စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, September 29, 2022

မြွေပွေးလိုမကျင့်နဲ့

#မြွေပွေးလိုမကျင့်နဲ့
_______________

မာနဆိုတာ ကိုယ်ရည်သွေးလွန်းတဲ့ စိတ်ပဲ။ ဒါကြောင့် မာနလွှမ်းမိုးနေရင် သွေး နားထင်ရောက်ပြီး မောက်မာတော့တာပဲ။ ဒီတော့ အပြုသဘော ဆောင်တဲ့ အပြုအမူ အပြောအဆို ဆိုတာ မရှိတော့ဘူး။ လုပ်ချင်ရာ လုပ်ပြီး ပြောချင်ရာ ပြောတော့တာပဲ။

တချို့က " ငါက မဟုတ်မခံကွ၊ မဟုတ်လို့ကတော့ ဘယ်သူ့ကိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ငါ့ကို လာ မထိနဲ့၊ ငါက မြွေပွေးကွ " ဆိုပြီး ဂုဏ်ယူပြီး ပြောတတ်ကြတယ်။ အဲဒါ မာနပဲ။

ရင်ထဲမှာ မာန ဝင်လာပြီဆိုရင် လူရိုင်းတစ်ယောက်လို ဖြစ်သွားတယ်။ လူကြီးကို လူကြီးမှန်း မသိ၊ မိဘကို မိဘမှန်း မသိ၊ ဆရာကို ဆရာမှန်း မသိ၊ အရိုအသေ ပေးရကောင်းမှန်း မသိတော့ဘူး။ ပြောလိုက်ရင် အထက်စီးကချည်းပဲ။ မာန်တက်လာရင် မှန်ကင်းကနေ ထင်း ဖြစ်သွားနိုင်တယ်။ ဒါကြောင့် မာနကို ချိုးနှိမ်ဖို့ လိုပါတယ်။

မြေပွေးနှင့် မှိန်း
-----------------

ဖားအံဘက်မှာ မြွေဖမ်း အလွန် ကျွမ်းကျင်တဲ့ ကရင်ကြီးတစ်ယောက် ရှိတယ်။ အဲဒီကရင်ကြီးက ခြေထောက် တစ်ဖက်က မသန်ရှာဘူး။ ဒါပေမဲ့ မြွေဖမ်းတဲ့နေရာမှာတော့ အလွန်တော်တယ်။ တစ်ညကို ၂-ကောင် ၃- ကောင်လောက် ရတယ်။ သူဖမ်းလိုက်ရင်လည်း မြွေပွေးပဲ။ သွားရောင်းရင် တစ်ကောင်ကို တစ်သောင်း လောက် ရတာကိုး။

အဲဒီကရင်ကြီးကို လူငယ်လေးတစ်ယောက်က " ဖထီး မြွေပွေးကို ဘယ်လို ဖမ်းလဲဗျ " လို့ မေးလိုက်တယ်။

"ငါက ခြေထောက် မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင် ဘူး၊ အဲဒီကောင်တွေက လူ တွေ့ရင် ထွက် ပြေးတာကိုး။ ဒါကြောင့် ငါက မြွေပွေးပဲဖမ်းတယ်"။

" မြွေ ပွေးကျတော့ လူ တွေ့ရင် မပြေးဘူး၊ ငါ့ထိရင် ကိုက်မယ်ဆိုပြီး ငြိမ် နေတာ၊ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ပုံစံမျိုးပေါ့။ သူ့ကိုမထိ သေးရင် ဘာမှ မလုပ်ဘူး၊ ဒီတော့ သူ့ဦးခေါင်းနားကို မှိန်းနဲ့ အသာ လေးကပ် သွားပြီး ဦးခေါင်းကို မှိန်းနှင့် တခါထဲ ထိုးချလိုက် တယ်။ ဒီကောင် မလှုပ်နိုင်တော့ဘူး’’။

"အော် .. ဖထီးက လက်သွက်တော့ ရတာပေါ့ဗျာ"။

 "လူလေးရေ .. လက်သွက်လို့ မဟုတ်ဘူးကွ၊ မြွေထဲမှာ မြွေ ပွေးက ဖမ် းလို့ အလွယ်ဆုံးပဲ၊ အဆိပ်ပြင်းတယ် ဆိုပြီး မာန်တက်နေတာကိုး၊ ဒီတော့ မပြေးဘူးလေ၊ မပြေးတော့ မှိန်းစာမိသွားတာပေါ့ကွာ " လို့ ပြောပြပါတယ်။

ဒီတော့ မြွေပွေး ဘာကြောင့် သေရသလဲ၊ မာန်တက်လို့ပဲ။ ဒါကြောင့် သတိပေးချင်ပါတယ်။ "မြွေပွေးလို မကျင့်ကြနဲ့" ။

မာန်တက်ရင် ဘဝပျက်မယ်
--------------------------

လူ့စိတ်ဟာ အောင်မြင်မှုတွေ ရလာပြီ, နာမည်တွေ ကျော်ကြားလာပြီဆိုရင် ကိုယ့်ကိုယ်ကို အထင်ကြီးလာတယ်။ ဒီတော့ မာန်တက်သွားတယ်။

တချို့က ပညာကြောင့် မာန်တက်တယ်။ တချို့က ဥစ္စာကြောင့် မာန်တက်တယ်။ တချို့က အခြွေအရံကြောင့် မာန်တက်တယ်။ တချို့က ရုပ်ရည်ကြောင့် မာန်တက်တယ်။ တချို့က နာမည်ကြောင့် မာန်တက်တယ်။ တချို့က အမျိုးကြောင့် မာန်တက်တယ်။ 

ဘယ်လိုပင် မာန်တက်မာန်တက်, မာန်တက်လာပြီဆိုရင် ဦးခေါင်းပေါ်မှာ မှိန်းကြီး ရောက်လာလိမ့်မယ် ဆိုတာကို မမေ့ရဘူး။ ကိုယ်ဘဝ ပျက်စီးလိမ့်မယ်လို့ ဆိုလိုတယ်။

ဘဝဆိုတာ ဘာမှမကြာပါဘူး။ ရေတစ်ပွက်စာပဲ။ အလွန်တိုတောင်းတဲ့ အခိုက်အတန့်လေးမှာ အတ္တ မာနတွေ ဘာကြောင့် ဖြစ်နေကြသလဲ၊ စဉ်းစားကြည့်လေ အဓိပ္ပါယ် မရှိလေပဲ။ ဒါကြောင့် အတ္တမာနကို ဖယ်ရှားပြီး မေတ္တာ ကရုဏာတို့ဖြင့် ဘဝကို တည်ဆောက်ရမှာပဲ ဖြစ်ပါတယ်။ ဒါမှ " အရတော်လှ လူ့ဘဝ" လို့ ဆိုရမှာ မဟုတ်ပါလား။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Wednesday, September 28, 2022

သုံးပါးရတနာကိုးကွယ်ရာ

#သုံးပါးရတနာကိုးကွယ်ရာ
________________________

ဘုရားတရား သံဃာဟု ဆိုအပ်သော ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်းကို " သရဏဂုံ" ဟု ခေါ်၏။ ဘာကြောင့် ကိုးကွယ် ဆည်းကပ်ကြသနည်း၊ ဓမ္မကို မြတ်နိုးသောကြောင့်တည်း။

မှန်၏။ ရတနာသုံးပါးကို ကိုးကွယ်လိုက်သည့်အတွက် ကုသိုလ် အကုသိုလ် သိခွင့်ရ၏။ ၃၁- ဘုံ သိခွင့်ရ၏။ ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို သိခွင့်ရ၏။ ဒုက္ခငြိမ်းကြောင်း အကျင့်ကောင်းကို သိခွင့်ရ၏။

ထို့ကြောင့် ဘုရား တရား သံဃာဟု ဆိုအပ်သော ရတနာသုံးပါးကို အမြတ်ဆုံး ကိုးကွယ်ရာ အဖြစ်ဖြင့် ဆည်းကပ်ရမည် ဖြစ်သည်။ အမြတ်ဆုံး ကိုးကွယ်ရာအဖြစ်ဖြင့် ရှိခိုးရမည် ဖြစ်သည်။ သို့မှသာ သရဏဂုံ ဖြစ်၏။ 

သရဏဂုံ ညစ်နွမ်းခြင်း
------------------------------

အရဟံစသော ဂုဏ်တော်တို့ကို နှလုံးသွင်းရကောင်းမှန်း မသိဘဲ လောကီချမ်းသာကို မျှော်ကိုး၍ ကိုးကွယ်လျှင် သရဏဂုံ ညစ်နွမ်း၏။ 

"လူသေရင် လူဖြစ်တာပဲ" ဟူသော အယူအဆကဲ့သို့ အသိမှားလျှင်လည်း သရဏဂုံ ညစ်နွမ်း၏။ 

"ဘုရားတရားတွေဟာ မှန်ကောမှန်ရဲ့လား" ဟု ယုံမှား သံသယ ရှိလျှင်လည်း သရဏဂုံ ညစ်နွမ်း၏။

ရတနာ သုံးပါးကို မရိုမသေ မလေးမစား လုပ်လျှင်လည်း သရဏဂုံ ညစ်နွမ်း၏။

ဗုဒ္ဓဂုဏေသု အညာဏသံသယမိစ္ဆာဉာဏပ္ပဝတ္တိယာ အနာဒရာဒိပ္ပဝတ္တိယာ စ တေသံ သရဏံ သံကိလိဋ္ဌံ ဟောတိ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)

သရဏဂုံပျက်ခြင်း
----------------------

တခြားကိုးကွယ်ရာ ဘာသာတရားများကိုလည်းကောင်း, နတ်ဒေဝတာများကိုလည်းကောင်း အမြတ်ဆုံးကိုးကွယ်ရာ အနေဖြင့် ကိုးကွယ်လိုက်လျှင် သရဏဂုံ ပျက်သွားတော့၏။

သို့သော် ဘာသာခြားဖြစ်ကြသည့် မိဘ ဆရာများ, , ဆွေမျိုး အကြီးအကဲများ၊ ရိုးရာနတ်များကို ဂုဏ်ကျေးဇူးကို အောက်မေ့တသ၍ ရှိခိုးခြင်းသည် သရဏဂုံ မပျက်ပါ။ ဘာ့ကြောင့်နည်း၊ အမြတ်ဆုံးကိုးကွယ်ရာ အဖြစ်ဖြင့် ရှိခိုးသည် မဟုတ်သောကြောင့်တည်း။

ရတနာသုံးပါးကို ကိုးကွယ်သူသည် သေဆုံးသွားလျှင်လည်း သရဏဂုံ ပျက်သွားတော့၏။ ထို့ကြောင် သေသူကို သရဏဂုံ တင်လို့ မရဟု မှတ်ပါ။ 

မိဘလုပ်ကျွေးသည့် လူငယ်
-----------------------------

ဝိပဿီမြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်အခါက ဗန္ဓုမတီပြည်တွင် အမျိုးကောင်းသားတစ်ဦး ရှိ၏။ သူသည် သဒ္ဓါတရား ထက်သန်နေရကား ရဟန်းဝတ်ချင်နေ၏။ 

သို့သော် မျက်လုံးကွယ်နေသော မိဘနှစ်ပါးကို ပြုစုနေရသောကြောင့် ဝတ်ချင်သော်လည်း အခက်တွေ့နေ၏။

အကယ်၍ ရဟန်း ဝတ်လိုက်လျှင် မိဘနှစ်ပါး ဒုက္ခရောက်မည်စိုးသောကြောင့် ရဟန်းဝတ်ချင်သော်လည်း မျိုသိပ်ထားရလေသည်။

ဤနေရာတွင် ကျင့်ဝတ်နှစ်မျိုးကို နားလည်ထားဖို့ လို၏။ လောကကျင့်ဝတ်နှင့် ဓမ္မကျင့်ဝတ်တို့ ဖြစ်သည်။ ထိုနှစ်မျိုးတွင် မိဘနှင့် ပတ်သက်လာလျှင် လောကကျင့်ဝတ်ကို ဦးစားပေးရကြောင်း တွေ့မြင်ရမည် ဖြစ်သည်။

ဘာကြောင့်နည်း၊ ကုန်လွန်သွားသော အချိန်, ပြောပြီးသား စကား , သေဆုံးသွားသော မိဘတို့ကား ပြန်မရနိုင်သည့် အရာတို့ ဖြစ်သောကြောင့်တည်း။

မှန်၏။ အချိန်ဆိုသည်မှာ မလွန်ခင် အကျိုးရှိအောင် အသုံးချရ၏။ စကားဆိုသည်မှာလည်း မပြောခင် စဉ်းစားရ၏။ မိဘဆိုသည်မှာ မသေခင် ပြုစုရ၏။ ထို့ကြောင့်လူငယ်လေးသည် ရဟန်းဝတ်ချင်သော်လည်း မိဘပြုစုချင်သောကြောင့် မျိုသိပ်ထားရလေသည်။

တနေ့တွင် လူငယ်လေးသည် လက်ယာတော်ရံ အဂ္ဂသာ၀က အရှင်နိသဘမထေရ်မြတ်ကို ဖူးမျှော်ရလေသည်။ ထို့ကြောင့် ဝမ်းသာအားရ ဖြစ်ပြီး ထိုမထေရ်မြတ်ထံတွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟု ရွတ်ဆို၍ သရဏဂုံ ဆောက်တည်လိုက်လေသည်။

သူသည် နှစ်ပေါင်းများစွာ သရဏဂုံကို မကြာခဏ ရွတ်ဆိုပွားများခဲ့၏။ ထို့ကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်ရှိသွားလေသည်။

ထို့နောက် ဘဝအမျိုးမျိုး ကျင်လည်ပြီး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာ၀တ္ထိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်၌ လူ့အဖြစ်ရရှိခဲ့လေသည်။

သူသည် ရဟန္တာတပါးကို ဖူးတွေ့ရာ သရဏဂုံံ ဆောက်တည်လိုက်၏။ သရဏဂုံ ဆောက်တည်စဉ်သူ ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိဖြစ်လာ၏။

အတိတ်ဘဝက သရဏဂုံ ဆောက်တည်ခဲ့သောကြောင့် စိတ်ထဲမှာ ပီတိ ဖြစ်လာခြင်းပင်။ ထို့နောက် ဝိပဿနာအားထုတ်သောအခါ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။ 

သရဏဂုံသုံးပါးကို ပါဠိလို တိသရဏဟု ခေါ်၏။ ထို့ကြောင့် အရှင်မြတ်သည် "အရှင်တိသရဏ" ဟု နာမည်တွင်သွားလေသည်။ ဤဖြစ်စဉ်ကို ကြည့်ပါက နှစ်ပေါင်းများစွာ သရဏဂုံကို မကြာခဏ ရွတ်ဆိုပွားများလျှင် ဘဝကောင်းကို ရနိုင်သကဲ့သို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို အလွယ်တကူ ရနိုင်ကြောင်း တွေ့ရမည် ဖြစ်သည်။ အတုယူရမည့် အချက်ပင် ဖြစ်ပါ၏။

သရဏဂုံအကျိုး
--------------------

 မြတ်စွာဘုရားကို အာရုံပြု၍ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားကို ကိုးကွယ်ပါ၏ဟု ရွတ်ဆိုလိုက်လျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ ဖြစ်သွားတော့၏။ ဗုဒ္ဓါနုဿတိ ဟူသည် ဘုရားဂုဏ်ကို အဖန်ဖန်ပွားများခြင်းတည်း။

တရားတော်ကို အာရုံပြု၍ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ပါ၏ဟု ရွတ်ဆိုလိုက်လျှင် ဓမ္မာနုဿတိ ဘာဝနာ ဖြစ်သွားတော့၏။ ဓမ္မာနုဿတိ ဟူသည် တရားဂုဏ်ကို အဖန်ဖန်ပွားများခြင်းတည်း။

အရှင်သာရိပုတ္တရာစသော အရိယာသံဃာများကို အာရုံပြု၍ " သံဃံ သရဏံ ဂစ္ဆာမိ- အရိယာသံဃာများကို ကိုးကွယ်ပါ၏" ဟု ရွတ်ဆိုလျှင် သံဃာနုဿတိဘာဝနာ ဖြစ်သွားတော့၏။ သံဃာနုဿတိ ဟူသည် အရိယာ သံဃာတော်များ၏ ဂုဏ်ကို အဖန်ဖန်ပွားများခြင်းတည်း။

သရဏဂုံ သုံးပါး ကို အမြဲမပြတ် ရွတ်ဆို ပွားများသော ပုဂ္ဂိုလ်သည် သွားလေရာ အရပ်တိုင်း ၌ လေးစားမြတ်နိုးခြင်းခံရမည်။ နောက်နောင်ဘဝတို့၌လည်း ဉာဏ် ထက်မြက်ပြီး တရားထူး တရားမြတ်ကို အလွယ်တကူ ရရှိနိုင်ပါသည်။

ထို့ကြောင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟူသော သရဏဂုံသုံးပါးကို မကြာခဏ ရွတ်ဆိုပွားများသင့်လှပေသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

ဝေဒနာကို ရှုပွားနည်း

မသေမယ့်သူ တစ်ယောက်မှ မရှိဘူး။
သေမယ့်သူချည်းပဲ။
သေခါနီးရင် ဝေဒနာ အမျိုးမျိုးလာမယ်၊
လာရင် မိအောင် ရှုတတ်ဖို့ အရေးကြီးတယ်။

ဒါကြောင့် အခုနေမှာ ရအောင် 
ကြိုးစားနိုင်ရင် ကြိုးစားမကြိုးစားနိုင်ရင် 
ရှုတတ်ဖို့အကျင့်လုပ်ထားရမယ်။
ဒါလောက်ကလေးကိုမှ လုပ်မထားမိရင် 
ဒုက္ခကြီးလှလှ ရောက်တော့မယ်ဆိုတာ  မှတ်ကြတော့ ။

ခန္ဓာရှိလို့သာ ဝေဒနာရှိတာ
ဒီထဲမှာ ငါဆိုတာ မပါဘူး။
ဒါကြောင့် ဝေဒနာနဲ့ ငါကို မရောမိစေနဲ့။
ဝေဒနာရဲ့ ဖြစ်ပျက်အနိစ္စသဘောကို ဥာဏ်နဲ့ ကြည့်ပေး။

ဝေဒနာဟာ 
ဓမ္မသဘော သက်သက်သာ ဖြစ်တယ်။
ဝေဒနာထဲမှာ 
ငါမပါ ၊ သူမဟုတ် နာမ်ဓမ္မသာ ဟုတ်တယ်။

သူရဲ့ မမြဲတဲ့ အနိစ္စအချက်
ဆင်းရဲနှိပ်စက်တဲ့ ဒုက္ခအချက်
မိမိအလိုမပါ အနှစ်သာရ ရှာမရတဲ့
အနတ္တအချက်တွေသာ အမှန်ဖြစ်တယ်။

