ဘ၀အမောပြေ
***********
မိမိတို့ ရဲ့ဘ၀မှာ ဘ၀အမောပြေဆိုပြီး ရှာကြပါတယ်။
တစ်ယောက်နှင့်တစ်ယောက်တော့မတူပါဘူး။ ကိုယ်အားသန်ရာအားသန်ရာရှာကြပါတယ်။
ဘ၀အမောပြေလို့ ကိုယ်ထင်ထားတဲ့ အရာတွေ ကိုယ်လက်ထဲ
ရောက်လာပြီးဆိုရင် အမောမပြေဘဲ အမောဆို့ သွားတာတွေကြုံဖူးကြပါလိမ့်မယ်။ ဘာလို့ အမောမပြေတာလည်းဆိုရင် စစ်မှန်သော အမောဖြေနည်း မဟုတ်လို့ ပါ။စစ်မှန်သော အမောပြေနည်းမဟုတ်ရင်
တစ်သံသရာလုံးအမောဆို့ နေဦးမှာပါ။ဒါကြောင့် စစ်မှန်သော အမောပြေနည်းကို သိထားဖို့ လိုပါတယ်။
အမောပြေနည်းမပြောခင် ပုံပြင်လေးတစ်ပုဒ်အရင်ပြောပါရစေ။
တစ်ခါတုန်းက အကိုင်းခက်မတွေနှင့်ပြည့်စုံနေတဲ့
ညောင်ပင်ကြီးတစ်ပင်မှာ ငှက်ကလေးတစ်ကောင်းအသိုက်လုပ်ပြီးတော့နားခိုနေတယ်။ ညောင်ပင်ကြီးက အသီးတွေ သီးလာတဲ့အခါ အခြားသစ်
ပင်မှာနေထိုင်နေတဲ့ငှက်မျိုးစုံက ညောင်သီးတွေလာစားကြတယ်။ပျော်ကြတယ်။
ဒါကိုကြည့်ပြီး ညောင်ပင်အိုကြီးမှာ ပျော်မွေ့ နေတဲ့ငှက်ကလေးရင်ထဲမှာ မကျေနပ်မှု ဒေါမနဿတွေပေါက်ဖွားလာတယ်။
ညောင်ပင်ဟာ ညောင်ပင်ပဲ။ငှက်ဟာ ငှက်ပဲလို့  မသိတဲ့ငှက်ကလေး
မနာလိုမှုတွေရင်မှာပိုက်ပြီး ငါ့ညောင်ပင်ငါ့အသီးတွေလို့ လိုက်အော်နေရင်း
ငှက်ကလေးအမောဆို့ ပြီး သေသွားပါတယ်။
ဦးဇင်းတို့ ရဲ့လောကမှာလည်း အ၀ိဇ္ဇာနှင့်တဏှာတရားတွေဖုံး
ထားတော့ ငါနဲ့ ငါ့ဥစ္စာ အတူတူလို့ ထင်ပြီး ငှက်ကလေးလို့ ငါ့ဥစ္စာ၊
ငါ့သား၊သမီး၊ငါ့ဆွေမျိုးလို့ အော်ပြီး အမောဆို့ သွားတဲ့သူတွေ စာရင်း
ကောက်ကြည့်ရင် ကမ္ဘာမှာရှိတဲ့စာရွက်တွေသာကုန်သွားမယ်။စာရင်းကတော့ကုန်မယ် မထင်ပါဘူး။
တစ်ကယ်လို့ သာ ငှက်ကလေးဟာ ညောင်ပင်ကြီးကို ငါ့ဥစ္စာ၊ငါ့ပစ္စည်းလို့ 
မစွဲလမ်းဘူး။ညောင်ပင်ဟာ ညောင်ပင်ပဲ ငှက်ဟာငှက်ပဲလို့ သိရင်
လောကရဲ့အမှန်တရားကို နားလည်ထားရင် သောက၊ပရိဒေ၀၊ဒုက္ခ၊ဒေါမန
ဿဆိုတဲ့တရားတွေ မိမိတို့ ရဲ့အသိဉာဏ်မှာ မကပ်ငြိတော့ဘဲပျော်ရွှင်ခြင်း၊
ငြိမ်းချမ်းခြင်း ဆိုတဲ့ဘ၀ချမ်းသာကို ရရှိပြီး ဘ၀အမောတွေက
လွတ်မှာသေချာပါတယ်။
ဘ၀အမောတွေမဆို့ အောင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
မဟာသတိပဋ္ဌာနသုတ်မှာ...
(ဧကာယနော အယံဘိက္ခဝေ မဂ္ဂေါ သတ္တာနံ
ဝိသုဒ္ဓိယာသောက၊ ပရိဒေ၀ါနံသမတိက္ကမာယဒုက္ခ္ခဒေါမနဿာနံအတ္ထင်္ဂမာယ
ဉာယဿအဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တရော သတိပဋ္ဌာနာ )လို့ တစ်ခုတည်းသောလမ်းကိုဟောကြားခဲ့ပါတယ်။
ဆိုလိုတာက သောက၊ ပရိဒေ၀၊ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်း
ရဲ့ခြင်းမှလွတ်မြောက်ပြီးနိဗ္ဗာချမ်းသာကို မျက်မှောက်ပြုချင်တယ်ဆိုရင် သတိ
တရားလက်ကိုင်ထားပြီး ရုပ်ကိုစူးစိုက်ရှုရမယ်။ခံစားမှုကို စူးစိုက်ရှုရမယ်။စိတ်ကိုစူးစိုက်ရှုရမယ်။ သဘောတရားကို စူးစိုက်ရှုရမယ်လို့ ပြောတာပါ။
ဒါကြောင့်မိမိရဲ့ခန္ဓာကိုယ်နှင့်စိတ်မှာ ဖြစ်နေတဲ့သဘောတွေ
ကိုဖြစ်နေတဲ့သဘောအတိုင်း သတိနဲ့ စောင့်ရှုနေမယ်ဆိုလိုရှိရင်
သောက၊ပရိဒေ၀ဆိုတဲ့စိတ်ကိုညစ်ညူးတက်တဲ့တရားတွေ မလာတော့ဘဲ
ဘ၀အမောပြေပါလိမ့်မယ်လို့ ပြောလိုက်ပါရစေ။
သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
credit... အရှင်ဝိစက္ခဏ(မဟာလယ်တီ)
No comments:
Post a Comment