စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, November 2, 2015

တရားအလုပ်ဆိုတာ

တရားအားထုတ်ပါဆိုလျှင် အချို့က ပါရမီကို ယိုးမယ်ဖွဲ့ကြသည်။
         ပါရမီပြည့် မပြည့်သိရန်မှာ မိမိကိစ္စမဟုတ်၊ဒွိဟိတ်  တိဟိတ်ဆိုသည်မှာလည်း မိမိ တိုင်းထွာ တွက်ချက်သိနိုင်သော ကိစ္စမဟုတ်ပါ။
    ဤသူမှာပါရမီရှိသည်၊ တရားရနိုင်လောက်သောဟိတ်ပြည့်စုံသည်ဆိုသည်  ကိုသိရန်မှာ ထိုဟိတ် စရိုက်နှင့် သင့်တော်သော လျော်ညီသော တရားကို ဟောကြားရမည့် မြတ်စွာဘုရားရှင်၏ ကိစ္စသာဖြစ်သည်။
   မိမိတို့အတွက်မှာကား ဘုရားရှင်ဟောကြားခဲ့သော ခန္ဓာငါးပါး ရုပ်နာမ် ပရမတ်တရားကို သတိပဋ္ဌာန် နည်းလမ်းကျနစွာ အားထုတ်ရန်သာ ဖြစ်သည်။ ထိုသို့အားထုတ်သဖြင့် သစ္စာတရားကို သိမြင်ပြီး မဂ်၊ဖိုလ်၊နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါက မိမိသည်ပါရမီရှိသည်၊တိဟိတ်ဖြစ်သည်ဟု သိနိုင်သည်။
     နည်းစံနစ်ကျနစွာ ကြိုးစားအားထုတ်ပါလျှက် သစ္စာကိုမသိ၊မဂ်၊ဖိုလ်၊နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ပါက မိမိသည် ဤဘဝတွင် ပါရမီလိုသည်ဟု ဆိုနိုင်သည်။
        သို့သော်  "အနာဂတေ ပစ္စယောဘဝိဿတိ"ဆိုသည့်အတိုင်း ဒုတိယဘဝ နတ်ပြည်ရောက်ပြီး မဂ်ဖိုလ်ရပေမည်။ထို့ကြောင့် တရားအားထုတ်ခြင်းသည်  မည်သည့်နည်းနှင့်မှ အကျိုးမဲ့မဖြစ်ပါ၊
     မိမိမသိနိုင်သော  ပါရမီစကား၊တိဟိတ်   ဒွိဟိတ်စကားများ ပြောနေမည့်အစား သတိပဋ္ဌာန်တရားကို လေ့လာကြိုးစား အားထုတ်ကြပါရန် တိုက်တွန်းပါသည်။
ဓမ္မပဒအဋ္ဌကထာလာ ကုဋေ. ၁၆၀ကြွယ် သူဋ္ဌေးသားသည် အရဟတ္တဖိုလ် ရောက်နိုင်လောက်သော ပါရမီရှိသော်လည်း သတိပဋ္ဌာန်အလုပ် မဂ္ဂင်အလုပ်တို့ကို မလုပ်သဖြင့် ပါရမီပျက်စီးသွားပြီး တောင်းရမ်းစားသောက်ရသည့် ဘဝသို့ ရောက်သွားရပုံ ကို ပါရမီအား ယိုးမယ်ဖွဲ့ပြီး တရားအားထုတ်ရန်  နောက်တွန့်နေသူများ သင်ခန်းစာ ယူသင့်ပါသည်။
       လောကကြီးတွင် ကာမဂုဏ်တရားများ ခံစားခြင်းဖြင့် ပျော်ရွှင်ရခြင်းထက် ငြိမ်းချမ်း ကြည်လင် ဖြူစင်သိမ်မွေ့သော စိတ်နှလုံးရှိခြင်းသည် ပို၍ကောင်းမွန် မြင့်မြတ်သည်ဟု မှန်းဆတတ်သည့် အနုမာနဉာဏ်မျိုး သင့်တွင် ရှိသည်ဆိုလျင်  ပါရမီရှိသောသ်ူဟု ဆိုနိုင်ပါပြီ။

No comments:

Post a Comment