ဒီအမှန်သဘောကို 
ဥာဏ်နဲ့ မြင်အောင် ကြည့်ကြ 
မိမိသန္တာန်မှာ ဟိုနေရာက ဝေဒနာပေါ်လိုက်
ဒီနေရာက ဝေဒနာပေါ်လိုက်နဲ့ပေါ်လာတဲ့အခါ 

" ငါနာတယ် " ဆိုပြီး 
ငါနဲ့ ဝေဒနာမရောပါနဲ့လို့ ဘုရားက ဟောတယ်" 
ကျုပ်လက်မောင်း နာနေတယ်၊
ကျုပ်ရင်ခေါင်း အောင့်နေတယ် " လို့ဆိုလိုက်တော့
" ဝေဒနံ အတ္တတော သမနုပသတိ " တဲ့၊
ဝေဒနာကို ငါပဲလို့ လုပ်လိုက်တယ်။

အဲဒီတော့ •••
ဝေဒနာထဲ ငါသွားရောလိုက်တာပဲ၊သတိထားကြ
မကျန်းမမာတဲ့ သူများဟာ ပိုပြီးရောတတ်တယ်။ 
ဝေဒနာက တခြား၊ ငါက တခြားဘာမှ မဆိုင်ဘူး။
ဝေဒနာအနိစ္စပဲ ခန္ဓာမှာ ဥာဏ်နဲ့ကြည့် 
ဝေဒနာပေါ်လာပြီး ပျက်သွားတာပဲ။

ဟိုနားကပေါ် ဟိုနားမှာပဲပျက်တယ်။
ဒီနားမှာ ပေါ်တဲ့ ဝေဒနာလည်း ဒီနားမှာပဲ ပျက်တာပဲ။
အဲဒါကြောင့် ဝေဒနာပေါ်ရာမှာ ဖြစ်ပျက်လိုက်ပေးကြ။
ဝေဒနာပေါ်ရာ ရှုဥာဏ်လိုက်တော့ 
ဝေဒနာက ဖြစ်ပျက်၊ ရှုဥာဏ်က မဂ် ဖြစ်သွားတယ်။ 

ဝေဒနာက ဝဒေနာက်ခန်ဓာ၊ နာမျဓမ်မ၊
ငါဆိုတာက ဒိဋ္ဌိဓမ္မ ၊ တခြားစီပဲ။
ပရမတ္ထတရားက မရောဘူး၊
ဝေဒနာလေးက ဝေဒနာက္ခန္ဓာ နာမ်တရား၊ငါက ဒိဋ္ဌိ၊ 
သူတို့ချင်းက တခြားစီ၊ဘာမှမဆိုင်ဘူးဆိုတာ 
မှတ်လိုက်ကြ။

ကိုယ်ပေါ်မှာ ပေါ်တဲ့ ဝေဒနာကို ငါပဲလို့ ဒိဋ္ဌိစွဲတော့
ကိုယ်ကျိုးနည်းပြီလို့သာ မှတ်လိုက်ကြ။

" ဝေဒနာက ခြေဖမိုးမှာဝမ်းထဲက မနောက 
ငါနာတယ်လို့ဝေဒနာနဲ့ ငါရောချလိုက်တယ် " 
ဘုရားက မရောစေနဲ့လို့ ဟောတော်မူတယ်။

ဒိဋ္ဌိနဲ့ မရောဖို့ အလွန်အရေးကြီးတယ်။
မရောအောင် ဘယ်လို လုပ်ရမလဲ 
" ဝေဒနာ ဟာ ဝဒေနာက်ခန်ဓာပဲ၊ သူလာရင် 
သမ္မာဒိဋ္ဌိရောပေးကြ " 
" ဝေဒနံ အနိစ္စတော သမနုပသတိ "
ဝေဒနာကို ဖြစ်ပျက်ရှုပေးကြ။

ဒီတော့ 
ဘာ ဝေဒနာ လာလာ ဖြစ်ပျက်ရှုဖို့ မမေ့စေနဲ့။ 
ဝေဒနာလာရင် ဖြစ်ပျက်ရှုပေးကြ။
မရှုမိရင် ဝေဒနာထဲမှာ ငါရောမယ်။
ရောတော့ ဝေဒနာနောက်က ဒိဋ္ဌိလိုက်လာတယ်။
ဒိဋ္ဌိလိုက်တော့ သံသရာဆက်မယ်။
ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ကံ၊ အပါယ်ဇာတိပဲ။

ဝေဒနာထဲ ငါမရောတော့ 
ဝေဒနာနောက်က မဂ်ဖိုလ် လိုက်လာမယ်။
ဝေဒနာ ဖြစ်ပျက် ရှုတော့ 
ဝေဒနာက ဖြစ်ပျက်၊ ရှုဥာဏ်က မဂ်၊ 
နောက်သံသရာ ပြတ်တယ် 

" ဝေဒနာ နိရောဓော နိဗ္ဗာနံ
   ဒုက္ခနိရောဓော နိဗ္ဗာနံပဲ "••••• ။ 

( မိုးကုတ်ဆရာတော်ဘုရားကြီး)

Credit..

ဝေဒနာနှိပ်စက်လာရင်ဘယ်လိုရှုမှတ်မလဲ

ဝေဒနာတစ်ခုခုခံစားရမယ် ဆိုရင် ဘယ်လို စိတ်ထားမျိုးနဲ့ ကြည့်မလဲ။

ထုံတာ ကျင်တာပဲဖြစ်ဖြစ်၊ 
ကိုက်ခဲတာပဲဖြစ်ဖြစ် ၊
"စိတ်" ကလေး အသာ 
လျှော့ထားပြီးတော့ သူ့အပေါ်မှာ "လက်မခံချင်တဲ့စိတ်"မဖြစ်စေဘဲ..

"စိတ်" အေးအေး နဲ့ 
"အရှိကို အရှိအတိုင်း"  
သိ , သိ ပေးနေလို့ရှိရင်,

အဲဒီ "နာကျင်မှု , ဖောက်ပြန်မှု" တွေဟာ ပြောင်း,ပြောင်း သွားတာ တွေ့ရမယ်။မပင်ပန်းပဲနဲ့ ကြည့်နိုင်လာမယ်။ 

"ကိုယ်နာသော်လည်း စိတ်မနာ" ဆိုတဲ့ အခြေအနေထဲ ရောက်လာမယ်။ 

ဒါကြောင့် ဘာပဲ ဖြစ်လာ ဖြစ်လာ "စိတ်"အေးအေးနဲ့ ကြည့်နိုင်ဖို့လိုတယ် ။

ဒီလို 
"သတိ" လေးနဲ့ အေးအေးကြည့်တဲ့ အကျင့် 
ရသွားရင်, ဒီထက်ပိုဆိုးတဲ့"နာကျင် ခံခက်မှု" 
မျိုး ကြုံလာရင်,

အေးအေးကြည့်တတ်တဲ့ အရည်အချင်းဟာ တဖြည်းဖြည်း တိုးတက်လာမယ် ။

"စိတ်" ကို ကျင့်တာ 
"အာရုံကောင်း , မကောင်း" နဲ့ မဆိုင်ပါဘူး

အခုဖြစ်တဲ့ "ဝေဒနာ" က 
ထိုင်တုန်း ခဏတဖြုတ်ဖြစ်တာပါ။ 

ခုချက်ချင်း ပြင်လိုက်ရင် ပျောက် သွားမှာပါဘယ်လောက်မှ မကြီးကျယ်ပါဘူး။ 

နောင်တစ်ချိန် ဆေးရုံမှာဖြစ်စေ ၊
ဆေးခန်းမှာဖြစ်စေ ၊ "ဘယ်လိုနည်းနဲ့မှ 
ဖျောက်လို့မရတဲ့ ဝေဒနာ တစ်ခုခု " နဲ့ကြုံလာရင်

လှည့်လို့ ပြောင်းလို့မရတဲ့ အိပ်ယာထဲမှာ 
"ဝေဒနာတစ်ခုခု" ကြာရှည် ခံစားရမယ်ဆိုရင်,
"စိတ်မနာအောင်" ဘယ်လို နေမလဲ ...?

ဘယ်လို"စိတ်ထားမျိုး" နဲ့ ကြည့်မလဲ။ ကြိုတင် ပြင်ဆင်ထားဖို့ ခုကတည်းက 
လေ့ကျင့်ထားဖို့ လိုတယ်။

"ဒုက္ခ" ကို တွန်းဖယ်ရင်  
"ဒုက္ခ" ဟာ ပိုဆိုးတယ် 
ဒါကြောင့် တွန်းဖယ်ဖို့ မကြိုးစားဘဲ  
လိုလိုချင်ချင်နဲ့ ကြည့်ပါ။

တစ်ခါတလေ ကြည့်ရင်း 
လျော့သွား တာလည်းရှိတယ် 

မသက်မသာ တိုးလာရင်  
စိတ်ထဲ တင်းကျပ်မှု များလာမယ်။ ကိုယ်ခန္ဓာလည်း တောင့်တင်းလာတယ် ။

စိတ်မကျေမနပ်လည်း ဖြစ်လာတတ်တယ် 
အဲဒီ "မကျေနပ်တဲ့စိတ်" ကို သိ , သိ  
ပြီးတော့အသာကလေးနေပေး လိုက်ပါ။ 

ကိုယ် "နာ" ပေမယ့်  
"စိတ်တင်းကျပ်မှု" လျှော့လာမယ်
"စိတ်တင်းကျပ်မှု" ဖြစ်ရင်  

"စိတ်" ထဲမှာ တင်းတာကို 
အရင်သိအောင် ကြည့်ပါ။ 

ကြည့်ရင်း နဲ့ နောက်ဆုံးမှာ
ဘယ်လိုနည်း နဲ့ မှ သည်းမခံ 
နိုင်ဘူး ဆိုရင်တော့ 

"သတိ" လေးနဲ့ သိပြီးတော့ 
"လက် , ခြေ " အနေအထား ပြင်ပါ။  

ဝေဒနာ ရှုနည်း နဲ့ ပတ်သက်ပြီး နာကျင် ကိုက်ခဲ တာကိုပဲ  
အာရုံစိုက် ရှုခိုင်းတာ များတယ်​။နာလေလေ စူးစိုက်လေလေ။

စိတ်ခံစားချက် ဘက်က ရှုဖို့ မမေ့နဲ့ ၊ သိပ်နာနေရင် သူ့ကို အာရုံမပြုနဲ့ မခံချင်တဲ့ ခံစားချက်ကို အာရုံပြုပေး။

မကြိုက်ရင် မကြိုက်တဲ့စိတ်ကလေးကို အာရုံပြုပေး သတိထားပေး။

စိတ်ကောင်းရင် အားလုံးကောင်းသွားတယ်
မခံချင်တဲ့စိတ် ပျောက်ချင်တဲ့စိတ်။ ဖြစ်နေရင် အဲဒီစိတ်ကိုကြည့် ၊ ကြည့်ပေးရင် အေးချမ်းသွားမယ် ။

နာတဲ့ နေရာ ကိုချည်း သွားမကြည့်နဲ့နာတာ ကိုချည်း သွားကြည့် နေရင် နာတာကြီးကို ပုံကြီးချဲ့သလို ဖြစ်တယ်။

မကြိုက်ရင် မကြိုက်တဲ့ စိတ် ကလေးကို ကြည့်တင်းကျပ်တဲ့ စိတ်ကလေးကို လျှော့ပြီး 

သက်သက်သာသာနဲ့ ကြည့်ပေးပါ။ သည်းခံပြီး ကြည့် ပေးပါ။

မရတော့လည်း ပြောင်းပြင်ရတာပေါ့။ သတိ ထားပြီးကြည့်နေပါ။

နာတာကို။ "ခန္ဓာ" နဲ့ မရောစေနဲ့ ကိုယ်က သပ်သပ် ၊ စိတ်ခံစားမှုက သပ်သပ် စီမှန်း သိအောင် ကြည့်ပါ။ 

ပညတ် ပရမတ်ခွဲခြားနားလည်ဖို့ ပြောတာပါ
ကိုယ် နဲ့ ခန္ဓာ မရောစေနဲ့ မရှိတာကို မကြည့်နဲ့

မရှိတာက "ပညတ်" 
ဒူး , ခါး , တင် , ရင် , ခြေ , လက် စသည့်များရှိတာက ပရမတ် ... ရုပ် , နာမ် , သဘော ,သဘာဝ 

ဝိပဿနာတရား ရှုရာမှာ 
ပညတ် ၊ ပရမတ် ကွဲဖို့  
သိပ်အရေးကြီးတယ်

ဝေဒနာ ကို ဘာဖြစ်လို့ မကြိုက်တာလဲ ဝေဒနာ နဲ့ ဖက်ပြီး သေရမှာပါ 

အသုံးချတတ်ရင် 
ရန်သူ ဟာ မိတ်ဆွေ ဖြစ်တယ် ပေါင်းတတ်ဖို့ပဲ လိုပါတယ် ..။

🙏 ရွှေဥမင်တောရဆရာတော်ဘုရားကြီး

Tuesday, September 27, 2022

စိတ်ချလက်ချ မယုံကြည်ရာ လေးယောက်

စိတ်ချလက်ချ မယုံကြည်ရာ လေးယောက်
*****
၁။ စောရ- လူသတ် ဓားပြ သူခိုး။ ဒီလူသတ်သမား သူခိုးသည် ငါ၏ အရင်က မိတ်ဆွေဖြစ်ဖူးသူပဲ၊ ငါ့ကိုတော့ ဘာမှ မလုပ်လောက်ပါဘူးလို့ တထစ်ချ မယုံလိုက်ပါနဲ့။

၂။ သာခါ-မိတ်ဆွေ။ ငါ့ရဲ့ မိတ်ဆွေဟောင်းကြီးပဲ၊ ငါ့ကိုတော့ မလိမ် မညာလောက်ပါဘူး၊ ငါ့အပေါ်မှာ ရိုးသားပါတယ်လို့ တထစ်ချ မယုံလိုက်ပါနဲ့။

၃။ ရာဇာ- ဘုရင်။ ဘုရင်က ငါ့အား ဆုတွေ လာဘ်တွေဖြင့် ချီးမြှောက်နေတာပဲ၊ ဘာလုပ်လုပ် ငါ့အပေါ် အရေးမယူပါဘူးဟု တထစ်ချ မယုံလိုက်ပါနဲ့။

၄။ ဣတ္ထီ- မိန်းမ။ ငါ့အလိုဆန္ဒတွေကို လိုက်လျောပေးနေတာပဲ၊ ငါ့အပေါ် မာယာ သာဌေယျ မဖြစ်လောက်ပါဘူးဟု တထစ်ချ မယုံလိုက်ပါနဲ့။

ကောသလမင်းကြီးသည် လူပေါင်းများစွာ သတ်၍ ဆိုးသွမ်းနေသော အင်္ဂုလိမာလ (အဟိံသက) ကို သူကိုယ်တိုင် ကြောက်နေပေမဲ့ အများပြည်သူဆန္ဒအရ ဖမ်းဆီးဖို့ အမိန့်ထုတ်လိုက်သောအခါ အင်္ဂုလိမာလ၏ မိခင် မန္တာဏီက သားတော်မောင်ကို ကြိုတင် သွားခေါ်ဖို့ ဖခင် ဂဂ္ဂအား ပြောရာ ဖခင်ကိုယ်တိုင်သည်ပင် သူ့သားကို ကြောက်နေ၏။ ဤနေရာမှာ အဋ္ဌကထာဆရာက တထစ်ချ ဧကန် မယုံကြည်ထိုက်ရာ လေးဦးကို မှတ်ချက်ပြထားသည်။

#ဓမ္မဗဟုသုတ
#အင်္ဂုလိမာလထေရ် သုတ်အဖွင့်

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၆-၉-၂၀၂၂

စကားပြောဆိုရာတွင်

မြတ်စွာဘုရားက သားတော်ရာဟုလာကိုဆုံးမခဲ့တယ်..

“ချစ်သား- မင်းစကားပြောမယ် 
ကြံလို့ရှိရင် ငါပြောမယ့်စကားဟာ တစ်ဖက်သား ထိခိုက်
မှာလား.....ဒီလိုမှမဟုတ် 
မိမိကို ပြန်ထိခိုက်မှာလား၊ 
ဒါမှမဟုတ် နှစ်ဦးစလုံး
 ထိခိုက်မလား...... 
စဉ်းစားပါ။ 
အဲဒီလို ထိခိုက်မယ့် 
စကားမျိုးဆိုရင် 
အခု အချိန်ကစပြီး 
တစ်သက်လုံး မပြောပါနဲ့"

“မင်းအလုပ် လုပ်မယ်
ကြံလို့ရှိရင် ငါလုပ်မယ့်
အလုပ်ဟာ တစ်ဖက်သား 
ထိခိုက်မှာလား....
ကိုယ့်ကို ပြန်ပြီး 
ထိခိုက်မှာလား.....
နှစ်ဦးစလုံးကို 
ထိခိုက်စေမှာလား.....
အဲသလို ထိခိုက်မယ့်
အလုပ်မျိုးကို ယခု
အချိန်ကစပြီး 
တစ်သက်လုံး 
မလုပ်မိပါစေနဲ့”

“စိတ်ကူးတွေးတော
ကြံစည်ရာမှာလည်း 
ငါ့အကြံအစည်ဟာ
 တစ်ဖက်သားကို 
ထိခိုက်မလား....
မိမိကို ပြန်ပြီးထိခိုက်
စေမှာလား...... သို့မဟုတ် 
နှစ်ဦးစလုံး ထိခိုက်စေမယ့် 
အတွေးအခေါ် 
အကြံအစည်မျိုးဆိုရင်လည်း တစ်သက်လုံး 
မတွေးခေါ် မကြံစည်ပါနဲ့”တဲ့။

ကာယကံ၊ ဝစီကံ၊ မနောကံ၊
 ကံသုံးပါးလုံး 
ဘယ်သူ့မှ မထိခိုက်စေဖို့ မြတ်စွာဘုရား 
ဟောတော်မူခဲ့ပါတယ်။

(ဗောဓိတစ်ထောင်ဆရာတော်ကြီး)🙏🙏🙏

Saturday, September 24, 2022

ကံ ကံ၏အကျိုး

ကံ ကံ၏အကျိုး
🌼🌼🌼🌼🌼
တစ်ခါတုန်းက…
လူမိုက်တစ်ယောက်ဟာ ခရီးတစ်ခုကို ထွက်ခဲ့ပါတယ်။

လမ်းခရီးတစ်လျှောက်လုံး
တွေ့သမျှ အရာအားလုံးကို ပြဿနာရှာပြီး ဖျက်ဆီးခဲ့တယ်တဲ့။

ချောင်းကိုဖြတ်ပြီးထိုးထားတဲ့ တံတားတစ်ခုနားကို
ရောက်တဲ့အခါမှာ
ချောင်းကိုကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။

