စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 19, 2016

ကျန်​ရှိ​နေ​သေးတဲ့သက်​တမ်းကိုဘယ်​လို​နေမလဲ

မင်္ဂလာနံနက်ခင်းပါ
••••••••••••
"ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ"

-လူတွေအားလုံးဟာ တည်းခိုခန်းတစ်ခုမှာ ခေတ္တခဏ ဝင်တည်းနေကြရတာပါ။ အချိန်တန်ရင် , သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။ ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရဦမလဲ။

လူ့ဘဝသက်တမ်းကို ယေဘူယျ ၇၅ နှစ် ထားပါ။ အသက် ၄၀ ရှိသူဟာ ၃၅ နှစ်ပဲ တည်းခိုခန်းမှာ နေခွင့် ရတော့မှာပါ။ ၅၀ ရှိသူက ၂၅ ,  ၆၀ ဆိုရင် ၁၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ ဒီတော့ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ။

ဒီမေးခွန်းကို နေ့တိုင်း ကိုယ့်ကိုယ်ကို မေးပါ။

လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူး , ငွေကြေး , ဥစ္စာ , ပညာ, အောင်မြင်ကျော်ကြားမှု , အခြံအရံတွေနဲ့ တိုင်းတာမလား . ?

ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို " သီလ , သမာဓိ , ပညာ" ဆိုတဲ့ သိက္ခာသုံးပါးနဲ့ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ့ ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။

ရာထူးဥစ္စာ, ငွေကြေး, ပညာ , အောင်မြင်မှု , အခြွေအရံတွေ ရှိပါရဲ့ , သိက္ခာသုံးပါး မရှိရင် တန်ဖိုးရှိတယ်လို့ မဆိုလိုနိုင်ပါဘူး။ နှစ်မျိုးစလုံး ရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

ဒါကြောင့် သိက္ခာသုံးပါးတည်အောင် ဘယ်လို လုပ်မလဲ . ?

-မနက်အိပ်ယာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲ သွားလိုက်ပါ။

၁။ငါးပါးသီလ ယူလိုက်ပါ။
ဒါဆို သီလသိက္ခာ တည်သွားပါပြီ။ နောက် . .

၂။ဂုဏ်တော်ကို ၅မိနစ် , မေတ္တာကို ၅ မိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာ တည်သွားပါပြီ။

၃။ဆက်ပြီး ဝိပဿနာကို ၅ မိနစ် ပွားလိုက်ပါ။
  ဒါဆို ပညာသိက္ခာ တည်သွားပါပြီ။

-သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ မခက်ပါဘူး။ ၁၅ မိနစ်လောက်ပဲ အချိန်ပေးရ ပါတယ်။ ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး ရောက်တာနဲ့ ကိုယ့်ရဲ့ စိတ်စွမ်းအားတွေလည်း အလိုလို ရောက်လာတာပါ။ ကိုယ့်ကိုယ်ကို ကြည်ညိုသွားရင် နေထိုင်ရတာ ပျော်ရွှင်လာပါတယ်။ သူတပါး ကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့ အဓိကပါ။

-တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး
ဘာဖြစ်လဲ ? ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။
-တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်။
ဘာဖြစ်လဲ ? ကြိုက်သလောက်မုန်း , ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။
-ကိုယ့်မှာ အခြံအရံမရှိဘူး။ ဘာဖြစ်လဲ?
ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။
-ကိုယ်က မအောင်မြင်ဘူး။ ဘာဖြစ်လဲ ?
ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။
-ကိုယ့်မှာ ကားမရှိဘူး။ ဘာဖြစ်လဲ ?
ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။
-ကိုယ့်မှာ မကျန်းမာဘူး , ဘာဖြစ်လဲ .?
ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။
-ကိုယ့်မှာ မချမ်းသာဘူး , ဘာဖြစ်လဲ?
ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

"ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ
တန်ဖိုးရှိနေတာပါပဲ " ဆိုတဲ့ အတွေးလေး ကိုတော့ ရင်ထဲကို သေခြာ ထည့်ထားရမှာပါ။ တတ်နိုင်ရင် မြင်သာလောက်တဲ့ နေရာမှာ စာတမ်းလေးကို ကပ်ထားပါ။ ဒါဆို စာတမ်းကို မြင်တိုင်း ကိုယ့်ကိုယ်ကို ဘယ်လို ဖြတ်သန်းရမယ် ဆိုတာ သတိပေးပြီးသား ဖြစ်နေတော့တာပါ။

"ဘာပဲဖြစ်နေဖြစ်နေ ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။

( ရဝေနွယ်- အင်းမ )

Credit ➳ ➳ ဓမ္မနှစ်သက်သူ။

No comments:

Post a Comment