စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, April 26, 2026

ထင်ရှားရာ အာရုံကိုသာ ရှုပါ

"ထင်ရှားရာ အာရုံကိုသာ ရှု
ပါ"
🍀🍀🌷🍀🍀🌷🍀🍀🌷
            
ဒီနေရာမှာ "သတိပဋ္ဌာန်"ဆိုတဲ့ 
စကားရဲ့အဓိပ္ပာယ်ကို အကျဉ်းချုပ်မျှ 
သိထားရင် ကောင်းပါတယ်။

သတိပဋ္ဌာန် ဆိုတာ - 
" အာရုံ၌ သက်ဝင် ပျံ့နှံ့ ၍ ဖြစ်တတ်သော
  သတိ " လို့ လည်း ဆိုနိုင်ပါတယ်။

အာရုံက... 
"ရုပ်, ဝေဒနာ, စိတ်, သဘော" လို့
လေးမျိုး ကွဲပြားတော့ 

သတိပဋ္ဌာန် ကလည်း...

* ကာယာနုပဿနာ သတိပဋ္ဌာန်၊
* ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊
* စိတ္တာ နုပဿနာ သတိပဋ္ဌာန်၊
* ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့
လေးမျိုး ကွဲပြား ပါတယ်။

နောက်တစ်နည်း ကတော့
သတိဖြင့် စွဲမြဲစွာ ရှုခြင်း စူးစိုက်ခြင်းလို့ ဆိုရင်
ပိုရှင်းပါတယ်။

ရုပ်ကို စူးစိုက်ရှုတော့... 
ကာယာနုပဿနာ သတိပဋ္ဌာန်၊

ခံစားမှုကို စူးစိုက်ရှုတော့... 
ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊

စိတ်ကို စူးစိုက်ရှုတော့... 
စိတ္တာနုပဿနာ သတိပဋ္ဌာန်၊

သဘောကို စူးစိုက်ရှုတော့... 
ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။

အရှုခံ အာရုံက, 
ရုပ်, ခံစားမှု, စိတ်, သဘောလို့
လေးမျိုး ရှိသော်လည်း -

ရုပ်ကို ရှုမယ်, ခံစားမှုကို ရှုမယ်, လို့
ရွေးချယ်ဖို့ မလိုပါဘူး၊
ရွေးချယ်လို့လည်း မရပါဘူး။

ဘာကြောင့်လည်း ဆိုတော့... 
ရှုစိတ်က ကိုယ်ရှုလိုရာ အာရုံဆီ မရောက်ဘဲ၊ 
ထင်ရှားရာ အာရုံဆီကိုသာ ရောက်တတ်လို့ ပါပဲ။

ဥပမာ ...နာကျင် ကိုက်ခဲစေတဲ့ ပြင်းထန်တဲ့
ဒုက္ခဝေဒနာတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ

မိမိက ဝင်လေ ထွက်လေကို ဖြစ်စေ၊ ဝမ်းဗိုက် ဖောင်းမှု ပိန်မှုကိုဖြစ်စေ ရှုလိုတဲ့အတွက်၊ ရှုစိတ်ကို 
အဲဒီ အာရုံတွေပေါ် တွန်းပို့သော်လည်းမရပါဘူး။

အဲဒီ အာရုံတွေထက် ပိုပြီး ထင်ရှားတဲ့ 
ဒုက္ခဝေဒနာတွေ ဆီကိုပဲ ရောက်ရောက်သွားပါတယ်။

ဒါကြောင့် မိမိ ရှုလိုရာကို ရွေးချယ်ပြီး မရှုရပါဘူး၊  
ရှုရင် သဘာဝ မကျတဲ့ အတွက်သမာဓိ မရရုံမျှ မကဘဲ စိတ်နဲ့ယောဂီ အားပြိုင်လွန်ဆွဲ နေသလို 
ဖြစ်ပြီး မောလာ တတ်ပါတယ်။

ဒီတော့ အားထုတ်လို့ မဖြစ်ပါဘူး ဆိုပြီးစိတ်ပျက် သွားတတ်ပါတယ်။

ဒါကြောင့် 
မိမိရှုလိုရာ အာရုံကို မရွေးဘဲ၊
ရှုနေဆဲ ခဏမှာ ထင်ရှားရာ 
ထင်ရှားရာ အာရုံကိုသာ 
အလိုက်သင့် ရှုရပါတယ်၊
စူးစိုက် ရပါတယ်။

* ချမ်းမြေ့ဆရာတော်ဘုရားကြီး
                

No comments:

Post a Comment