ဒီလိုနဲ့ ခရီးဆက်ခဲ့တာ
ရေအိုးစင်တစ်ခုကိုလည်း တွေ့ရော မောမောနဲ့ ရေသောက်ဖို့လုပ်တယ်။

ဖြစ်ချင်တော့…
ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။

အဲဒါနဲ့ လူမိုက်က အရမ်းဒေါသထွက်ပြီး ရေအိုးကို ရိုက်ခွဲလိုက်ပြန်တယ်။

အဲဒီလိုနဲ့ ခရီးဆက်သွားရင်း
ညောင်ပင်ကြီးတစ်ပင်အောက်ကို ရောက်သွားပါတယ်။

အရိပ်ကကောင်းတော့ ခဏနားမယ်ဆိုပြီး အနားယူနေတဲ့ အချိန်မှာပဲ ရွှေအိုးတစ်လုံးကို တွေ့ရှိသွားခဲ့တယ်လေ။

လူမိုက်ဟာ အရမ်းကို ပျော်ရွှင်ပြီးတော့ ဝမ်းသာအားရ ဖြစ်သွားပါတော့တယ်။

ထိုနည်းတူစွာပဲ…

လူကောင်းတစ်ယောက်ကလည်း လူမိုက်ထွက်ခဲ့တဲ့ လမ်းခရီးအတိုင်း သွားခဲ့ပါတယ်။
လမ်းခရီးတစ်လျှောက်လုံး ပျက်ဆီးသမျှတွေကို
ပြုပြင်တယ်။

လူမိုက်ဖျက်ဆီးခဲ့တဲ့ တံတားနားကိုရောက်တဲ့
အခါမှာ…

ဟင်…
တံတားက ပျက်ဆီးနေပါလား။
ငါဒီအတိုင်းထားခဲ့လိုက်ရင်
ခရီးသွားပြည်သူတွေ ဒုက္ခရောက်မယ် ဆိုပြီး
တံတားကို ပြန်ပြုပြင်ပေးခဲ့လိုက်ပါတယ်။

လူကောင်းလည်း ခရီးဆက်ထွက်ခဲ့ရာ လူမိုက်ရိုက်ခွဲခဲ့တဲ့ ရေအိုးစင်နားကို ရောက်တော့
ရေအိုးအသစ်တစ်လုံးဝယ်ပြီး ရေဖြည့်ပေးခဲ့ပြန်တယ်။

အဲဒီလိုနဲ့ ခရီးထွက်လာလိုက်တာ လူမိုက်ရောက်ရှိခဲ့တဲ့ ညောင်ပင်ကြီးအောက်လည်း
ရောက်ရောမောလိုက်တာ ဆိုပြီး ထိုင်ချလိုက်တဲ့အချိန်မှာပဲ သစ်ပင်ပေါ်ကနေ
ညောင်ကိုင်းဟာ ကျိုးကျပြီး ပေါင်ပေါ်ကိုကျကာ
ပေါင်ကျိုးသွားခဲ့ပါတယ်။

အဲဒီတော့…
လူကောင်းက…ငါဒီလောက် ကောင်းမှုကုသိုလ်တွေ
လုပ်နေရက်သားနဲ့
ဘာဖြစ်လို့များ ကံဆိုးမိုးမှောင် ကျရတာလဲ လို့
လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့ အချိန်မှာပဲ
သိကြားမင်းက ရောက်လာပြီးတော့ ရှင်းပြပါတယ်။

ပထမလာတဲ့ လူမိုက်သည်…
အရင်ဘဝက ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့ အတွက်ကြောင့်
ဒီညောင်ပင်ကြီးအောက်ကို ရောက်တဲ့အခါမှာ ရွှေအိုး လေးလုံးရမှာ ဖြစ်တယ်။

ဒါပေမဲ့…
သူသည် အခုလက်ရှိဘဝမှာ မကောင်းမှုတွေလုပ်တာ
များတဲ့အတွက်ကြောင့်
ရွှေအနည်းငယ်နဲ့သာ ကျေနပ်လိုက်ရခြင်း ဖြစ်တယ်။

အသင်ဟာ အရင်ဘဝက…
အကုသ်ိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်
ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့အချိန်မှာ
ညောင်ကိုင်းပိပြီး သေရမှာ ဖြစ်တယ်။

ဒါပေမဲ့…
သင်သည် အခုလက်ရှိဘဝမှာ ကောင်းမှုကုသိုလ်တွေ
အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့် အသက်မသေပဲ ပေါင်ကျိုးရုံလောက်ပဲ ကျိုးခဲ့ခြင်းဖြစ်တယ် အသင်လူသား ဆိုပြီး ရှင်းပြခဲ့ပါတယ်။

ဒါကြောင့် သူတော်ကောင်းတို့လည်း…
ငါ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတာတွေပဲ
ဖြစ်နေတယ် လို့ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်မနေပါနဲ့။

ရှေးဘဝက မကောင်းခဲ့တဲ့ အကုသိုလ်ကံတွေကြောင့်
အခုလက်ရှိဘဝမှာ
မကောင်းကျိုးတွေ ခံစားနေရတယ် လို့လည်း
မမြင်ရတဲ့ အတိတ်ဘဝကို အပြစ်ပုံချ မနေပါနဲ့။

အခု လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာလုပ်ရင်နောင်လာမယ့်
အနာဂါတ်မှာ ကောင်းကျိုးတွေခံစားရမယ်ဆိုတာ
အသေအချာပါဘဲ•••

Credit.. Ashin Thukha Nanda

Friday, September 23, 2022

"အသက်ရှည်ကြောင်း​ကောင်းမှု- ၆ ပါး

"အသက်ရှည်ကြောင်း​ကောင်းမှု (၆) ပါး"
🌺🌺🌺🌿🌿🌿🌺🌺🌺

၁။ရေအလှူကောင်းမှု၊(ရေစစ်အလှူကောင်းမှု)

၂။ဆေးအလှူကောင်းမှု၊

၃။ကျောင်းအလှူကောင်းမှု၊

၄။ကျောင်းဟောင်း၊စေတီဟောင်းစသည်ပြုပြင်သည့်
   အလှူကောင်းမှု၊

၅။ငါးပါးသီလကောင်းမှု၊

၆။ဆယ်ပါးသီလကောင်းမှု။

   ဆောင်ပုဒ်..
**************
ရေနှင့် (ရေစစ်) ဆေး'ကျောင်း၊အဟောင်းပြုပြင်
 ပဉ္စင်'အဋ္ဌ၊သီလမည်သာ၊
ဤခြောက်ဖြာကား၊
 ဒီဃာယုကပ်၊အာရောဂျတ်ဟု၊
ပုညခေါ်ရိုး၊ ကျင့်တစ်မျိုးမို့၊
အားကြိုးသမှု၊ဆောက်တည်ပြုလော့။

အသက်ရှည်ချင် ဤသုံးအင်

အသက်ရှည်ချင် ဤသုံးအင်
*****
သောကကို ရှောင်၊
ဝအောင် မစား၊
လှုပ်ရှား ကိုယ်လက်၊
ဤသုံးချက် အသက်ရှည်ကြောင်းမှတ်။

၁။ သောကဖြစ်စရာများကို ရှောင်ရပါမည်။ စိုးရိမ် ကြောင့်ကြ ဗျာပါရ စိတ်ဖိစီးမှုများလျှင် စိတ်ထောင်း ကိုယ်ကြေ ဆိုတဲ့အတိုင်း အိုလွယ် နာလွယ်၍ အသက်တိုတတ်ပါတယ်။

၂။ အစားအစာကို ဗိုက်တင်းအောင် စားခြင်းမှ ရှောင်ကြဉ်ရပါမည်။ ဘုရားဟောအရ ထမင်းလေးလုပ်စာ ငါးလုပ်စာလောက် ချန်ထား၍ ရေသောက်ရပါမည်။
အစားအစာ လွန်ကဲပါက ကျောက်ကပ်၊ နှလုံး၊ ဆီးချို၊ သွေးတိုး ရောဂါတွေအတွက် ဖြစ်နိုင်ခြေ များလာသဖြင့် အိုလွယ် နာလွယ်ကာ အသက်တိုလွယ်တတ်ပါတယ်။

၃။ နေ့စဉ် ကိုယ်လက် လှုပ်ရှားမှု ရှိနေရပါမည်။
နေ့စဉ် လှုပ်ရှားမှုက အစာကြေညက်စေပါတယ်၊ သွေး လေ လည်ပတ်မှု ကောင်းသဖြင့် အဆီပိတ်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်းတို့မှလည်း ကာကွယ်စေပါတယ်။ အကြောအခြဉ်တွေ လတ်ဆတ်ပြီး သန်မာစေပါတယ်။ ကျန်းမာပြီး အသက်ရှည်စေပါတယ်။

ရောဂါဘယ ကင်းဝေးပါစေ။
သက်ရှည် ချမ်းသာပါစေ။

#ကျန်းမာရေးဗဟုသုတ

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၇-၉-၂၀၂၂

မဟာကုသိုလ်စိတ်ဆိုတာ

🌸" မဟာကုသိုလ်စိတ်ဆိုတာ "🌸
""""""""""""""""""""""""""""""""""""""""""
အခုခေတ်မှာ ဆိုလို့ရှိရင် 
မြတ်စွာဘုရား ရုပ်ထုဆင်းတုတော် 
အိမ်မှာ ကိုးကွယ်ထားတယ်။

🌸
ဘာရည်ရွယ်ချက်နဲ့
ကိုးကွယ်တာတုန်းဆိုတော့
အဆုံးအမရလို့
ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်တာ...။

🌸
မြတ်စွာဘုရား
သက်တော်ထင်ရှား မရှိတော့
ရုပ်ပွားဆင်းတုတော်ကို 
က်ိုယ်စား ကိုးကွယ်တယ်...။ 

🌸
မြတ်စွာဘုရားရဲ့
အဆုံးအမတွေကို ရရှိလို့
ကျေးဇူးတင်တဲ့ အနေနဲ့ 
ဘုရားဂုဏ်ကို အာရုံပြု ဖို့
ကိုးကွယ်တာပဲ ဖြစ်ရမယ်...။

🌸
အဲဒီလိုမဟုတ်ဘဲနဲ့
ဒီရုပ်ပွားဆင်းတုတော်ကို
ကိုးကွယ်ထားခြင်းဖြင့် …
တို့အိမ်မှာ စီးပွားဥစ္စာတွေ တိုးတက်တယ်၊ ဒီလို ယုံကြည်ပြီးကိုးကွယ်လို့ရှိရင်
မှားယွင်းတာပဲ.... ။

🌸
ဒီဘုရား ကိုးကွယ်ထားရင်
မီးကွင်းတယ် မီးမလောင်ဘူးဆိုပြီး
ကိုးကွယ်တာလည်း ရှိတယ်...။

🌸
ဒါတွေက မှန်ကန်တဲ့ 
ရည်ရွယ်ချက်တွေ မဟုတ်ဘူး၊
သရဏဂုံယူတဲ့အခါမှာ 
“ဗုဒ္ဓ သရဏံ ဂစ္ဆာမိ= ဘုရားကို 
ကိုးကွယ်ပါ၏” လို့ ဆိုရတယ်။ 

🌸
ဒီလို သရဏဂုံယူတဲ့ အခါမှာ
ရည်ရွယ်ချက်က 
ဘုရား၏ အဆုံးအမကို
ခံယူချင်တာသာဖြစ်တယ်...။

🌸
ဘုရားကို မကိုးကွယ်လို့ရှိရင်
ဘေးရန်အန္တရာယ်ဖြစ်မှာ ကြောက်တယ်၊(သို့မဟုတ်)
ပတ်၀န်းကျင်က ကဲ့ရဲ့မှာ ကြောက်တယ်...။

🌸
အဲဒီလို ကြောက်လို့ ကိုးကွယ်တာမျိုးကျတော့ 
သရဏဂုံ မမြောက်ဘူး...။

🌸
ဘုရားကို ကိုးကွယ်မှ 
စီးပွားဥစ္စာ တိုးတက်မယ်လို့ယူဆပြီး စီးပွားဥစ္စာ တိုးတက်ချင်လို့
ကိုးကွယ်လို့ရှိရင်လည်း 
သရဏဂုံ မမြောက်ဘူး...။

🌸
တို့ဆွေတွေမျိုးတွေ မိသားစုတွေက ကိုးကွယ်တဲ့ ဘုရားလို့ဆိုပြီးတော့
မိသားစုသံယောဇဉ်နဲ့ ကိုးကွယ်လို့ရှိရင်လည်း သရဏဂုံ မမြောက်ဘူး၊
ဒါတွေ မပါစေရဘူး...။

🌸
မြတ်စွာဘုရားဟာ 
လောကမှာ တကယ်မြင့်မြတ်တဲ့
ပုဂ္ဂိုလ်ဖြစ်တယ်...။

🌸
ပါရမီဆယ်ပါး အပြားသုံးဆယ်
စရိယသုံးပါး, စွန့်ခြင်းကြီး ငါးပါး
ဖြည့်ကျင့်ပြီးတော့ …
သတ္တဝါတွေအကျိုး အလို့ငှာ 
ပါရမီတွေ ဖြည့်ကျင့်ပြီးလို့ 
ဘုရားအဖြစ်ကို ရောက်လာပြီးတော့…အမှန်တရားကို ဟောကြားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်တယ်...။ 

🌸
ဒီပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေ 
အင်မတန်မှ မြင့်မြတ်တယ်၊ 
ထိုအရည်အချင်းတွေကို 
ပူဇော်တဲ့အနေနဲ့ ကိုးကွယ်တယ်ဆိုမှ ကိုးကွယ်မှု မြောက်တယ်...။

🌸
အဲဒီလို ကိုးကွယ်မှ ကိုယ်နေ့စဉ်ဆိုနေတဲ့
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဆိုတာပိုပြီးတော့ 
အဓိပ္ပာယ် ရှိတယ်...။

🌸
အဲဒါကမှ 
တကယ့် သရဏဂုံတည်တဲ့
“မဟာကုသိုလ်စိတ်”လို့ခေါ်တယ်...။

🌸
အဲဒီ မဟာကုသိုလ်စိတ်နဲ့
မြတ်စွာဘုရား ကိုယ်တော်မြတ်ကို 
ကိုးကွယ်ဆည်းကပ်လို့ ရရှိလာတဲ့
ကုသိုလ်စေတနာတွေကမှ
လူချမ်းသာကိုလည်း ပေးနိုင်တယ်၊ 
နတ်ချမ်းသာကိုလည်း ပေးနိုင်တယ်...။
နိဗ္ဗာန်ချမ်းသာအထိ ပေးစွမ်းနိုင်တယ်။

   🙏 ပါချုပ်ဆရာတော်ဘုရားကြီး 
       

မေတ္တာ (၃) မျိုး

🔴 မေတ္တာ (၃) မျိုး 

မေတ္တာကို မြတ်စွာဘုရားက (၃)မျိုး ခွဲပြထားတယ်။ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ လို့။ 

# မနောကံမေတ္တာ

     မနောကံမေတ္တာက စပြောမယ်။
 “အားလုံးအဆင်ပြေကြပါစေ၊ ချမ်းသာကြပါစေ၊ ပျော်ရွှင်ကြပါစေ၊ အခက်အခဲ မရှိကြပါစေနဲ့” လို့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်နေသဘောထား
လေးကို မနောကံမေတ္တာလို့ ခေါ်တယ်။ အဲဒီ မနောကံမေတ္တာကို အားလုံးအပေါ်မှာ ဖြန့်ကြက်ပြီး သမာဓိစွမ်းအားတွေနဲ့ တွဲဖက်ထားလိုက်ရင် ဈာန်တောင်ရမယ်။မြတ်စွာဘုရားက ဒီမေတ္တာဈာန်ကုသိုလ်ရဲ့ စွမ်းအားနဲ့ 
လူ့ဘ၀ ကုန်ဆုံးတဲ့အခါမှာ နောက်ဘဝမှာ ဗြဟ္မာဘုံ ရောက်နိုင်တယ်လို့ စွမ်းအားရှိတဲ့ 
ကုသိုလ်တစ်ခုအနေနဲ့ ဟောတော်မူတယ်။

# ဝစီကံမေတ္တာ

     မနောကံမေတ္တာရှိသလို 
ဝစီကံမေတ္တာဆိုတာလည်း ရှိတယ်။
တစ်ဦးနဲ့တစ်ဦး ကောင်းကျိုးချမ်းသာရစေနိုင်တဲ့ စကားတွေကို ပြောတယ်၊ အကြံပေးမယ်၊
 အကြံကောင်းတွေ ပေးတယ်၊ သတိပေးတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး နှုတ်၏စောင်မခြင်း၊ 
မေတ္တာအရင်းခံတဲ့ အပြောအဆိုများနဲ့ ပြောဆိုကူညီပေးခြင်း၊ 
ဒါလည်း လောကမှာ အင်မတန်မှ အရေးကြီးတယ်။ မိဘတွေက သားသမီးတွေကို “ဘယ်လိုမနေနဲ့၊ ဘယ်လိုမထိုင်နဲ့၊ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး” စသည်ဖြင့် ကိုယ့်သားသမီးကို အရိပ်တကြည့်ကြည့် ပြောဆိုဆုံးမပေးသလိုပဲ ကိုယ့်ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေကိုလည်းပဲ ကောင်းတဲ့ အကြံဉာဏ်လေးတွေ ပေးပြီး 
ပြောဆိုတာ ဒါ ဝစီကံမေတ္တာလို့ ခေါ်တယ်။

# ကာယကံမေတ္တာ

     နောက်တစ်ခါ ကာယကံမေတ္တာလို့ ဆိုတယ်။ တစ်စုံတစ်ခု ကိုယ့်ရှေ့မှာ၊ ဆိုပါစို့၊ လူတစ်ယောက်ဟာ ကိုယ့်ရှေ့မှာ အရေးကြီးတဲ့ ပိုက်ဆံအိတ်ကလေးတို့၊ တယ်လီဖုန်းတို့ မေ့ကျန်ရစ်ခဲ့တယ်ဆိုရင် 
သိမ်းပေးထားတယ်၊ အကြောင်းကြားပေးတယ်၊ 
မပျောက်မပျက်အောင် လုပ်ပေးထားတယ်။ ဒါက ကာယကံမေတ္တာလို့ ခေါ်တယ်။ သွားတဲ့လာတဲ့ လမ်းတွေမှာ ခလုတ်မထိ ဆူးမငြိအောင် သူများမမြင်တာတွေကို ဖယ်ရှားပေးတယ်၊ ကိုယ် အရင်တွေ့ရင် 
ကိုယ် ဖယ်ရှားပေးလိုက်တယ်။ 
ဆိုလိုတာက ဘယ်သူမှ ဒုက္ခမရောက်အောင် ကိုယ်မြင်တဲ့အခါမှာ ဆောင်ရွက် လုပ်ကိုင် ပေးသွားတာလေးတွေ။ ဒါကို ကာယကံမေတ္တာလို့ ခေါ်တာ။

မနောကံ မေတ္တာ ရှိသလို 
ဝစီကံ မေတ္တာလည်း ရှိဖို့လိုတယ်။ 
ကာယကံ မေတ္တာလည်း ရှိဖို့လိုတယ်။

[ပါမောက္ခချုပ်ဆရာတော် 
ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ 
ဟောကြားတော်မူသော "နှစ်ဦးမေတ္တာ လူတိုင်းမှာ" တရားတော်မှ ကောက်နုတ်ဖော်ပြသည်။

Credit..

