ဂုဏ်တော်ကိုအာရုံပြု အကျိုးရသော မိဖုရားစောလုံဝတ္ထု
>>>>>>>>>>>><<<<<<<<<<<<<<<<<
ပုဂံပြည် နရသီဟပတေ့မင်း၏ `` စောလုံ ´´ မည်သော မိဖုရားသည် အပြစ်ကင်း၍ ကောင်းခြင်းအင်္ဂါလက္ခဏာ အသွင်အပြင်နှင့် ပြည့်စုံသောကြောင့် မိဖုရားအများတွင် ဘုရင်အမြတ်နိုးဆုံး မိဖုရားတစ်ဦးပေတည်း။ ထိုမင်းသည် နွေလအခါဝယ် ဧရာဝတီမြစ်ကမ်းတွင် စံနန်းတည်၍ မောင်းမမိဿံ အခြွေအရံများနှင့်အတူ ရေကစားတော်မူမြဲဖြစ်၏။ အခါတစ်ပါးဝယ် မိဖုရားစောလုံကို ကျီစယ်လိုသဖြင့် မျက်နှာ ၊ ဆံပင်ပါမကျန် တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေဖြင့် ပက်စေတော်မူသည်။
စောလုံမိဖုရားသည် ကျီစယ်သည်ကြိ အပြစ်ဟု ထင်မှား၍ ရန်ငြိုးထားပြီးလျှင် မိန်းမတို့ဓမ္မတာ သာမန်အပြစ်မျိုးဖြင့် အငြိုးကြီးတတ်သည့် အားလျော်စွာ အနာကြီးနာသောကြောင့် စားတော်ပွဲတွင် အဆိပ်ခတ်၍ ဆက်သစေလေသည်။ ဘုရင်မင်းလည်း ပွဲတော်မတည်သေးဘဲ ခွေးကို ကျွေးစေရာတွင် တခဏချင်း ခွေးသေသည်ကိုမြင်၍ ပွဲတော်ဆက်သသူကို စစ်ဆေးသောအခါ မိဖုရားစောလုံအပေါ် ကျရောက်၏။
မိဖုရားကို စစ်ဆေးပြန်ရာ ``` မိမိကို တစ်ကိုယ်လုံး စိုအောင် ရေပက်စေလျကိ အရှက်ခွဲသောကြောင့် မကျေနပ်သည့်အတွက် အသက်ကို လုပ်ကြံကြောင်း...´´´ ဟု ပြတ်ပြတ်တောင်းတောင်း ခပ်မာမာနှင့် သံတော်ဦးတင်သဖြင့် မင်းတို့မျက်စောင်းအကြောင်း မရွေးတတ်သည့်အတိုင်း ဆိုင်းငံ့ စဉ်းစားခြင်းမရှိ.. အမြတ်နိုးဆုံးမိဖုရားကိုပင် ထောက်ထားတော်မမူဘဲ ပန်းပဲသမားကို ခေါ်၍ သံကျပ်စင် (ကျပ်ခိုးစင်) ကို လုပ်စေပြီးလျှင် `` မီးရဲရဲညီးသော ကျပ်စင်ပေါ်တင်၍ သတ်စေ..´´´ ဟု အမိန့်တော်ချမှတ်သည်။
စောလုံမိဖုရားသည် ပန်းပဲသမားကို ရွှေငွေများစွာပေး၍ ခုနစ်ရက်ကြာအောင် ကျပ်စင်ကို ပြုလုပ်စေပြီးလျှင် တရားနာ၍ နေ့ရောညဥ့်ပါ သီလကို ဆောက်တည်ပြီးမှ ၇ ရက်ပတ်လုံး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်အာရုံပြု၍ နေလျှက် ၇ ရက်စေ့သောအခါ မီးရဲရဲညီးသော သံကျပ်စင်ထက်သို့ မကြောက်မရွံ့ တက်လေရာ အလွန်အေးမြ မွှေးကြိုင်လှသော ဂေါသီတစန္ဒကူးကို ထည့်ခတ်လိုက်သလို တခါတည်း မီးငြိမ်း၍ သွားလေသည်။
ဤနည်းအတိုင်း ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြုနေမှုကြောင့် သုံးကြိမ်တိုင်အောင် ထပ်ခါထပ်ခါ မီးငြိမ်းပြီးနောက် ...
`` ချမ်းသာခွင့်ရမည် မဟုတ်လျှင် တခဏချင်း လောင်ကျွမ်းစေလော့ ..´´ ဟု စိတ်ကို လျော့ချ အဓိဋ္ဌာန်သည့်အခါမှ တခဏချင်း ကွယ်ပျောက်ရရှာလေသည်။
=======
ဗုဒ္ဓဘာသာကောင်း တစ်ယောက် စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
စာဖတ် ဓမ္မမိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေသော်ဝ်။
*မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏သာသနာ page.
No comments:
Post a Comment