ဥာဏ်တော်များကို အသုံးပြုတော်မူပုံ
🌟🌟🌟🌟🌟🌟🌟🌟🌟🌟
မြတ်ဗုဒ္ဓသည် ဝေနေယျသတ္တ၀ါတို့အတွက် ဥာဏ်တော် ၁၀ ပါးကို အသုံးပြုတော်မူ၏။ အသုံးပြုတော်မူပုံမှာ...........
သတ္တ၀ါတစ်ဦး တစ်ယောက်သည် အာသဝေါတရားကုန်နိုင်၊ မကုန်နိုင်၊ သို့မဟုတ် ရဟန္တာဖြစ်နိုင်၊ မဖြစ်နိုင်ကို ဌာနာဋ္ဌာနကောသလ္လဥာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။
ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တွင် ဈာန်မဂ်ဖိုလ် ရမှုအတွက် အန္တရာယ် ( အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု ) ရှိ၊ မရှိကို ၀ိပါကဥာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။
ဈာန်မဂ်ဖိုလ်ရမှုအတွက် အမိသတ်ခြင်း စသော ကံကြီး ( ပဉ္စာနန္တရိယကံ.. )၊ ထိုက်မှု ရှိ ၊ မရှိကို သဗ္ဗတ္ထဂါမိနီ ပဋိပဒါဥာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။
အထက်ပါ ဥာဏ်တော် သုံးမျိုးဖြင့် ကြည့်ရှုပြီး ဖော်ပြခဲ့သော အန္တရာယ်ကို ကင်းရှင်းပါမှ ကယ်သင့်ကယ်ထိုက်သူ၊ ချွတ်သင့်ချွတ်ထိုက်သော သတ္တ၀ါတို့၏ အကျင့်စရိုက် ( စိတ်အလိုနှင့် ကိုက်ညီမည့်တရားကို ဟောကြားဖို့ရန် သတ္တ၀ါတို့၏ စရိုက်ကို အနေကဓာတု နာနာဓာတုဥာဏ် တော်ဖြင့် ) ကြည့်ရှု့ဆင်ခြင်တော်မူပါသည်။
သတ္တ၀ါတို့၏ နှလုံးသွင်း သဘောထားကိုသိပြီး သင့်လျော်သော တရားကို ဟောဖို့ရန် နာနာဓိမုတ္တိကဥာဏ်တော်ဖြင့် ကြည့်ရှု့ဆင်ခြင်တော်မူပါသည်။
သင့်လျော်သော တရားကို ဟောဖို့ရန် သတ္တ၀ါတို့၏ သဒ္ဓါတရား ကောင်း၊ မကောင်း စသော အချက်တို့ကို ဣန္ဒြိယပရောပရိယတ္တဥာဏ်တော်ဖြင့် ကြည့်ရှု့ဆင်ခြင်တော်မူသည်။
ဈာန်တရား၊ ၀ိမောက္ခတရား၊ သမာဓိ စသော တရားတို့၏ ညစ်ညူးဖြူစင်ကြောင်းတို့ကို ဈာန၀ိမေက္ခသမာဓိ သမာပတ္တိဥာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။ ထိုသို့ဆင်ခြင်ပြီး ကယ်သင့် ကယ်ထိုက် ချွတ်သင့် ချွတ်ထိုက်သော ဝေနေယျသတ္တ၀ါတို့ရှိရာသို့ တန်ခိုးအထူးဖြင့် အမြတ်ကြွမြန်းတော်မူပါသည်။
ထိုသို့ကြွမြန်းပြီးနောက် သတ္တ၀ါတို့၏ ရှေးဘ၀ဖြစ်ပုံနှင့် လောလောဆယ်စိတ်ဖြစ်ပုံကို ပုဗ္ဗေနိဝါသာနုဿတိဥာဏ်တော်ဖြင့် လည်းကောင်း၊ စုတူပပါတ၊ သို့မဟုတ် ဒိဗ္ဗစက္ခုဥာဏ်တော် ဖြင့်လည်းကောင်း ကြည့်ရှုဆင်ခြင်တော်မူပါသည်။
ဝေနေယျသတ္တ၀ါတို့အား အရဟတ္တမဂ်ရရန် တရားဟောခြင်း အလို့ငှါ အာသ၀က္ခယဥာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။
ဤဥာဏ်တော်တို့ကို အသုံးပြုတော်မူပုံ ကြည့်ခြင်းအားဖြင့် မြတ်ဗုဒ္ဓသည် မိမိပိုင်ဆိုင်သမျှသော ဥာဏ်အားလုံးကို ဝေနေယျသတ္တ၀ါတို့အတွက် အစွမ်းကုန် အသုံးပြုတော်မူသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ကြောင်း အာရုံပြု နှလုံးသွင်း၍ ကြည်ညိုပူဇော်နိုင်ပါ၏။
=======
ဗုဒ္ဓဘာသာကောင်း တစ်ယောက် စာအုပ်မှ ထုတ်နှုတ်ရေးသားပူဇော်ပါ၏။
တရားချစ်ခင် ဓမ္မမိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေသောဝ်။
** မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏ သာသနာpage.
No comments:
Post a Comment