ဒေါသပျောက်ဆေး

#ဒေါသပျောက်ဆေး
_________________

လူတစ်ယောက် ဒေါသထွက်လျှင် ဘာစကားမှ မပြောသင့်ပေ။ ဘာကြောင့်နည်း၊ စိတ်ဆိုးနေတုန်းမှာ စကားကောင်း မထွက်နိုင်သောကြောင့်တည်း။ မှန်၏။ ဒေါသထွက်နေမှတော့ စိတ်သည် ပုံမှန် မဟုတ်တော့။ ပုံမှန် မဟုတ်သည့်အတွက် ပြောချင်ရာ ပြောမည် ဖြစ်၏။ ပြောချင်ရာ ပြောမှတော့ တစ်ဘက်သား မခံနိုင်သော စကားမျိုးသာ ထွက်လာမည် ဖြစ်သည်။

ထို့ကြောင့် ရှေးလူကြီးများက " ပြဿနာအစ ပါးစပ်က" ဟု ပြောခဲ့ကြခြင်း ဖြစ်သည်။ မှန်၏။ ပြဿနာဆိုသည်မှာ များသောအားဖြင့် စကားပြောရာကနေ ဖြစ်ကြခြင်းပင်။

ထို့ကြောင့် စိတ်ဆိုးပြီး ဒေါသထွက်နေလျှင် ဘယ်သူ့ကိုမှ ဘာအကြောင်းကြောင့်မှ စကား မပြောမိအောင် သတိထားရမည် ဖြစ်သည်။ စကားမပြောဖြစ်ဖို့အတွက် ပါးစပ်ကို ပိတ်ထားရမည် ဖြစ်သည်။ ပါးစပ် ပိတ်ထားနိုင်လျှင် ပြဿနာလည်း အလိုလို ငြိမ်းသွားလေတော့၏။

ရှင်ရသေ့နှင့် အမျိုးသမီး
-----------------------

ရွာလေးတစ်ရွာတွင် ဒေါသကြီးသော အမျိုးသမီးတစ်ယောက် ရှိ၏။ မပြောပလောက်သော အကြောင်းကလေးကို နင်းကန် ဒေါသ ထွက်လေ၏။ ဒေါသထွက်လာသည့်အခါ တိုင်းလည်း မကြားဝံ့မနာသာ အယုတ္တအနတ္တများကို ပြောလေတော့၏။

ဒေါသကြီးသော ထိုအမျိုးသမီးကြောင့် သူ့ တစ်အိမ်လုံးမျှသာမက တစ်ရပ်ကွက်လုံး စိတ်ညစ်နေကြ၏။ သူမကိုယ်တိုင်ကလည်း မိမိဒေါသကို ထိန်းမထားနိုင်သောကြောင့် မကြံတတ်မစည်တတ် ဖြစ်နေသည်၊ ဒေါသနှင့် ပြောရသည့်အခါတိုင်း နောင်တ ရနေတတ်သည်၊ သို့သော်လည်း ဒေါသကို မချုပ်တည်းနိုင်သောကြောင့် အကြောင်းပေါ်ပေါက်လာလျှင် ဒေါသကတော့ ဝုန်းကနဲ ဖြစ်သေးသည်သာတည်း။

တနေ့တွင် ရသေ့တစ်ပါးသည် ထိုအမျိုးသမီးအိမ် ကြွလာ၏။ အမျိုးသမီးက ရသေ့ကို သူ့အကြောင်း လျှောက်ထားလေ၏။

"ရသေ့ကြီး ... တပည့်တော်မှာ ကိုယ့်ဒေါသ ကိုယ် မထိန်းနိုင်တဲ့အတွက် ဒုက္ခရောက်နေပါတယ်၊ ထစ်ခနဲဆိုရင် ဒေါသထွက်လာတယ်၊ ဒေါသထွက်လာရင်လည်း ဘာကိုမျှ မစဉ်းစား မဆင်ခြင်တော့ပါဘူး၊ မှားတာတွေ လုပ်မိပါတယ်၊ ဒေါသပြေပျောက်တဲ့ နည်းလမ်းများရှိရင် တပည့်တော်ကို ညွှန်ကြားတော်မူပါ"။

" အေး ဟုတ်ပြီ၊ ငါ့ဆီမှာ ဒေါသပျောက်ဆေး ရှိပါတယ်၊ စိတ်မပူပါနဲ့"။

" မှန်ပါ၊ ဝမ်းသာလိုက်တာဘုရား၊ တပည့်တော်ကို ချီးမြှင့်တော်မူပါဘုရား"။

" ရော့ ဆေးပုလင်း၊ ဒေါသထွက်လာတဲ့အခါ ဒေါသပျောက်သွားတဲ့အထိ ပုလင်းထဲက ဆေးရည်ကို ဖြည်းဖြည်းသောက်၊ နောက်တစ်ပတ်ပြည့်တဲ့အခါ အကျိုးအကြောင်း သိရအောင် တစ်ခါလာခဲ့ဦးမယ်"။

ယင်းသို့ ပြောဆိုပြီး ရသေ့ကြီး ပြန်ကြွသွားသည်။ ရသေ့ကြီး ပေးသွားသော ဆေးပုလင်းကို အမျိုးသမီးက သိမ်းထားသည်။ အကြောင်းတစ်ခုခုကြောင့် ဒေါသထွက်လာသောအခါ အမျိုးသမီးသည် ရသေ့ကြီး ညွှန်ကြားသွား သည့်အတိုင်း ပုလင်းထဲကဆေးရည်ကို တစ်စက်ချင်း ဖြည်းဖြည်းသောက်လေသည်။ 

နောက်တစ်ပတ်ကြာသောအခါ ရသေ့ကြီး ကြွလာပြန်သည်။ အမျိုးသမီးက ရသေ့ကြီးကို သူ့အကြောင်း လျှောက်ထားလေတော့သည်။

" ရှင်ရသေ့ကြီးရယ် ကျေးဇူးတင်လိုက်တာဘုရား၊ တပည့်တော် ဒေါသဖြစ်လာရင် အရှင်ဘုရား ပေးတဲ့ဆေးကို သောက်ပါတယ်ဘုရား၊ ဆေးကို သောက်လိုက်တာနဲ့ တပည့်တော်မ ဒေါသပြေပျောက်သွားပါတယ်၊ဘယ်လိုဆေးမျိုးကို ပေးတယ် ဆိုတာ တပည့်တော် သိချင်ပါတယ်"။

" ငါ ရှင်းပြမယ်၊ ပုလင်းထဲမှာ ဘာဆေးမှ မရှိဘူး၊ ရေပဲ ထည့်ထားတယ်။ ပုလင်းထဲက ရေကို သောက်နေရတဲ့ အတွက် စကားပြောလို့ မရတော့ဘူး၊ ဒီတော့ ပါးစပ်က ပိတ်သွားတယ် မဟုတ်လား"။

" ဟုတ်ပါတယ်ဘုရား"။

" မှတ်ထား၊ ဒေါသကို ဖြေဖျောက်စေတဲ့ အကောင်းဆုံးဆေးဟာ ပါးစပ်ပိတ်ထားခြင်းပဲ ဖြစ်တယ်၊ ပါးစပ်ပိတ်ထားရင် စကားမပြောဖြစ်တော့၊ ဒီတော့ ဒေါသဟာ သူ့အလိုလို ပျောက်သွားလိမ့်မယ်ကွယ်"။

ထိုသို့ ပြောလိုက်တော့မှ အမျိုးသမီးလေး ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။

ဤဖြစ်စဉ်၌ ရသေ့ကြီး၏ ပညာသားပါသော ဆုံးမနည်းကို တွေ့ရမည် ဖြစ်သည်။ " ဒေါသဖြစ်နေလျှင် ပါးစပ်ပိတ်ထားခြင်းက အကောင်းဆုံး" ဟု ဆုံးမလိုသောကြောင့် ဒေါသပျောက်ဆေးဟု ပရိယာယ်နှင့် ပြောလိုက်ခြင်း ဖြစ်သည်။

အကောင်းဆုံးယတြာ
--------------------------

စိတ်ဆိုးပြီး ဒေါသဖြစ်နေပါက ပါးစပ်ပိတ်ပြီး တိတ်တိတ်လေး နေရမည် ဖြစ်သည်။ ထို့ကြောင့် ရှေးလူကြီးတို့က "တိတ်တိတ်နေ ထောင်တန်" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။ တိတ်တိတ်နေ ထောင်တန်ဟူသည် လူဖျင်းလူအကဲ့သို့ ဘာမှ မပြောဘဲ ငူငူကြီး နေရမည်ဟု ဆိုလိုသည် မဟုတ်၊ အကျိုးရှိက ပြောရမည် ဖြစ်ပြီး အကျိုးမရှိပါက ဘာစကားမှ မပြောဘဲ နေရမည်ဟု ဆိုလိုသည်။

ဘယ်သူဖြစ်ဖြစ် ဒေါသထွက်နေလျှင် စိတ်က မကြည်တော့။ စိတ်က မကြည်သည့်အတွက် ဘာစကားပဲ ပြောပြော အဆိုးဘက်ကို ဦးတည်နေ၏။ မှန်၏။ ဒေါသနှင့် စကားပြောလျှင် အကျိုးရှိတာထက် အကျိုးမရှိတာက များ၏။ အပြုသဘောထက် အဖျက်သဘောက များ၏။  

ထို့ကြောင့် စိတ်ဆိုးပြီး ဒေါသထွက်နေလျှင် ဘာမှ မပြောဘဲ တိတ်တိတ်လေး နေသင့်၏။ တကယ်တော့ တိတ်တိတ်လေး နေခြင်းသည် ပညာပင် ဖြစ်ပါ၏။ ထို့ကြောင့် ပါးစပ်ပိတ်ခြင်းသည် "အကောင်းဆုံး ယတြာ" ဟုသာ ဆိုချင်ပါတော့၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

