( ၁ ) အိုလူသား...
မျက်ဝါးထင်ထင် သင့်ရှေ့တွင်ပင် မိခင်ဝမ်းမှ ကျွတ်ခါစဟု ချက်မျှမကျွတ်သေး လူကလေးကို တွေး၍ဥာဏ်ဝင် အသင်မြင်လော့...။
သင်လည်းဧကန် ဘ၀ကျန်မူ အမှန်ဤလမ်း အမိဝမ်းဝယ် မချမ်းမသာ နေရပါလိမ့်...
(( ပဋိသန္ဓေနေခြင်း ))
** အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏..။
❆ရှင်တော်မြတ်ဗုဒ္ဓ ❆
*****************
( ၂ ) အိုလူသား.. .
မျက်ဝါးထင်ထင် သင့်ရှေ့တွင်ပင် အမြင်မလှ ကာယကုပ်ကိုင်း နားကထိုင်းနှင့် မှိုင်းမှိုင်းအမြင် ဆံဖြူမျှင်နှင့် ပါးပြင်ချိုင့်လိပ် မှေးမှိတ်မျက်လုံး မျက်ဝတ်ဖုံးနှင့် ကုန်းကုန်း ဘိုး ဘွား ... သင်ရှုစားလော့..။
သင်ကားမရွေ့ တစ်နေ့နေ့၌ တွေ့လိမ့်ဤပုံ သေဘေးကြုံလိမ့်.. ။...။
**************
( ၃ ) အိုလူသား.. .
မျက်ဝါးထင်ထင် သင့်ရှေ့တွင်ပင် ကျင်နာခံခက် လူးလည်လျက်နှင့် အောက်ထက်လျှောအန် ရောဂါဒဏ်ကြောင့် မခံရပ်နိုင် ပူမီးလှိုင်သော ကြံ့ခိုင်မထင် ရောဂါရှင်ကို ဥာဏ်အမြင်လွှမ်း သင်ရှု့စမ်းလော့...
မာကျန်းဟုထင် လူသားသင်လည်း မျက်မြင်သူနာ ကဲ့ပမာသို့. ထိတ်စရာပုံ နာဘေးကြုံလိမ့်...။
******************
( ၄ ) အိုလူသား.. ..
မျက်ဝါးထင်ထင် သင့်ရှေ့တွင်ပင် ချစ်ခင်သူအား ပစ်ခွာထား၍ တစ်ပါးဘ၀ ပြောင်းကြွပုပ်ဟောင် လူသေကောင်ကို မြင်အောင်ဥာဏ်၌ စွဲယူပိုက်လော့..။
အခိုက်တစ်ခဏ လူဖြစ်ရလည်း မုချမသွေ ဤသူသေလို စွန့်ချွေဇီဝ. မရဏဖြင့် ဘ၀တစ်ပတ် အဆုံးသတ်လိမ့်..။..။
( ၅ ) အိုဘယ့်လူသား....
မေ့အားလွန်ဘိ ချိန်ကုန်မိလိမ့် ပဋိသန္ဓေ အိုနာသေဟု လေးထွေဒုက္ခ ကင်းလွတ်ရအောင် ဗုဒ္ဓသာသနာ ကြုံဆဲခါတွင် ခေါင်းမှာမီးကို ငြိမ်းသတ်ဖြိုသို့ ကိုယ်၌ရောက်လာ ကိလေသာကို ပယ်ခွာငြိမ်းသတ် သင့်ပြီတည်း..။....။
**•••••••**•••••••**•••••••**•••••••
❆ တည်တော ဆရာတော်ဘုရားကြီးဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိ
( ထီးချိုင့်မြို့)
ကူးယူဖြန့်ဝေပါရစေ
ReplyDelete