေရပတ္တမြားကို အရင်းတည်လျက် ထိုသတိ ဖြင့် အကျင့် (စရဏ) နှင့် အသိ (ဝိဇ္ဇာ) ကို အချိုးကျပေါင်းစပ်ကာ၊ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီးကို စီးနင်းလျက် အို၊ နာ၊ သေခြင်းကင်းရာ အသင်္ခတနိဗ္ဗာန်နန်းဆီသို့ အောင်ပွဲခံ ချီတက်နိုင်ကြပါစေသတည်း။
#ငြိမ်းချမ်းသာ #တရားအမြုတေများ_၁၈
No comments:
Post a Comment