အတွင်းအပူ

အတွင်းအပူ
~~~~~~~~~
#အေးတဲ့နိုင်ငံတွေဘက် ခရီးထွက်ရင်း မအေးတဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ်၊၊ အပြင်အအေးတွေကြား ရင်လေးနေသူများနဲ့လည်း ဆုံဖြစ်ခဲ့ပါတယ်၊၊ အနုက်ပြနေတဲ့ အအေးဓာတ်အောက်မှာ အတွင်းအပူမီးတောက်နေကြသူတွေလည်း ရှိနေကြပြန်ပါတယ်၊၊ အပူဓာတ်တွေအောက်မှာ အပူဟက်ခံနေရသူတွေလည်း အများကြီးပါပဲ။

#သြော်... ဘယ်လောက်အေးတဲ့ နေရာမှာပဲနေနေ အတွင်းအပူအေးမှ အေးဆေးတာပါလား၊၊ အတွင်းအပူနည်းရင် အပြင်အပူဟာ ရင်ပူစရာမှ မဟုတ်တာပဲ၊၊

#ဘယ်မှာပဲနေနေ အနေတတ်မှ အပူမဟပ်မှာပါ၊၊ 

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

Wednesday, September 21, 2022

လူမိုက်စာရင်း မဝင်အောင် ❇️•••အဂတိလေးပါး ကိုရှောင်•••

❇️ လူမိုက်စာရင်း မဝင်အောင် ❇️
•••အဂတိလေးပါး ကိုရှောင်•••
🍀🍀🍀🍀🍀🍀🍀🍀🍀

၁။ "ဆန္ဒာဂတိ"

မတရားမှန်းသိပေမယ့် ကိုယ်ချစ်ခင်တဲ့
သူတွေကို မျက်နှာလိုက်ချင်တာနဲ့ 

တရားတဲ့ အတိုင်းမလုပ်ပဲ 
မတရားပြုတာဟာ "ဆန္ဒာဂတိ" 

၂။ "ဒေါသာဂတိ"

ကိုယ်မုန်းနေတဲ့သူတွေ 
ကိုယ်နဲ့ မတည့်တဲ့သူတွေကို

နှိပ်ကွပ်ဖို့ လုပ်နေတာ 
မတရားပြုတာဟာ "ဒေါသာဂတိ"

၃။ "မောဟာဂတိ"

အကြောင်းလား။ အကျိုးလား။
အကောင်းလား။ အဆိုးလား။

မှားသလား။ မှန်သလား။
လုပ်ပေးထိုက်သလား။ 
လုပ်မပေးထိုက်ဘူးလား။

ဘာမှမသိဘူး။ မှန်းရမ်းပြီးတော့ မတရားမှုလုပ်တာဟာ "မောဟာဂတိ" 

၄။ "ဘယာဂတိ"

မဟုတ်မှန်းလဲ သိတယ်။ 
မကောင်းမှန်းလဲ သိတယ်။
မလုပ်ထိုက်ဘူးဆိုတာလဲ သိတယ်။

ဒါပေမယ့် "အမိန့်" ဆိုတော့ ကြောက်လွန်းလို့တဲ့။ ကြောက်ကြောက်နဲ့ မတရားမှုပြုလုပ် နေကြတာတွေ အကုန်လုံး "ဘယာဂတိ"

အဲဒီတော့ လောကကြီးမှာ အဂတိလေးပါး 
မလိုက်စားဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ တော်တော်ရှားလိမ့်မယ်။

ကြောက်ပြီးတော့ အမှန်အတိုင်း 
တရားတဲ့အတိုင်း မလုပ်ဘူးဆိုရင်လဲ ဒါ "အဂတိ"လိုက်တာပဲ။

ကြောက်ကြောက်နဲ့ မမှန်တာ မတရားတာ လုပ်တယ်ဆိုရင်လဲ ဒါ "အဂတိ"လိုက်တာပဲ။

မှန်တယ်ဆိုရင် ဘာမှကြောက်ဖို့
မလိုဘူးလေ။ 

အကျိုးလဲရှိမယ်။ အတ္တလဲဖြစ်မယ်။ ဟိတလဲဖြစ်မယ်။ သုခလဲဖြစ်မယ်ဆိုရင် 
ဘာမှ ကြောက်စရာ မလိုဘူး။

ခုတော့ မဟုတ်ဘူး။ အတ္တဖြစ်တယ်။ဟိတဖြစ်တယ်။ သုခဖြစ်တယ်ဆိုပေမယ့် ကြောက်တာနဲ့ မလုပ်ရဲဘူး။

အနတ္တဖြစ်တယ်။ အဟိတဖြစ်တယ်။ဒုက္ခဖြစ်တယ်ဆိုပေမယ့် …

လုပ်ဆိုတော့ မဟုတ်မှန်းသိပေမယ့် ကြောက်တာနဲ့ လုပ်နေကြတယ်။

ကြောက်ကြောက်နဲ့ မတရားမှုလုပ်ရင် "ဘယာဂတိ"

မုန်းလို့ စိတ်ဆိုးဆိုးနဲ့ မတရားမှုလုပ်ရင် "ဒေါသာဂတိ" 

ချစ်လို့ မျက်နှာလိုက်ချင်လို့
မတရားမှုလုပ်ရင် "ဆန္ဒာဂတိ"

မသိသဖြင့် ရမ်းပြီး မတရားမှုလုပ်ရင် "မောဟာဂတိ"
 
အဲဒီ "အဂတိလေးပါး" မလွတ်ကြရင်တော့ လူမိုက်စာရင်းဝင်သွားမှာပဲ။

အဲ့တော့ လူမိုက်စာရင်းမဝင်အောင် အဂတိလေးပါး လွတ်အောင်ကြိုးစားကြဗျာ။

သီတဂူဆရာတော်ဘုရားကြီး
🙏 🙏 🙏

ငါတရားမှရပါ့မလား..

#ငါ တရား မှ ရပါ့မလား
******************

       #ငါ တရားမှ ရပါ့ မလား လို့ 
တွေးမိလေတိုင်း တွေးမိလေတိုင်း သာသနာ၌မပျော်ပိုက် လူထွက်လိုသည့်"တိဿ....."မထေရ်။

   #တိဿမထေရ်သည် 
အာဂန္တုကရဟန်းများနှင့်
ပြဿနာဖြစ်ပြီးနောက် 
မြတ်ဗုဒ္ဓ၏
အဆုံးအမအောက်တွင်တည်ခဲ့၏။

ယခင်ကလို ပေါ့ပျက်ပျက် မနေတော့
ရဟန်းဝိနည်းများကိုသင်ယူခြင်း
ကမ္မဌာန်းတရားများကို ရှုပွားခြင်းများ
ပြုလာလေ၏။

သေခြာလေ့လာ ဆည်းပူးကြည့်မှ
သာသနာတော်တွင်း ရဟန်းဘဝဟူသည်
ဆူးကြားက ဗူးခါးသီးလို 
လှုပ်မရလောက်အောင် များပြားသော
ဝိနည်းသိက္ခာများ 
ခက်ခဲနက်နဲသော ကမ္မဌာန်းကျင့်စဉ်
များကို လေ့လာမိပြီး
"ငါတရားမှ ရပါမည်လား"ဟု
သံသယဝင်လာကာ သာသနာ၌မပျော်
လူထွက်လိုကြောင်းသာ 
သီတင်းသုံးဖော်များကို ပြောလေ၏။

ဤအကြောင်းကို
မြတ်စွာဘုရားသိသောအခါ
တိဿ.....အားခေါ်၍မေးလေ၏။
"တိဿ..... 
သာသနာ၌မပျော် လူထွက်လိုသည်မှာ
မှန်သလော့"
"မှန်ပါ ဘုရား တပည့်တော် သာသနာ၌
မပျော်ပါဘုရား ငါတရားမှရပါမည်လား
လို့လဲ သံသယ ဖြစ်နေပါသည်ဘုရား"

တိဿ.....မထေရ်၏စိတ်တွင်
အရာရာ"ငါ"ပါ၍ရှုတ်ထွေးနေ၏။
တကယ်တော့"ငါ"ဟူ၍စွဲလန်းစရာမရှိ။

တရားသိသည် တရားရသည်ဆိုရာ၌
တရားကိုသူက ငါက သိသည်မဟုတ်။
သူက ငါက ရသည်မဟုတ်။
တရားကို တရားကသာ သိခြင်းတည်း။
အသိခံတရားတွင်လည်း
သူငါမနှောသော
တရားသက်သက်သာဖြစ်၏။
အသိဉာဏ်ထဲမှာလည်း
သူမပါ ငါမစွက် 
တရားသက်သက်သာဖြစ်၏။

မြတ်စွာဘုရားသည်
တရားကိုတရားအတိုင်းအမြင်မရှင်းသူ
တိဿ.....အားခန္ဓာငါးပါးကိုအခြေပြု၍
တရားပြရလေ၏။
"တိဿ..... 
ခန္ဓာငါးပါးတို့အပေါ်ဝယ်
တွယ်တာကပ်ငြိမှုမကင်းလျင်
ထိုခန္ဓာငါးပါးတို့ 
ဖောက်လွဲဖောက်ပြန် ဖြစ်သောအခါ 
စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း
ဆင်းရဲခြင်းပြင်းစွာ စိတ်ဝေဒနာခံစားရခြင်း
တို့ဖြစ်ပေါ်လာကြသည်မဟုတ်လော့"

"ဖြစ်ပေါ်လာကြပါသည်ဘုရား"

"သာဓု သာဓု သာဓု တိႆ....."

"တိဿ.....
ခန္ဓာငါးပါးအပေါ်ဝယ် 
တွယ်တာကပ်ငြိမှု ကင်းရှင်းပါလျင်
ထိုခန္ဓာငါးပါးတို့
ဖောက်လွဲဖောက်ပြန်ဖြစ်သောအခါ
စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း
ဆင်းရဲခြင်းပြင်းစွာ စိတ်ဝေဒနာ ခံစားရခြင်း
တို့ဖြစ်ပေါ်လာကြဦးမည်လော့"

"ဖြစ်ပေါ်မလာကြတော့ပါဘုရား"

"သာဓု သာဓု သာဓု တိႆ....."

"တိဿ.....
ခန္ဓာငါးပါးသည် နိစ္စလော့ အနိစ္စလော့"
"အနိစ္စပါဘုရား"

"တိဿ.....
ခန္ဓာငါးပါးသည် အနိစ္စဖြစ်သောကြောင့်
အတိတ် အနာဂါတ် ပစ္စုပ္ပါန် အတွင်းအပြင်
အကြမ်းအနု အယုတ်အမြတ် အနီးအဝေး
ဟူ၍ တစ်ဆယ့်တစ်ပါးသောအခြင်းအရာ
တို့ဖြင့် ပေါင်းစည်းထားသော ခန္ဓာငါးပါးတို့
အပေါ်ဝယ် ဤခန္ဓာငါးပါးသည် "ငါ"မဟုတ်
ဤခန္ဓာငါးပါးသည်"ငါ၏အတ္တ"မဟုတ် ဟူ၍
ဟုတ်တိုင်းမှန်စွာ ဉာဏ်ပညာဖြင့် ရှုမြင်အပ်၏"

"တိဿ
ဤသို့ရှုသောငါဘုရား၏တပည့်သည်
ခန္ဓာငါးပါး၌ငြီးငွေ့၏။
ငြီးငွေ့သော်
တပ်မက်ခြင်းကင်းရာ နိဗ္ဗာန်ကိုမြင်၏။
နိဗ္ဗာန်မြင်သော မဂ်ဉာဏ်နောက်ဝယ်
လွတ်မြောက်ပြီးသော ဖိုလ်ဉာဏ်ပေါ်၏။
ထို့နောက်ပစ္စဝေက္ခဏဉာဏ်ပေါ်၏။
မဂ်လေးတန်ဖိုလ်လေးတန်ဖြင့်
မြင့်မြတ်သောအရိယာဉာဏ်ကိုရ၏။
ပဋိသန္ဓေနေရန်မရှိပြီ။
ကျင့်စရာဟူသ၍ကျင့်ပြီးပြီ။
ပြုစရာရှိသမျှပြုပြီးပြီ။
နိဗ္ဗာန်ရရေးအတွက် 
အခြားတပါး ပြုစရာ ကျင့်စရာ
မရှိတော့ပြီဟု ဟုတ်တိုင်းမှန်စွာသိလေ၏"

"သာဓု သာဓု သာဓု ပါအရှင်ဘုရား"

သည်တစ်ခါ သာဓုခေါ်သူမှာ တိဿ.....ဖြစ်၏။
မြတ်စွာဘုရား၏ မေးခွန်းများကိုဖြေကြားရင်း
"ငါ"ဒုက္ခအပေါင်းမှလွတ်မြောက်ရာလမ်းကို
တွေ့မြင်လိုက်ရပြီမဟုတ်ပါလား။

"ခန္ဓာငါးပါးမျှသာဖြစ်သော"
"ငါဟူ၍စွဲလန်းစရာဘာမျှမရှိသော"
"တရားသဘောသက်သက်တွင်"
"အဘယ်ငါဖြင့်တရားမှရပါမည်လား"
ဟူ၍ သံသယဖြစ်စရာ စိုးရိမ်စရာ
ရှိတော့အံ့နည်း"

#သုခိတာ ဟောထ ဒုက္ခမုစ္စထ

ခန္ဓသံယုတ် ထေရဝဂ် 
တိဿသုတ် ပါဠိတော်နှင့် အဌကထာ။

Credit. ...ဦးပညိန္ဒ

ခန္ဓာကြီးကို အတွင်းနဲ့အပြင်သာ လဲထားလို့ကတော့

"ခန္ဓာကြီးကို အတွင်းနဲ့အပြင်သာ လဲထားလို့ကတော့
  တုတ်နဲ့ ကျီးတွေကို မောင်းနေရမှာ"
  ***** ***** ****** ****** ****** ****** ****** ****** 
အပေါ်ယံလေးကြည့်ရင် တဏှာရာဂစိတ်ပေါ်လာပြီး
လှတယ်လို့ ထင်တယ်။ အဲဒီလို လှတယ်ထင်လို့ လောဘဖြစ်လာလို့ရှိရင် အတွင်းသားကိုကြည့်..
ခန္ဓာကိုယ်ကြီးရဲ့သဘာဝ မစင်ကြယ်တာတွေကို မြင်အောင်ကြည့်။

သုတ္တန်တစ်ခုမှာ ဟောထားတယ်..
ခန္ဓာကိုယ်ကြီးကို အတွင်းအပြင်များ လဲထားလိုက်မယ်ဆိုရင် တုတ်နဲ့ ကျီးတွေ မောင်းနေရမှာတဲ့..
အပေါ်ယံအရေပါးလေး ဖုံးထားလို့ ဟုတ်သလိုထင်နေတယ်။ အဲဒီအရေပါးလေးပေါ်မှာတောင် လှတဲ့အဝတ်အစားလေးတွေ ဆင်ထားတဲ့အတွက်ကြောင့် မျက်စိလည်နေကြတာတဲ့..ဟုတ်တာပေါ့။

မနက်အိပ်ရာထတာနဲ့ တစ်ပြိုင်နက်တည်း
ခန္ဓာကိုယ်ရဲ့ အညစ်အကြေးသုတ်သင်ရတာက နံပါတ်တစ်ပဲလေ။ မွှေးကြိုင်နေလို့ရှိရင် စုထားမှာပေါ့..မမွှေးကြိုင်လို့ စွန့်ပစ်နေကြရတာပဲ..
ခန္ဓာကိုယ်က ထွက်တာတွေက တင့်တယ်တာတို့
မွှေးကြိုင်တာတို့ တစ်ခုမှ မရှိဘူး..အကုန်ပစ်နေရတာပဲ။ အဲဒါတွေကို စဉ်းစားတွေးခေါ်လိုက်လို့ရှိရင်
လောဘဆိုတာ ဖြစ်လာစရာအကြောင်းမရှိဘူး..

ဒါကြောင့်မို့ တဏှာရာဂတွေ အားနည်းသွားအောင် (သို့)တဏှာရာဂကို ဖယ်ရှားဖို့အတွက် အသုဘဘာဝနာကို အားထုတ်ပါ။
မတင့်တယ်တဲ့သဘောကို ဆင်ခြင်ပေးပါ..
ဆင်ခြင်တာဟာ ဓမ္မ practiseပဲ..
တင်ပလ္လင်ခွေပြီး လက်ကြီးယှက်ထိုင်နေမှ မဟုတ်ဘူးနော် ဘယ်လိုထိုင်ထိုင် မတင့်တယ်မတယ်အခြေအနေတွေ တစ်ခုစီတစ်ခုစီ ခန္ဓာကိုယ် ရဲ့(၃၂) ကောဋ္ဌာသကိုကြည့်..တစ်ခုမှ သိမ်းထားစရာမရှိဘူး..

ကိုယ့်ဆံပင်ပဲ ခေါင်းနေတော့ ဟုတ်တုတ်တုတ်ရှိတယ်။ လှအောင် ပြင်ကြတယ်..ဆေးဆိုးကြတယ်..
အဲဒီဆံပင်ချည်လေးတမျှင်သာ ထမင်းပန်းကန်ထဲ ပါလာလို့ရှိရင် ရွံကြတယ်။လူတွေဟာ အံ့သြစရာတော့ကောင်းတယ်။ ဒီဆံပင်ပါပဲ..ခေါင်းပေါ်နေရင်တော့လည်း အကောင်းသား..
နေရာရွေ့သွားတာနဲ့ မလိုချင်ကြတော့ဘူး..

ကိုယ့်ရဲ့ပါးစပ်ထဲမှာ တံထွေးတွေရှိတယ်..
အပြင်မထွက်သေးသမျှ အကောင်းပဲ မြိုချနေကြတာ။အပြင်ထွက်တာနဲ့ တစ်ပြိုင်နက် အမယ်လေး ရွံတာ။ အဲဒီလိုပဲ အားလုံးဟာ အပြင်မထွက်သေးရင် အကောင်း။အပြင်ထွက်လိုက်တာနဲ့ တစ်ပြိုင်နက် ရွံစရာ။ ဒါကို ဆင်ခြင်တွေးတောတာကို အသုဘလို့ ပြောတာနော်..အသုဘဆိုရင် Funeralသွားပြီးတော့ အောက်မေ့မနေနဲ့..

အဲဒီတော့ အသုဘကို ဆင်ခြင်စဉ်းစားခြင်းဖြင့် ခန္ဓာကိုယ်ပေါ်မှာတွယ်တာတပ်မက်တဲ့ တဏှာလောဘကို ဖယ်ရှားပစ်နိုင်ပါတယ်..
အဲဒါဖယ်ရှားပစ်နိုင်မှ လောဘက လွတ်သွားမှာ..
လွတ်သွားမှ လွတ်မြောက်တဲ့စိတ်ဆိုတာ ရမှာ..
နို့မို့ဆိုရင် တွယ်နေမှာ..မလွတ်မြောက်နိုင်ဘူး..

           Dr.နန်ဒမာလာဘိဝံသ
(ပါချုပ်ဆရာတော်ဘုရားကြီး)

Credit...

❝ အနှိုင်းမဲ့ အလှူ ❞

❝ အနှိုင်းမဲ့ အလှူ ❞
🌺🌺🌺🌿🌺🌺🌺

မြတ်စွာဘုရားက
❝သဗ္ဗဒါနံ ဓမ္မဒါန ဇိနာတိ❞လို့ ဟောထားတာရှိတယ်။ ဓမ္မဒါန က ဘာဖြစ်လို့ ဒါနထဲမှာ အမြတ်ဆုံး ဖြစ်နေရသလဲ။ ဒါကို အလေးအနက် စဉ်းစားကြည့်။ 
   
ဥပမာ... ပစ္စည်းတစ်ခုခုကို လှူလိုက်လို့ထိုပစ္စည်းဝတ္ထုရတဲ့ ပုဂ္ဂိုလ်အတွက် အဲဒီပစ္စည်းကဘယ်လောက် အကျိုးပြုသလဲဆိုတာကို မူတည်ပြီး မြတ် မမြတ် ဆုံးဖြတ်ရတာဖြစ်တယ်။

ဆိုပါစို့။ ဒီ ဓမ္မဒါနက မြတ်တယ်ဆိုတာ ဓမ္မကိုလှူလိုက်သဖြင့် အဲဒီ ဓမ္မ ကို လက်ခံရရှိလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဘယ်လောက်အကျိုးများသွားလဲဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့ ဆုံးဖြတ်ရမယ်။ လှူတဲ့ပုဂ္ဂိုလ်နဲ့ မဟုတ်ဘူး။ ရတဲ့ပုဂ္ဂိုလ်နဲ့ ဆုံးဖြတ်ရမယ်။

ဥပမာ ဆွမ်းလှူတယ်၊ ဆွမ်းဆိုတာ အားလုံးသိတဲ့အတိုင်း 
တစ်မနက်စားပြီးရင် နေ့လည်ကျရင် စားဖို့လိုအပ်နေသေးတယ်။ မြန်မာတွေကတော့ ❛ထမင်းအသက် ခုနစ်ရက်❜ လို့ ပြောကြတယ်။ ဒါ မသေနိုင်တာကို ပြောတာနော်။ သို့သော် ထမင်းဆိုတာ လူတွေဘယ်နှစ်ထပ် စားနေကြသလဲ။ တစ်ထပ်တည်းနဲ့ ဘယ်သူမှ မဝဘူးနော်။ 
အနည်းဆုံး နှစ်ထပ်တော့ စားကြတာပဲ။ အဲဒီတော့ ထမင်းရဲ့ စောင့်ရှောက်မှုဟာ 
နေ့တစ်ဝက်ပဲခံတယ် ပြောရမှာပေါ့။ ထမင်းက တစ်ခါစားပြီးရင် လူကို နေ့တစ်ဝက်ပဲ 
အကျိုးပြုတယ်။ ဒီလိုအကျိုးပြုတဲ့ အတိုင်းအတာက အင်မတန်နည်းတယ်။

နောက်တစ်ခါ အဝတ်လှူတယ်။ အဝတ်ရဲ့ အကျိုးပြုမှုက ထမင်းထက်တော့ပိုတယ်။ သို့သော် သိပ်ပြီးတော့ ရေရှည်အကျိုးမပြုဘူး။ 
တစ်လ၊ နှစ်လ၊ သုံးလပေါ့နော်။ ကျောင်းအဆောက်အဦး လှူလိုက်တဲ့အခါကျတော့ 
နှစ်ပေါင်းများစွာ အကျိုးပြုတယ်။ ဒါကြောင့်မို့လို့ ကျောင်းအလှူကို မြတ်တယ်ပြောတာ။ ဘာဖြစ်လို့တုန်းဆိုတော့ အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ အကျိုးပြုတဲ့ အတိုင်းအတာ ကြီးထွားလို့ မြတ်တယ်ပြောတာ။

ဓမ္မဒါန တရားလှူတာက အလှူခံပုဂ္ဂိုလ်ကို 
ဘယ်လောက် အကျိုးပြုသလဲကြည့်။ ရှင်အဿဇိက ရှင်သာရိပုတ္တရာမထေရ်မြတ်ကို (ရှင်သာရိပုတ္တရာက အဲဒီတုန်းက ဥပတိဿပရဗိုဇ်ပေါ့။) တရားဓမ္မနဲ့ ရှင်းပြတယ်။ ဓမ္မဒါနပြုလိုက်တယ်။

❝ယေ ဓမ်မာ ဟတေုပ်ပဘဝါ၊ 
   တေသံ ဟေတုံတထာဂတော အာဟ❞။ 
   အကြောင်းကြောင့်ဖြစ်တဲ့ တရားတွေ၊ အကျိုးတရားတွေရဲ့ အကြောင်းတရားတွေကို မြတ်စွာဘုရားက ဟောပါတယ်လို့ ရှင်းပြောလိုက်တာ။ 

တရားနာလိုက်ရတဲ့ ဥပတိဿပရဗိုဇ် (ရှင်သာရိပုတ္တရာ) ဟာ ဘယ်လောက် အကျိုးရသွား တုန်းဆိုရင် … သောတာပန် .. ဖြစ်သွားတယ်လေ။

   ရှင်အဿဇိ က ဓမ္မဒါနတရားအလှူ လှူလိုက်တဲ့ပုဂ္ဂိုလ်။သူ့မှာ ဘယ်လောက် အကျိုးပြုမှာတုန်း။ ရဟန္တာဖြစ်နေပြီလေ။ သို့သော် အဲဒီတရားကို နာယူလိုက်ရတဲ့ ဥပတိဿပရဗိုဇ် ကသောတာပန်ဖြစ်သွားတယ်ဆိုတော့ နည်းတဲ့အကျိုးလား။ အဲဒီတော့ လှူတဲ့ ပုဂ္ဂိုလ်အတွက်ရရှိတဲ့အကျိုးထက် ယူတဲ့ပုဂ္ဂိုလ်အတွက် ရရှိတဲ့အကျိုးက ပိုများတာဖြစ်လို့ ပိုပြီးမြတ်တယ်လို့ ဒီလိုမှတ်ရမယ်။ 

   ဒါကြောင့် ❛သဗ္ဗဒါနံ ဓမ္မဒါန ဇိနာတိ❜ လို့ ဟောတာဖြစ်တယ်။

🙏🏻ပါချုပ်ဆရာတော် (ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

📚မဟာဒါန တရားတော်မှကောက်နုတ်မျှဝေပူဇော်ပါသည်။

Credit..

Sunday, September 18, 2022

အနံ့မပျောက်စေနဲ့..

အနံ့မပျောက်စေနဲ့
🌿🌿🟡🌿🌿
~~~~~~~~~

ဒီအနံ့က အလွန် အရေးကြီးတဲ့သူတော်ကောင်းတို့ ရနံ့၊ ၃မျိုးရှိပါတယ် သူတော်ကောင်းရနံ့က၊

(၁)ဘုရားတရားသံဃာ ရတနာ မြတ် ၃ပါးကို စွဲစွဲမြဲမြဲဆည်း ကပ်ခြင်းဆိုတဲ့သရဏဂုံရနံ့၊

(၂) ငါးပါးသီလကို လုံခြုံအောငျ စောင့်ထိန်းခြင်း- သီလရနံ့၊

(၃)ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မှုထဲကဝန်တိုမှု ကင်းရှင်းစွာနဲ့ ခွဲဝေ လှူဒါန်းခြင်း- ဆိုတဲ့စာဂရနံ့၊

ဒီ"သူတော်ကောင်းရနံ့တွေ" ဟာလူ့ပြည်မှာမက 
နတ်ပြည်ဗြဟ္မာ့ပြည်ထိ သင်းပျံ့နိုင်တယ်၊ 
ဒီရနံ့ ၃ မျိုး ရှိနေတဲ့ သူတော်ကောင်းကို 
နတ်ဗြဟ္မာတွေကိုယ်တိုင်က အသိအမှတ်ပြုပြီးချီးမွှမ်းကြတဲ့အကြောင်း-အရှင်အာနန္ဒာအား
ဘုရားရှင် အမိန့်တော်ရှိခဲ့တယ်။

ဒါ့ကြောင့် -သူတော်ကောင်းရနံ့မပျောက်ဖို့ 
အရေးကြီးလှတယ်၊ဒီရနံ့တွေကိုယ့်မှာရှိနေရင် အနံ့မပျောက်ပါဘူး။

၁၇-၉-၂၀၂၀

အရှင်ဝရုဏာဘိဝံသ

Credit. .

ကုသိုလ်ဘယ်လောက်စွမ်းသလဲသိချင်ရင်

ကုသိုလ်ဘယ်လောက်စွမ်းသလဲသိချင်ရင်🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ဒါန၊
သီလ၊
ဘာဝနာဆိုတဲ့
ကောင်းမှုသုံးမျိုးကို
အချုပ်အားဖြင့်ကုသိုလ်လို့
ခေါ်ကြပါတယ်။

လူ့‌တွေနဲ့နတ်တွက 
သုဂတိဘုံသား
တွေဖြစ်ကြလို့ 
အချို့အရာတွေမှာ
ဆက်နွယ်မှု‌တွေရှိနေတာကို
စာပေကျမ်းဂန်တွေမှာ တွေ့ရပါတယ်။

ဘယ်လိုတွေ
တွေ့ရသလဲဆိုတော့
နတ်တွေဟာ
နေ့စဉ် 
အစည်းအဝေးလုပ်တဲ့အခါ
လူ့ပြည်မှာ 
လူတွေ 
ဘာတွေလုပ်လဲဆိုတာ
မိမိရဲ့ကိုယ်စောင့်နတ်က တင်ပြပေးရတယ် ။

အဲထဲမှာ 
ကုသိုလ်တကာ့ 
ကုသိုလ်ထဲတွင်
အမြင့်ဆုံးဖြစ်သော 
ဝိပဿနာကျင့်ကြံ့အားထုတ်သူကို
မြေစောင့်နတ် 
ရေစောင့်နတ် 
တောစောင့်နတ်
နတ်အမျိူးမျိူးက 
အင်မတန်စောင့် ရှောက်ပေးရတယ်။

စောင့် ရှောက်.မပေးရင် 
အထက်ကနတ်မင်းကြီးတွေက 
အပြစ်ပေး ဒဏ်ခံရတယ်။

အရင်ကလည်းပြောဖူးတယ် 
မနက်ဖြန်မှာ
ကမ္ဘာကြီးနဲ့ ဂြိုလ်တခုခုဝင်တိုက်ပြီး ပျက်စီးမယ်ဆိုပါစို့...

လူတယောက်ယောက်ကများ 
အရိယာပုဂ္ဂိုလ်ဖြစ်ရမယ်ဟု
တရားတွေကျင့်ကြံ့နေရင် 
ကမ္ဘာပျက်မဲ့နေ့ကို
နတ်တွေဗြဟ္မာတွေက 
ရက်ရွေ့ပေးရတယ်။
အဲလူဟာ အရိယာဖြစ်မှပဲ 
ကမ္ဘာကြီးက ပျက်ပေးရတယ်။

ဘုရားရှင်ခေတ်တုန်းကလည်း 
သံဃာတပါးက ဝိပဿနာအားထုတ်နေရင်း 
မကြာခင် ရဟန္တာဖြစ်တော့မယ့်
အချိန်အခါဖြစ်လေသည်။

 မွန်းလွဲပြီးမှ ရဟန္တာဖြစ်ရင်
ဆွမ်းမစားလိုက်ရမှာဆိုးလို့ 
နေနတ်သားကြီးကနေကို 
ရပ်တန့်ပေးထားပြီး 
ရဟန္တာဖြစ်မှပဲ မွန်းလွဲပေးရတဲ့အထိ့ စောင့်ရှောက်ပေးကြတယ်။

ယနေ့ခေတ်မှာလည်း 
တကယ်တရားကျင့်နေတဲ့
မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုရင်နတ်သားနတ်သမီးတွေက လာလာဖူးကြသတဲ့။

အရိယာပုဂ္ဂိုလ်
ဖြစ်မဖြစ်ကို အသာထားဦး
ဝိပဿနာတကယ်ကျင့်နေလျင်ပင်
သင့်အနီးအနားမှရှိတဲ့ 
ဘုမ်မစိုး ရုက်ခစိုး
ရွာစောင့်နတ်တွေ 
နယ်စောင့်နတ် 
နတ်အမျိုးမျိုးတွေကသင့်ကို 
စောင့်ရှောက် ကယ်တင်ပေးရတယ်။
သင်ဒုက္ခရောက်ရင် လာကူညီပေးရတယ်။

အခြားကုသိုလ်တွေ လုပ်ရင်လည်း 
စောင့်ရှောက်ပါတယ်။ 
သို့သော် 
သင်ဟာ 
နတ်တွေကို အမျှပေးဝေဦးမှ
အမျှဝေလည်း နတ်တွေဟာ 
သာဓုခေါ်နိုင်ဦးမှဖြစ်သည်။

နတ်တပါးက ကြားရင် 
သင့်ကို တပါး စောင့်ရှောက်.မယ်
သို့သော် အဲ့နတ်က 
သင်ဘယ်သွားသွား
အမြဲတမ်းတော့ စောင့်ရှောက်နိုင်မှာ မဟုတ်။

ဝိပဿနာအားထုတ်သူကြတော့ 
တလောက လုံးမှာရှိတဲ့နတ်တွေက 
သင်ဘယ်သွားသွား 
စောင့်ရှောက်ပေးရတယ်။

သင်မနောစိတ်က 
ဘာလိုချင်လဲ 
ဥပမာ
အစားအစာဖို့ 
အခက်အခဲဖြစ်နေလျင်ပင်
နတ်တွေက 
လူရောင်ဖန်ဆင်းပြီး
ဆွမ်းလာကပ်တဲ့အထိ 
အင်မတန်စောင့်ရှောက်ကြတယ်
ဒါကြောင့်
ကုသိုလ်ဘယ်လောက်စွမ်းသလဲ
သိချင်ရင်မိမိတို့ကိုယ်တိုင်
လုပ်ကြည့်စေလိုပါတယ်။

 (ပါမောက္ခချုပ်ဆရာတော်၏ တရားတော်များမှ)

Credit...

လမ်းခွဲခြင်းမှာ ဝမ်းမနည်းပါနဲ့

လမ်းခွဲခြင်းမှာ ဝမ်းမနည်းပါနဲ့
********~~~~~~~~~*********

တစ်နေ့နေ့ တစ်ချိန်ချိန်မှာလူတိုင်းဟာ ပြန်မဆုံနိုင်တဲ့လမ်းခွဲခြင်းမျိုးနဲ့ အပြီးပိုင် လမ်းခွဲကြရမှာပါ။

ထားသွားသူနဲ့ ကျန်ရစ်သူ..
သံယောဇဉ်ကြီးတဲ့သူဟာ ပိုခံစားရတတ်ပါတယ်။
ကိုယ်က မထားခဲ့ရင်တောင် သူက ထားသွားမှာပါ။
သူက မထားခဲ့ရင်တောင် ကိုယ်က ထားသွားရမှာပါ။

ဘဝဆိုတာ ဒီလိုပါပဲ ။ မျှော်လင့်မထားတဲ့  
ကံကြမ္မာတွေကဆိုင်းမဆင့်ဗုံမဆင့် ကိုယ့်ထံကို
ရောက်လာတတ်တယ်။

ဝမ်းသာခြင်းတွေ ရောက်လာတတ်သလို
ဝမ်းနည်းခြင်းတွေလဲ ရောက်လာတတ်တာမို့
လောကဓံကို ကြံ့ကြံ့ခိုင်ပြီး တွန်းလှန်နိုင်ဖို့ ခွန်အားတွေ မွေးဖွားထားပါ။

ချစ်တဲ့သူနဲ့လည်း ခွဲရမယ် ။
မုန်းတဲ့သူနဲ့လည်း ခွဲရမယ်။
ခွဲခွါခြင်းဟာ ဘယ်လိုမျိုးပဲဖြစ်ဖြစ်
ပူလောင်ကြရမှာပါ။

ထင်မှတ်မထားတဲ့ ကံကြမ္မာကမျှော်လင့် မထားတဲ့အချိန်မှာဝင်ရောက်လာရင် ပိုပြီးဝမ်းနည်းရတတ်တာမို့ လောကဓံကို ခံနိုင်ရည်ရှိအောင်
ကြိုးစားပြီးနေပါ။

     အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

စိတ်ကလေးကောင်းနေဖို့လိုတယ်..

"စိတ်ကလေးကောင်းနေဖို့ လိုတယ်"
------------------

ကျန်တာတွေကမကောင်းဘူး။
ကျန်တာတွေကမတည့်ဘူးဆိုရင် ကိုယ်တည့်ရမှာက ဘာတုံးဆို တရားဓမ္မနဲ့တော့ တည့်အောင်နေရမယ်။

မျက်စိမကောင်းချင်နေ၊ခါးမကောင်းချင်နေ။ နားမကောင်းချင်နေ၊ကျောက်ကပ်မကောင်းချင်နေ၊ နှလုံးမကောင်းချင်နေ၊ အသည်းမကောင်းချင်နေဘာကောင်းရမလဲ ။
စိတ်ကလေးကောင်းနေဖို့လိုတယ်။

ဒီစိတ်ကလေးကောင်းနေအောင် 
ဘုရားအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်တဲ့သဒ္ဓါ  
တရားလေး ကောင်းနေဖို့လိုတယ်။
.
အဲဒီသဒ္ဓါတရားလေးကောင်းနေလို့ရှိရင် 
ကျန်တာတွေက ပစ်ထားခဲ့ရမှာပဲ။
ကောင်းလည်း ပစ်ရတာပဲ။
မကောင်းလည်းပစ်ရတာပဲ။

ခန္ဓာကိုယ်ကြီးဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့
သေသွားတဲ့သူလည်း ကောင်းတုန်းပစ်ခဲ့ရတာပဲ။

အသက်ကြီးမှသေသွားတဲ့သူက မကောင်းလို့။
မကောင်းလို့ပစ်ခဲ့တယ်ဆိုပေမယ့် 
အသက်ငယ်တဲ့သူလည်း ကောင်းတုန်းပစ်ထားခဲ့ရတာပဲ။

ဒီတော့ကိုယ်သတိထားရမှာက 
အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာ
ဘာလဲဆိုရင်ကိုယ့်ရဲ့စိတ်ဓာတ်ပဲ။ 

မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီးနေထားတဲ့စိတ်ဟာ ဘယ်တော့မှအောက်ကိုမရောက်စေဘူး။ ။

 ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Credit...

ထူးခြားလှသောရတနာမဉ္ဇူရုပ်ပွားတော်မြတ်

အမှတ်စဥ် ( ၃၁၈)
============
🌹 ထူးခြားလှသောရတနာမဉ္ဇူရုပ်ပွားတော်မြတ်🌹
      🫧🫧🫧🫧🫧🫧🫧🫧🫧🫧

🌿 အလွန်ထူးခြားလှသည့် ရတနာမဉ္ဇူရုပ်ပွားတော်
     မြတ်သည် မကွေးတိုင်း၊စလင်းမြို့ရှိ လက်ပံပင်
     ကျောင်းတိုက်တွင် ကိန်း၀ပ်စံပ္ပါယ်တော်မူပါသည်။

🌿ရှေးဟောင်းဘုရားတစ်ဆူဖြစ်ပြီး အလောင်းစည်သူ
     မင်း လက်ထက်မှစ၍ ပူဇော်ကိုးကွယ်ခဲ့ပါသော
     သရက္ခန်ဘုရားငါးဆူတွင် တဆူအပါအ၀င်လည်း
     ဖြစ်၍ အညာသီဟတောဘုရားနှင့်ညီအကိုဆင်းတု
     တော်များလည်း ဖြစ်ပါသည်။
     
  🌿 ထူးခြားသောဆင်းတုတော်ဟု လူသိများလာ
     ရခြင်းအကြောင်းရင်းမှာ...ရတနာမဉ္ဇူဘုရားမြတ်
     ကိန်း၀ပ်စံပ္ပါယ်တော်မူရာ စံကျောင်းဆောင်( ထို
    အရပ်အခေါ် စာတိုက်)တခုလုံးကို မီးလောင်ခဲ့လေ
    ရာ ကျောင်းထိုင်ဆရာတော်မှစ၍ တမြို့လုံးလိုလို
    ယူကြုံးမရ၊ပူဆွေးသောက ရောက်ခဲ့ကြရရှာလေ
    သည်။

🌿 မိီးလောင်ပြိး ရက်အနည်းငယ်အကြာတွင်.....
     " မာလာရှင်ကျော် ပေပင်ပေါ်မှ အမြန်ချလော့" ဟု
      ကျောင်းထိုင်ဆရာတော်ကို အိပ်မက်‌ပေးလေရာ
      ၎င်းအိပ်မက်ချည်း ခနခနမက်ပါများလာသော်
      ဆရာတော်လည်း ထူးခြားသည်ဟုမှတ်ယူကာ
      ကျောင်းသားများအား ပေပင်ပေါ်တက်ကြည့်ခိုင်း
      လိုက်လေသည်။

🌿 ထိုအခါ အလွန်အံ့ဩဖွယ်ရာပင် ပေပင်ပေါ်တွင်
     စံပ္ပါယ်နေပါသော မီးသင့်သွားပြီဟု ထင်မှတ်နေကြ
     သည့် ရတနာမဉ္ဇူရုပ်ပွားတော်မြတ်ကို တွေ့လိုက်
     ရခြင်းပင်ဖြစ်ပါသည်။

🌿 ထိုအချိန်မှစ၍ စံကျောင်းမီးလောင်သဖြင့် ပေပင်ပေါ်သို့ကြွသွားသောဘုရားဟု လူသိများထင်ရှားလာခဲ့ပြီး တန်ခိုးကြီးကြောင်းသိသွားသောအခါ
     ကြည်ညိုသူပို၍ များပြားလာပါတော့သည်။

🌿 ကြည်ညိုဖွယ်ရာ၏ဓမ္မမိတ်ဆွေအပေါင်းတို့လည်း မကွေးတိုင်း၊စလင်းမြို့သို့ တခါတခေါက်အလည်ရောက်ရှိခဲ့ပါလျှင် ထူးခြားလွန်းလှသည့် "ရတနာမဉ္ဇူ"ရုပ်ပွားတော််မြတ်အား ၀င်ရောက်ဖူးမြော်နိူင်ကြပါ‌စေရန် အကျိုးမျှော်ရေးသားအပ်ပါသည်။

🙏အားလုံးသော(၇)ရက်သားသမီးအပေါင်း ဘေးရန်ကင်းရှင်း၊ ကျန်ုးမာခြင်း ရှိကြပါစေ။🙏 

🌹🌿🌹🌿🌹🌿🌹🌿
သစ္စာရှင်
မြတ်ဗုဒ္ဓ ၏ သာသနာ page
ပြန်လည်မျှဝေပေးပါ၏။ 
🌹🌿🌹🌿🌹🌿🌹

Crd..Zaw Myo/ကြည်ညိုဖွယ်ရာစေတီပုထိုးများ..

Saturday, September 17, 2022

နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင် "

" နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင် "

ဗုဒ္ဓဘာသာရဲ့သူများနဲ့မတူတဲ့ 
အားသာချက်က သစ္စာလေးပါးပါပဲ၊သူများနဲ့မတူတဲ့ အသိက မဂ်ဉာဏ်၊
သူများနဲ့မတူတဲ့ ချမ်းသာက နိဗ္ဗာန်ချမ်းသာ၊
အဲဒီနှစ်ခုသည် အားလုံးထက်
သာလွန်နေတာဖြစ်တဲ့အတွက်
လောကုတ္တရာလို့ ခေါ်တယ်။

ဒါကြောင့်
မဂ္ဂသစ္စာနဲ့ နိယောဓသစ္စာသည်
လောကုတ္တရာ သစ္စာ၊
အဲဒီ လောကုတ္တရာသစ္စာရအောင်
လောကီသစ္စာဖြစ်တဲ့
ဒုက္ခသစ္စာကို မြင်အောင်ကြည့်ရမယ်။

သမုဒယသစ္စာကို
နည်းအောင်၊ပါးအောင်၊ကျဲအောင်
တတ်နိုင်ရင် လုံးဝ ကင်းစင်သွားအောင်
ကြိုးစားရမယ်နော်၊

ကိလေသာ မသတ်ပဲနဲ့တော့
ဘယ်နည်းနဲ့မှ နိဗ္ဗာန်ကို.မမြင်ဘူးဆိုတာ
ကျန်းသေမှတ်လိုက်ပါ။

နိဗ္ဗာန်လည်း လိုချင်သေးတယ်၊
ကိလေသာလည်း မလျှော့ဘူးဆိုရင်
ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး၊

ဒါကြောင့် နိဗ္ဗာန်ရချင်တယ်ဆိုရင်
ကိလေသာတွေ လျှော့ပေး၊
ကိလေသာတိုးပွားကြောင်း
အတွေးတွေ မတွေးနဲ့၊
ကိလေသာတိုးပွားကြောင်း
စကားတွေ မပြောနဲ့။

ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးလုံး
ကိလေသာတွေ လျော့သွားမယ်ဆိုရင်
နိဗ္ဗာန်က သူ့အလိုလို မြင်လာလိမ့်မယ်၊
အဲဒီလို ကိလေသာတွေ လျော့သွားအောင်
ဘာနဲ့ကြိုးစားမှာလဲ?
မဂ်ဉာဏ်နဲ့ကြိုးစားပါ၊

အဲဒါဆို မိမိတို့ လိုလားတောင့်တတဲ့
နိဗ္ဗာန်ချမ်းသာကို ဧကန်မုချ
ရောက်ပါလိမ့်မယ်လို့
သဘောပေါက်လိုက်ကြ။

* ကျိူ က္ကလော့ဆရာတော်
   ဒေါက်တာ ဘဒ္ဒန ္တစန္ဒာဝရာဘိဝံသ
               🙏🙏🙏

Credit..

"စိတ်အပေါက်ကြီးလုံအောင်ဖါ"

"စိတ်အပေါက်ကြီးလုံအောင်ဖါ"
        ****************    
အရာရာမှာ~စူးစိုက်ကာ~ 
ကောင်းစွာ ငြိမ်းအေးစေ။

 စွဲမြဲသတိ~ သမာဓိ~
အသိခိုင် မာစေ။

စိတ်တွေပေါက်တာ~လုံအောင်
ဖါ~
စုတ်တာကိုလဲချုပ်စပ်ပေ။

ရှိတာကိုရှု~သိအောင်ပြု~
ကောင်းမှုပိုင်ပါစေ။

ကုန်ဆုံးသွားလျှင်~ အသိဝင်~
 စွမ်းအင်ရလဒ်ကျန်ပါစေ။

အေးမြရွှင်ပြုံး~လူ့နှလုံး~ 
ကျင့်ထုံးစနစ်တွေ။

      **************

 တိပိဋကဓရဆရာယောဆရာ
         တော်ဘုရားကြီး

Credit..

အချိန်ရတုန်း ကုသိုလ်ပြုပါ

အချိန်ရတုန်း ကုသိုလ်ပြုပါ
🎆🎆🎆🎆🎆🎆🎆🎆

ကိုယ့်ရဲ့ စိတ်ကို
ကောင်းတဲ့အလုပ်တွေမှာ
အထုံပါအောင်
လေ့ကျင့်ပေးထားပါ။

ဘယ်အရွယ်ကျမှ
ကုသိုလ်ကောင်းမှု ပြုမယ်လို့
စိတ်ကူးထားတာဟာ
ဘယ်လိုမှ မသေချာနိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုရင်
အချိန်မရွေး သေနိုင်လို့ပါ။

နောက်ပြီးတော့
အစကမှ မကောင်းခဲ့ဘူးဆိုရင်

အဆုံးဟာလည်း
ကောင်းစွာနေဖို့ မလွယ်ကူနိုင်ပါဘူး။

ဒါကြောင့်...
တစ်နေ့ နည်းနည်းချင်းလေး
ကုသိုလ်ကို
ပြုလုပ်သွားဖို့ လိုပါတယ်။

မကောင်းတာတွေနဲ့ အနေများခဲ့ရင်
စိတ်ဟာ ဆုံးမရခက်နိုင်တာမို့

အချိန်အရွယ်ကောင်း ရှိတုန်းလေး
ကုသိုလ်ကောင်းမှုဘက်မှာ
ကျက်စားနိုင်အောင် ကြိုးစားပါ။

Credit.

Wednesday, September 14, 2022

ပဋိစ္စသမုပ္ပါဒ် လည်ပုံပြတ်ပုံ

၁။ မူလနှစ်ဖြာ
(၁) အဝိဇ္ဇာ - သစ္စာမသိမှု၊
(၂) တဏှာ - လိုချင် နှစ်သက်မှု၊

၂။ သစ္စာနှစ်ခု
(၁) သမုဒယသစ္စာ - စွဲလန်းကြောင်း အမှန်၊
(၂) ဒုက္ခသစ္စာ - စက်ဆုတ်စရာ၊ အသုံးမကျကြောင်း အမှန်

၃။ လေးခုအလွှာ
(၁) အတိတ်အကြောင်း - ယခင်က ပြုခဲ့သော ကံ
(၂) ပစ္စုပ္ပန်အကျိုး - ယခု ရရှိနေသော ဘဝ
(၃) ပစ္စုပ္ပန်အကြောင်း - ယခု အသစ်ထပ်မံပြုလုပ်သောကံ
(၄) အနာဂတ်အကျိုး - နောင်တစ်ချိန်တွင်ရရှိမည့် ဘဝ

၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး
(၁) အဝိဇ္ဇာ - သစ္စာမသိမှု
(၂) သင်္ခါရ - ပြုလုပ်ခြင်း (ကာယသင်္ခါယ၊ ဝဇီသင်္ခါယ၊ စိတ္တသင်္ခါယ) (အတိတ်ကံ)
(၃) ဝိဥာဏ် - မြင်စိတ်၊ ကြားစိတ်၊ စသော ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ 
  (တစ်နည်း) ပဋိသန္ဓေ စိတ်။
(၄) နာမ်ရုပ် - နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသောနာမ်(ဓါတ်-၈ပါး/ နဝကလာပ်-၉ပါး)၊ 
  (နာမ်တရားဆိုတာ စေတသိတ်တွေ (ဝိဥာဏ်နဲ့ တွဲဖြစ်တယ်)
  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး)(ရုပ်တရားဆိုတာ နာမ်တရားတွေ မှီတွယ်ဖို့)
(၅) သဠာယတန - မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။
(၆) ဖဿ - မျက်စိနှင့် အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊ စသော 
  အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။
(၇) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 
  သောမနဿ၊ ဒေါမနဿ စသော ခံစားချက်များ။
(၈) တဏှာ - လိုချင် နှစ်သက်မှု
(၉) ဥပါဒါန် - စွဲလန်းမှု (ကြွက်ကလေးကို ကြောင်က မလွတ်တမ်း ကိုက်ထားတဲ့သဘော)
(၁၀) ကမ္ပဘဝ - စေတသိတ်တို့၏ တိုက်တွန်းမှုကြောင့် ပြုလုပ် အားထုတ်ခြင်း
(၁၁) ဇာတိ(ဥပ္ပတ္တိဘဝ) - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 
(ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။ (တစ်နည်း)   
 ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ကွဲပြားရသော ဘဝများ )
(၁၂) ဇရာ၊ မရဏ - အိုမင်းလာခြင်း။ သေဆုံးခြင်း။

၅။ သုံးပါးအစပ်
(၁) သင်္ခါရ နှင့် ဝိညာဏ် - အတိတ်ကပြုခဲ့သော ကံသင်္ခါရကြောင့် ယခုရရှိထားသော ဝိဥာဏ် ဖြစ်ရသည်။
(၂) ဝေဒနာ နှင့် တဏှာ - ယခုရရှိထားသော ဝေဒနာအပေါ်၌ နှစ်သက်စွဲလန်းမှု ဖြစ်ရသည်။
(၃) ကမ္မဘဝ နှင့် ဇာတိ - ယခုပြုလုပ်သော ကံကြောင့် နောင်အခါ ရရှိမည့် ဘဝ၏အစ။

၆။ ဝဋ် သုံးဝနှင့်
(၁) ကမ္မဝဋ်(၂)ပါး - အကြောင်းပြုလုပ်ခြင်းကြောင့် သံသရာ၌ လှည့်ပတ်ရခြင်း။
(က) သင်္ခါရ - အတိတ်ကပြုလုပ် ခဲ့သော ကုသိုလ်၊ အကုသိုလ်။
(ခ) ကမ္မဘဝ - ယခုကြုံတွေ့ရသော လောကဓံများအပေါ်တွင် ပြန်လည်တုံ့ပြန်သော ကုသိုလ်၊ အကုသိုလ်။
(၂) ဝိပါကဝဋ် (၈)ပါး - အကျိုးရရှိခံစား ရင်း သံသရာ၌လှည့်ပတ်ခြင်း။
(က) ဝိညာဏ် - အတိတ်ကံကြောင့်အာရုံဒွါရ တိုက်ခြင်းမှ ရရှိသော မြင်စိတ်၊ ကြားစိတ်၊ စသော 
  ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ (တစ်နည်း) ပရိသန္ဓေ စိတ်။
(ခ) နာမ်ရုပ် - အတိတ်ကံကြောင့် ရရှိသော -
  နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသော နာမ်(ဓါတ်-၈ပါး)၊ 
  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး+ နဝကလာပ်= ၉ပါး)
(ဂ) သဠာယတန - အတိတ်ကံကြောင့် ရရှိသော မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။
(ဃ) ဖဿ - အတိတ်ကံကြောင့် ရရှိသော မျက်စိနှင့်အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊စသော 
   အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။
(င) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 
   သောမနဿ၊ ဒေါမနဿ စသော ခံစားချက်များ။
(စ) ဇာတိ - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 
(ဆ) ဥပ္ပတ္တိဘဝ - ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။
(ဇ) ဇရာ ၊ မရဏ - အိုမင်းလာခြင်း၊ သေဆုံးခြင်း။
(၃)ကိလေသဝဋ်(၃)ပါး
(စ) တဏှာ - နှစ်သက်မှု၊ လိုချင်မှု
(ဆ) ဥပါဒါန် - စွဲလန်းမှု
(ဇ) အဝိဇ္ဖာ - မသိမှု

၇။ ကာလ(၃)ဖြာ
(၁) လွန်လေပြီးသော အတိတ်ကာလ 
(၂) ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ
(၃) နောက်ဖြစ်လတ္တံ့သော အနာဂါတ်ကာလ

၈။ ခြင်းရာ နှစ်ဆယ်
အတိတ်အကြောင်းချင်းရာ(၅)ပါး
(က) အဝိဇၨာ 
(ခ) သခၤါရ 
(ဂ) တဏှာ 
(ဃ) ဥပါဒါန်
(င) ဘဝ
ပစ္စုပ္ပန်အကျိုးခြင်းရာ(၅)ပါး
(က) ဝိညာဏ် 
(ခ) နာမ်ရုပ်
(ဂ) သဠာယတန 
(ဃ) ဖႆ 
(င) ဝေဒနာ
ပစ္စုပ္ပန်အကြောင်းအခြင်းအရာ (၅)ပါး
(က) တဏှာ
(ခ) ဥပါဒါန် 
(ဂ)ကမ္မ္ပဘဝ
(ဃ) အဝိဇၨာ 
(င) သင်္ခါရ
အနာဂါတ်အကျိုးအခြင်းအရာ(၅)ပါး
(က) ဝိညာဏ် 
(ခ) နာမ်ရုပ်
(ဂ) သဠာယတန 
(ဃ) ဖႆ 
(င) ဝေဒနာ

အဝိဇ္ဇာနှင့် တဏှာ အရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး ၊ မျိုးမှအပင်၊ 
အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့် ကံ၊ အဖန်ဖန် ဖြစ်ပြန်နည်း အလျှော်၊ ဗြဟ္မာ - သိကြား စသည်များက ထင်ရှားပြုပြင် ၊စီရင် ဖန်ဆင်း၊ အကြောင်းရင်းကြောင့် လူနတ် များစွာ ၊ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်ဟု ဥာဏ်ဖြင့် ရှု ၍မျှော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဝိဘင်္ဂသုတ် "
🌻🌻🌻🌻🌻

မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားတော်။

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ သင်တို့အား အကြောင်းကြောင့် ဖြစ်သော ‘ပဋိစ္စသမုပ္ပါဒ်’ တရားကို ခွဲခြားဝေဖန်၍ ဟောကြားအံ့၊ ထိုပဋိစ္စသမုပ္ပါဒ်တရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏။ ”ကောင်းပါပြီ အသျှင်ဘုရား”ဟူ၍ ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရား စကားကို ဟောတော်မူ၏-

ရဟန်းတို့ ‘ပဋိစ္စသမုပ္ပါဒ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏၊ သိမှု ‘ဝိညာဏ်’ အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ ခြောက်ပါး ဖြစ်ရ၏၊ တည်ရာ ‘အာယတန’ခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်ရ၏၊ တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ရ၏၊ ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ရ၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်ရ၏၊ ဇာတိ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ ဖြစ်ကြရကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။

ရဟန်းတို့ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ အိုမင်းခြင်း အိုမင်းသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ယုတ်လျော့ခြင်း ဣနြေ္ဒတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုမှု ‘ဇရာ’ဟု ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင့်းသေခြင်း ဘဝအဆုံးပြုခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော ဤသဘောတရား ကို သေမှု ‘မရဏ’ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤကား အိုမှု ‘ဇရာ’တည်း၊ ဤကား သေမှု ‘မရဏ’တည်း၊ ရဟန်းတို့ ဤသဘောတရားကို ”ဇရာမရဏ”ဟု ဆိုအပ်၏။

ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ ဖြစ်ပေါ် လာခြင်း အပြည့်အစုံဖြစ်ပေါ်လာခြင်း အမိဝမ်းသို့ ဝင်ရောက်ခြင်း ထင်ရှားဖြစ်ပေါ်ခြင်း ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း တည်ရာအာယတနတို့ကို ရခြင်းဟူသော ဤသဘောတရားကို ”ဇာတိ”ဟု ဆိုအပ်၏။

ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ဘဝတို့သည် ကာမဘဝ, ရူပဘဝ, အရူပဘဝ ဤသုံးပါးတို့တည်း။ ဤတရားသုံးပါးကို ”ဘဝ”ဟု ဆိုအပ်၏။

ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’တို့သည် ကာမတို့ကို ပြင်းစွာ စွဲလမ်းမှု ကာမုပါဒါန်၊ အယူကို ပြင်းစွာ စွဲလမ်းမှု ဒိဋ္ဌုပါဒါန်၊ အလေ့ အကျင့်ကို ပြင်းစွာ စွဲလမ်းမှု သီလဗ္ဗတုပါဒါန်၊ အတ္တကို ပြင်းစွာ စွဲလမ်းမှု အတ္တဝါဒုပါဒါန် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤတရားလေးပါးကို ပြင်းစွာ စွဲလမ်းမှု ”ဥပါဒါန်”ဟု ဆိုအပ်၏။

ရဟန်းတို့ တပ်မက်မှု ”တဏှာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ တဏှာအပေါင်းတို့သည် အဆင်းကို တပ်မက်မှု ရူပတဏှာ၊ အသံကို တပ်မက်မှု သဒ္ဒတဏှာ၊ အနံ့ကို တပ်မက်မှု ဂန္ဓတဏှာ၊ အရသာကို တပ်မက်မှု ရသတဏှာ၊ အတွေ့ကို တပ်မက်မှု ဖောဋ္ဌဗ္ဗတဏှာ၊ သဘောကို တပ်မက်မှု ဓမ္မတဏှာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တပ်မက်မှု ”တဏှာ”ဟု ဆိုအပ်၏။

ရဟန်းတို့ ခံစားမှု ”ဝေဒနာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် မျက်စိ အတွေ့ကြောင့်ဖြစ်သော ခံစားမှု စက္ခုသမ္ဖဿဇာဝေဒနာ၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု သောတ သမ္ဖဿဇာဝေဒနာ၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ဃာနသမ္ဖဿဇာဝေဒနာ၊ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားမှု ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ကာယသမ္ဖဿဇာဝေဒနာ၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု မနောသမ္ဖဿဇာဝေဒနာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤ တရားခြောက်ပါးကို ခံစားမှု ”ဝေဒနာ”ဟု ဆိုအပ်၏။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဖဿအပေါင်းတို့သည် မျက်စိဖြင့် တွေ့ထိမှု စက္ခုသမ္ဖဿ၊ နားဖြင့် တွေ့ထိမှု သောတသမ္ဖဿ၊ နှာခေါင်းဖြင့် တွေ့ထိမှု ဃာနသမ္ဖဿ၊ လျှာဖြင့် တွေ့ထိမှု ဇိဝှါသမ္ဖဿ၊ ကိုယ်ဖြင့် တွေ့ထိမှု ကာယသမ္ဖဿ၊ စိတ်ဖြင့် တွေ့ထိမှု မနောသမ္ဖဿ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို ထိတွေ့မှု ”ဖဿ”ဟု ဆိုအပ်၏။

ရဟန်းတို့ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ဟူသည် အဘယ်နည်း။ မျက်စိ ဟူသော တည်ရာ စက္ခာယတန၊ နားဟူသော တည်ရာ သောတာယတန၊ နှာခေါင်းဟူသော တည်ရာ ဃာနာယတန၊ လျှာဟူသော တည်ရာ ဇိဝှါယတန၊ ကိုယ်ဟူသော တည်ရာ ကာယာယတန၊ စိတ်ဟူသော တည်ရာ မနာယတန ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တည်ရာ ”အာယတန” ခြောက်ပါးဟု ဆိုအပ်၏။

ရဟန်းတို့ နာမ်ရုပ်ဟူသည် အဘယ်နည်း။ ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ စေ့ဆော်မှု စေတနာ၊ တွေ့ထိမှု ဖဿ၊ နှလုံးသွင်းမှု မနသိကာရ ဤတရားကို နာမ်ဟု ဆိုအပ်၏။ မဟာဘုတ် လေးပါးတို့လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ရုပ်လည်းကောင်း ဤတရားကို ရုပ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည်ကား နာမ်တည်း၊ ဤသည်ကား ရုပ်တည်း၊ ဤသဘောတရားကို နာမ်ရုပ်ဟု ဆိုအပ်၏။

ရဟန်းတို့ သိမှု ‘ဝိညာဏ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ သိမှုဝိညာဏ်အပေါင်းတို့သည် မျက်စိကို မှီ၍ သိမှု စက္ခုဝိညာဏ်၊ နားကို မှီ၍ သိမှု သောတဝိညာဏ်၊ နှာခေါင်းကို မှီ၍ သိမှု ဃာန ဝိညာဏ်၊့လျှာကို မှီ၍ သိမှု ဇိဝှါဝိညာဏ်၊ ကိုယ်ကို မှီ၍ သိမှု ကာယဝိညာဏ်၊ စိတ်ကို မှီ၍ သိမှု မနော ဝိညာဏ် ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို သိမှု ”ဝိညာဏ်”ဟု ဆိုအပ်၏။

ရဟန်းတို့ ပြုစီရင်မှု ”သင်္ခါရ”တို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ကာယသင်္ခါရ၊ နှုတ်ဖြင့် ပြုစီရင်မှု ဝစီသင်္ခါရ၊ စိတ်ဖြင့် ပြုစီရင်မှု စိတ္တသင်္ခါရ ဤသုံးပါးတို့ တည်း။ ရဟန်းတို့ ဤတရားသုံးပါးကို ပြုစီရင်မှု ”သခ င်္ါရ”တို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဆင်းရဲ၌ မသိမှု၊ ဆင်းရဲဖြစ်ပေါ် ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိမှုတည်း။ ရဟန်းတို့ ဤတရားကို မသိမှု ”အဝိဇ္ဇာ”ဟု ဆိုအပ်၏။

ရဟန်းတို့ ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကြရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွားရ၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု၏ ချုပ်ပျောက်ခြင်း ဖြစ်၏ဟု (ဟောတော်မူ၏)။

(သံယုတ္တနိကာယ်၊ နိဒါနဝဂ်)

______________________________________________

ပဋိစ္စသမုပ္ပါဒ် လည်ပုံပြတ်ပုံ တရားကို အလွယ်တကူ နားလည်သဘောပေါက်ကြစေရန်။
☘☘☘☘☘☘☘☘☘☘☘☘☘

(လင်္ကာဆောင်ပုဒ် ၁ )

အဝိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန်ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး၊ မျိုးမှအပင် အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်၊ ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာသိကြား  
စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်းအကြောင်းရင်းကြောင့် လူနတ်များစွာ၊ သတ္တဝါတို့ ဖြစ်လာရမှု၊ မဟုတ်ဟု ဉာဏ်ဖြင့် ရှု၍မျှော်။

လူနတ်ဗြဟ္မာ၊ သတ္တဝါများသည် မသိမှု အဝိဇ္ဇာ အကြောင်းခံကြပြီးလျှင် လိုချင်မှု တဏှာစွဲလမ်းမှု ဥပါဒါန်၊ ပြုလုပ်အားထုတ်မှုကံ ဆိုတဲ့ အကြောင်းအရာ ငါးပါးကို ကြိုးစားမိခဲ့ကြသောကြောင့် ရုပ်နာမ်နှစ်ပါး ဖြစ်ပေါ်ရရှိ
ကြရပါသည်။
             ဥပမာအားဖြင့် ပြောရပါလျှင် အပင်အမျိုးမျိုးမှ မျိုးစေ့ အသွယ်သွယ် ကျရောက်ပေါက်ပွားကြသောအခါ၊ ၄င်းမျိုးစေ့ အသွယ်သွယ်မှ အပင်အမျိုးမျိုး
ကို တစ်ဖန်ပေါက်ရောက်စေကြပြန်သဖြင့် အပင်နှင့်မျိုး၊ မျိုးနှင့်အပင်များဟာ အမျှင်မပြတ်၊ တရစပ် ဆက်ခါဆက်ခါပေါက်ရောက်စည်ကား ကြီးပွားနေကြ
သလို.......
           ထို့အတူသာလျှင် ကံဆိုသော အကြောင်းတရားကြောင့် နာမ်ရုပ်တွေ ဖြစ်လိုက်ကြနာမ်ရုပ်ပေါ်မှာ ဖြစ်ပျက်မမြင်သောကြောင့် ကံဆိုသော အကြောင်းတရားတွေ ပြန်ကြိုးစားလိုက်ကြနှင့် သုံးဆယ့်တစ်ဘုံဆိုသော သံသရာကြီးထဲမှာ ကံနှင့်နာမ်ရုပ်တွေဟာ အမျှင်မပြတ်ဆက်ခါဆက်ခါဖြစ်ပွားလျက် နေကြပါသည်။

          လူနတ်ဗြဟ္မာ သတ္တဝါတွေ သုံးဆယ့်တစ်ဘုံမှာ ဖြစ်ကြရတာဟာ သိကြားဗြဟ္မာ၊ ထာ၀ရဘုရား စသည်များက ဖန်ဆင်းလို့ ဖြစ်ကြရတာ မဟုတ်ပါဘူး၊ အကြောင်းကမ္မ တရားတွေကြောင့်အကျိုးဝိပါက တရားတွေ ဖြစ်ပေါ်လာရတာပါပဲဟု ဉာဏ်ဖြင့် သိရမည် ဆိုလိုပါသည်။ ။

(လင်္ကာဆောင်ပုဒ် ၂ )

မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊တရားကိုယ်
များနှင့် သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ၀ဋ်သုံး၀နှင့်၊ ကာလသုံးဖြာ၊ ခြင်းရာ
နှစ်ဆယ်၊ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊  
သံသရာမှလွတ်ကြောင်းတည်း။

၁။ မူလနှစ်ဖြာ == အဝိဇ္ဇာ၊ တဏှာ။
၂။ သစ္စာနှစ်ခု ==သမုဒယသစ္စာ၊ ဒုက္ခသစ္စာ။
၃။ လေးခုအလွှာ ==အတိတ်အကြောင်းတစ်လွှာ၊ ပစ္စုပ္ပန်အကျိုးတစ်လွှာ။
         ပစ္စုပ္ပန်အကြောင်းတစ်လွှာ၊ အနာဂတ်အကျိုးတစ်လွှာ။
၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး ==အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀၊ ဇာတိ၊ ဇရာမရဏ။
၅။ သုံးပါးအစပ် ==သင်္ခါရနှင့် ဝိညာဏ်တစ်စပ်၊ 
                (အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတစ်စပ်)

 ဝေဒနာနှင့် တဏှာတစ်စပ်၊    
(ပစ္စုပ္ပန်အကျိုးနှင့်ပစ္စုပ္ပန်အကြောင်း၊ သို့မဟုတ် အနာဂတ်ဖြစ်ကြောင်းတစ်စပ်)
                                 
ကမ္မဘ၀နှင့် ဇာတိတစ်စပ်၊    
(ပစ္စုပ္ပန်အကြောင်းသို့မဟုတ်အနာဂတ် ဖြစ်ကြောင်းနှင့်အနာဂတ်အကျိုးတစ်စပ်) 
၆။ ၀ဋ်သုံး၀နှင့် ==ကိလေသာ၀ဋ်သုံးပါး (အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်)
       ကမ္မ၀ဋ်နှစ်ပါး (သင်္ခါရ၊ ကမ္မဘ၀)
       ဝိပါက၀ဋ်ရှစ်ပါး(ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ 
        ဝေဒနာ၊ ဇာတိ၊ ဇရာ မရဏ၊ ဥပပတ္တိဘ၀)
ရ။ကာလသုံးဖြာ ==လွန်လေပြီးသော အတိတ်ကာလ၊
   ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊
    နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ။
၈။ ခြင်းရာနှစ်ဆယ် ==အတိတ် အကြောင်းအခြင်းအရာ ငါးပါး၊
      (အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀)
         ပစ္စုပ္ပန် အကျိုး အခြင်းအရာငါးပါး၊
         (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)
          ပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါး၊
           (တဏှာ၊ဥပါဒါန်၊ ဘ၀၊ အဝိဇ္ဇာ၊ သင်္ခါရ)
           အနာဂတ်အကျိုး အခြင်းအရာငါးပါး၊
              (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)
    ဤရှစ်သွယ် ==အမှတ်စဉ်(၁)မှ အမှတ်စဉ်(၈)ထိ။
.
{ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ လည်ပုံပြတ်ပုံနှင့် ဇနိတာရာမကျောင်းတိုက်ဆရာတော်၏ 
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ အမေးနှင့်အဖြေတို့မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်၊}

မူရင်းတင်သူကို Credit ပေးပါတယ်.....

           🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏

မြတ်ဗုဒ္ဓ၏ခြေတော်ရာ

မြတ်ဗုဒ္ဓ၏ခြေတော်ရာအကြောင်း သိကောင်းစရာ
🌺🌺🌺🙏🙏🙏🙏🙏🌺🌺🌺

ပါဠိစာပေ၌ မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို "ပါဒစေတိယ" ဟု ခေါ်၏။
သဗ္ဗညု မြတ်စွာဘုရားတို့သည် အခါခပ်သိမ်းမြေပြင်မှ လှည့်လည်ကြွသွားတော်မူရာ ၌ခြေတော်ရာ မထင်ပေ။

မြေပေါ်တွင် ခြေတော်ရာ မထင်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁။ နူးညံ့သိမ်မွေ့သော အရေတော်ရှိတော်မူခြင်း,
၂။ အားကြီးသော ခွန်အားရှိတော်မူခြင်း ( ခွန်အား
      အလွန်ကောင်းတဲ့ သိန္ဓောမြင်းဟာ ကြာရွက်ပေါ်
      မှာ ခြေရာမထင်အောင် ဖြတ် ပြေးနိုင်သကဲ့သို
      ပင်တည်း
၃။ သတ္တဝါအပေါင်းအား သနားစောင့်ရှောက်တော်မူ 
     လိုခြင်း၊ ဗုဒ္ဓရဲ့ခြေတော်ရာကို တွေ့တဲ့အခါ လူအ
      များရဲ့ကိစ္စကြီးငယ် နှောင့်နှေးမှု မဖြစ်စေချင်လို့’
      မြတ်ဗုဒ္ဓသည် မြေကြီးကို နင်းတဲ့အခါ ခြေရာ 
     မထင်ခြင်းဖြစ်ပါသည် အကြောင်းရှိမှသာ ပြ  
     တော်မူတယ် (အံ-ဋ္ဌ ၂၊ ၂၈၈)”တဲ့ ။
ဤ၃-ပါးသောအကြောင်းတို့ကြောင့် ဘုရားရှင်တို့ မြေအပြင်၌ ကြွသွားတော်မူရာဝယ် ခြေတော်ရာ မထင်ခြင်း ဖြစ်သည်။ 

ခြေတော်ရာ မြေပေါ်တွင် ထင်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
၁။ ခြေတော်ရာကို အခိုက်အတန့်မျှ မြင်စေလိုခြင်း
၂။ အဓွန့်ရှည်စွာ ကိုးကွယ်ပူဇော်စေလိုခြင်း၊ 
     ဤအကြောင်း ၂-ပါးတွင် တစ်ပါးပါးကြောင့် ဘုရားရှင်တို့သည် ခြေတော်ရာကို ချထားပြသတော်မူကြသည်။
(အံ၊ဋ္ဌ၊၂။ ၂၉၉။)။

ပိဋကတ်တော်လာ အခိုက်အတန့်မျှ ခြေတော်ရာ ချခဲ့သော နေရာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) တံမြက်မလှည်းဘဲ နိရောဓသမာပတ် ဝင်စားနေ
      သော အရှင်သာရိပုတြာအား သူ၏အနီး၌ ၎င်း              

(၂) ခြေတော်ရာသို့ အစဉ်လိုက်လျက် ပြဿနာမေး
       ကာ မဂ်,ဖိုလ်ရမည့် ဒေါဏပုဏ္ဏားအား သူ၏
       သွားရာလမ်း၌ လည်းကောင်း, 

(၃) သမီးပေးလိုသော မာဂဏ္ဍိယပုဏ္ဏားအား
      သူ၏မြင်လောက်ရာ အရပ်၌လည်းကောင်း, 

(၄) သား,သမီးများနှင့် တကွ မဂ်ဖိုလ်ရမည် ကုက္ကုဋ 
      မိတ္တမုဆိုးအား သူထောင်ထားသော ကြော့ကွင်း 
     အနီး၌လည်း ကောင်း,

(၅) မြတ်စွာဘုရားကို ဖူးမြင်လိုကြသော ဗာဝရီ
      ပုဏ္ဏားကြီး၏ တပည့်ရသေ့တို့အား ဇေတဝန် 
      ကျောင်းတော် ဂန္ဓကုဋီ အနီး၌လည်းကောင်း              
      ဘုရားရှင်သည် ခြေတော်ရာကို ချထားပြသ
      တော်မူပါသည်။
ဤကား အခိုက်အတန့်မျှ ချထားအပ်သော ခြေတော်ရာများ ဖြစ်သည် 
(ဝိ၊ဋ္ဌ၊၄။၁၇၆။ အံ၊ဋ္ဌ၊၁။၃၃၄။ အံ၊ဋ္ဌ၊၂။ ၂၉၈။ ဓမ္မ၊ဋ္ဌ၊
၁။၁၂၉။ ဓမ်မ၊ဋ်ဌ၊၂။၁၇။ သုတ်တနိ၊ဋ်ဌ၊၂။ ၂၉၉။)။

အဓွန့်ရှည်စွာ ကိုးကွယ်ပူဇော်ရန် ချထားအပ်သော ခြေတော်ရာများ -
~~~~~~~~~~~~~~~~~~~~~~~~~~~
( ၁ ) လင်္ကာဒီပ သီဟိုဠ်ကျွန်းရှိ သီရိပါဒတောင်
        ( သို့ ) သူမနကူဋတောင်၌ တစ်ဆူ
 ( ၂ ) ဇမ္ဗူဒီပ သုနာပရန္တတိုင်း၌ ၂-ဆူဟူ၍
          ခြေတော်ရာစေတီ ၃-ဆူရှိသည်၊

မြတ်စွာဘုရားသည် လင်္ကာဒီပသို့ ၃-ကြိမ် ကြွတော်မူသည်၊ 
(က) ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ၉-လ
        မြောက်တွင် ဘီလူးတို့ အုပ်စိုးရာ လင်္ကာဒီပသို့
        ဘီလူးတို့ကို ဆုံးမခြင်းငှါ ပထမအကြိမ် ကြွ
        တော်မူသည်၊ 

( ခ ) ၅-ဝါမြောက်၌ စူဠာဒရ မဟာဒရ နဂါးမင်းတို့
        အား ဆုံးမရန် ဒုတိယအကြိမ် ကြွရောက်တော်မူ
        သည်။

( ဂ ) ၈-ဝါမြောက်တွင် ရဟန်းငါးရာ ခြံရံလျက်
        မဟာစေတီတည်ရာ-စသော ဌာနတို့၌ နိုရောဓ 
        သမာပတ် ဝင်စားပြီးလျှင် သုမနကူဋ(သမန္တကူ
        ဋ) တောင်ထိပ်၌ ခြေတော်ရာပါဒစေတီတစ်
        ဆူ ချထားတော်မူသည်
(ဝိ၊ဋ်ဌ၊၁၆၆။ သာရတ်ထ၊၁။၁၇၅-၆။မဟာဝံသ၊၁-ပရိစ်ဆဒေ၊ ကလြာဏာဂမန၊ ဂါထာ-၇၇)။ 

 မြတ်စွာဘုရားသည် ဝါတော် ၂၀-လွန်မြောက်သောအခါ သုနာပရန္တတိုင်း ဝါဏိဇ္ဇဂါမ(ကုန်သည်ရွာ)သို့ ရဟန်းငါးရာနှင့်တကွ ကြွတော်မူ၍ ဝါဏိဇ္ဇရွာ၌ ၇-ရက် သီတင်းသုံးတော်မူသည်။

အရှင်ပုဏ္ဏမထေရ်ကို “သင်သည်ဤအရပ်၌သာ နေရစ်လော့”ဟု မိန့်တော်မူပြီးလျှင် နမ္မဒါမြစ်ကမ်း (နန်းချောင်း) အနီး၌နမ္မဒါနဂါးမင်း တောင်းပန်သဖြင့် ခြေတော်ရာ ပါဒစေတီတစ်ဆူ ချထားတော်မူသည်။
ထိုမှတစ်ဖန် သစ္စဗန္ဓတောင်သို့ ရောက်သောအခါ
သစ္စဗန္ဓမထေရ် တောင်းပန်သဖြင့် စိုစွတ်သော မြေစိုင်၌ အက္ခရာတံဆိပ် တ်နှိပ်သကဲ့သို့ ကျောက်ဖျာထက်၌ ခြေတော်ရာပါဒစေတီတစ်ဆူ ချထားတော်မူပြန်သည်။ 

ဤသို့လျှင် လင်္ကာဒီပ၌ ပါဒစေတီတစ်ဆူ, ဇမ္ဗဒီပ၌ ပါဒ စေတီနှစ်ဆူဟူ၍ အဓွန့်ရှည်စွာ ကိုးကွယ်ပူဇော်ရန် ချထားအပ်သောပါဒစေတီ ၃-ဆူ ဖြစ်သည် ။
(မ၊ဋဌြ၊၄၊၂၃၉။ သံ၊ဋီ၊၃။၂၅။)။

ခြေတော်ရာ၏ အလျား အနံ
~~~~~~~~`~~~~~~~~
ဘုရားသခင် လက်သစ်တော်ဖြင့် တိုင်းလျှင် 
အလျားတစ်ထွာ သုံးလက်သစ်၊ 

မဇ္ဈိမပုရိသအတောင်ဖြင့် တိုင်းလျှင် တစ်တောင်ထွာနှင့် တစ်မိုက် တစ်လက်သစ်၊ 

ယခုပုရိသ အတောင်ဖြင့် တိုင်းလျှင် နှစ်တောင် နှစ်
မိုက် သုံးလက်သစ် နှစ်မုယော 

အနံမှာ အလျားတွင် သုံးဖို့တစ်ဖို့ခန့် ဖြစ်သင့်
သည်။ (အမေးတော်ဖြေကျမ်း၅၃၅။)။

ဘုရားခြေတော်ရာတွင် (၁၀၈) ကွက် စက်လက္ခဏာများ ထင်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~

ဘုရားရှင်တို့သည် ရှေးရှေးဘဝ အလောင်း
တော်ဖြစ်စဉ်က လူအများ ချမ်းသာရေးကို အား
ပေးဆောင် ရွက်တော်မူခဲ့ခြင်း, 

လူအများ၏ကြောက်ရွံ့ ထိတ်လန့်ခြင်းကို ပယ်ဖျောက်လွှင့်တော်မူခဲ့ခြင်း, 

တရားနှင့် လျော်ညီစွာ ကာကွယ်စောင့်ရှောက်မှုကို ပေးတော်မူခဲ့ခြင်း,

အလှူဒါနပြုရာ၌ အခြံအရံလှူဖွယ်နှင့် တကွပေးလှူ တော်မူခဲ့ခြင်း၊ 

ဤအကြောင်းကံတို့ကြောင့် ဘုရားရှင်တို့၏ ခြေဖဝါးတော်ပြင်၌ ၁၀၈-ကွက် စက်လက္ခဏာများ ထင်ရှားဖြစ်ပေါ်လာသည်။
(ဒီ၊၃။၁၂၁။ ဒီ၊ဋဌြ၊၃။၁၀၅-၆-၇။)။

ခြေတော်ရာကို ဖူးမြှော်ရကျိုး
~~~~~~~~~~~~~~~~~~
မြတ်စွာဘုရား၏ စက်တော်ရာလက္ခဏာကို ရှိခိုးပူဇော်ခြင်းကြောင့် အကျိုးထူးများ ခံစားရသော ပုဂ္ဂိုလ်တို့ကား--
 (၁) ပဒသညကမထေရ် (အပ၁။၁၃၂။ အပ၊ဋ္ဌ၊ 
        ၂၉၈-၉။)
 (၂) ပဒပူဇေကမထေရ် (အပ၊၁။၁၅၆။)
       (၃)သကောသကကောရဏ္ဍဒါယကမထေရ်
       (အပ၊၁။ ၃၂၆)
 (၄) ကောရဏ္ဍပုပ္ပိယမထေရ်(အပ၊၂၇။) 
 (၅) သုဂန္ဓမထေရ် (ထေရ၊ဋ္ဌ၊၁။၉၉။) 
 (၆) သဗ္ဗမိတ္တမထေရ် (ထေရဋ္ဌ၊၁။၃၄၁။) စသည်တို့
         ဖြစ်သည်။

ဤပုဂ္ဂိုလ်တို့သည် ပါဒစေတီခြေတော်ရာ စက်လက္ခဏာကို ရှိခိုးပူဇော်ခဲ့ခြင်းကြောင့် အပါယ် ၄-ပါးမလားရဘဲ မြင့်မြတ်သော လူနတ်နိဗ္ဗာန် ၃-တန်သော ချမ်းသာကို ရရှိခံစားရသည်ဟုလာရှိပါ၏
 
မေတ္တာဖြင့် ( Ko Soe Min )

မှတ်ချက်။ ။တိပိဋကပါဠိမြန်မာ အဘိဓာန်၊ အတွဲ ၁၄၊ ၅၄၈၊ ၅၄၉၊ ၅၅၀ မှ ထုတ်နုတ်ပူဇော်အပ်ပါသည်။
 သီရိလင်္ကာနိုင်ငံ ဆရာတော်များ Page
 Credit - Kayla Win
✨✨✨✨✨✨✨✨
သစ္စာရှင်
မြတ်ဗုဒ္ဓ ၏ သာသနာ 
ပြန်လည်မျှဝေပေးပါ၏။ 
✨✨✨✨✨✨✨✨✨