#ဆံပင်ဖြူပေမယ့်_ယခင်မူအတိုင်းပဲလား
--အသက်တွေ တဖြေးဖြေးကြီးလာတော့
ဗဟုသုတတွေ
အသိမိတ်ဆွေတွေတော့
တဖြေးဖြေးများလာပါရဲ့-
ကုသိုလ်တွေကတော့ နဲလာတယ်။
---အရွယ်ရလာတော့
အတွေ့အကြုံတွေ များလာတာနဲ့အမျှ
စကားတွေသာများလာတယ်-
တရားတွေကတော့ နဲနေသေးတာအမှန်။
---ကြီးလာရင် ကုသိုလ်ချည်းပဲ
တအားလုပ်ပစ်လိုက်မယ်လို့
မောင်းတင်ထားခဲ့တာ
အခုတော့-ဝါတွင်း ဆယ့်နှစ်ဥပုသ်တောင်
ခွင့်ရက်လိုချင်နေသေးတယ်။
---ဗုဒ္ဓဘာသာဝင်လို့ အမည်ခံထားပေမယ့်
မိရိုးဖလာ အဆင့်နဲ့ပဲ
အားရနေလိုက်တာ
နေတောင် အတော်စောင်းသွားပြီ-
ရင့်ကျက်မှုက မလုံလောက်သေးဘူး။
---အခုအထိ
အားကိုးရာအစစ်ကို
လက်ဆုပ်လက်ကိုင် မပြနိုင်သေးဘူး-
ငွေလိုလို-ဂုဏ်လိုလို
ရာထူးလိုလို ကုသိုလ်လိုလို--
မတင်မကျနဲ့
နတ်ကရာ ကျီးမောနေဆဲ။
---ပတ်ဝန်းကျင်က လက်တွဲခေါ်လို့
ဘုမသိ ဘမသိ
မြန်မာပြည် ဘုရားရှိသမျှ
အကုန်လိုက်ဖူးပြီး
ကုသိုလ်ကို မီးထွန်းရှာခဲ့တယ်-
သူတော်ကောင်းကြီးများက
အံ့သြလို့ မဆုံးဘူးတဲ့ ။
---ဗုဒ္ဓဘာသာဝင်အဖြစ်
လုပ်သက်သာရင့်လာတယ်
အပြောအဆိုက အမေမွေးတဲ့အတိုင်းပဲရှိသေး-
အမူအယာက ဒေါင့်မကျိုးသေးဘူး
အကြံအတွေးက
မရိုးသား မဖြောင့်မတ်သေးဘူး။
---မလိုအပ်တာတွေ မလိုချင်မိဖို့က
လောဘကို အတော်ချွန်းအုပ်နေရဆဲ။
---ကိုယ့်ရဲ့ မကောင်းတဲ့အချက်
အားနဲချက်-ဟာကွက်တွေကို
ဖော့ဖော့တွေးပေးနေတာလဲ
သံသရာအတွက် ဝမ်းနဲစရာ။
---ဘေးလူက အသွင်တူလို့
အားကျစရာ အထင်ကြီးစရာလို့
မှတ်ကျောက်တင်ချင်တင်မယ်
ကိုယ့်ကိုယ်ကိုယ်တော့
တွေးလိုက်တိုင်း အားငယ်စရာချည်းပဲ။
---ကဲ ဒီတော့
ဆံပင်ဖြူပေမယ့်
ယခင်မူအတိုင်း မဖြစ်ရလေအောင်
သုံးစရာ ဖြုံးစရာ ပိုက်ဆံရှိရုံနဲ့
နေစရာ အိပ်စရာ စားစရာရှိရုံနဲ့
သွားစရာ လာစရာ ကား-ဆိုင်ကယ်ရှိရုံနဲ့
ကြည့်စရာ နားထောင်စရာ တီဗွီစလောင်းရှိရုံနဲ့
ဘဝဟာပြည့်စုံပြီလို့
ဘဝကိုဖြစ်သလို မတည်ဆောက်သင့်တော့ပါဘူး-
ကိုယ့်ဘဝကို လျှော့ဈေးမပေးသင့်တော့ပါဘူး-
ကိုယ့်ကိုယ်ကိုယ် မညာသင့်တော့ပါဘူး---
အမှည့် တဝင်းဝင်း အကင်းတဖြုတ်ဖြုတ်-တဲ့-
ဪ-ကြောက်စရာပါလား-။
---ထမင်းချက်ရင်း ကုသိုလ်ရအောင်
ရေချိုးရင်း ကုသိုလ်ရအောင်
ထမင်းစားရင်း ကုသိုလ်ရအောင်
ကားစောင့်ရင်း ကုသိုလ်ရအောင်
အိမ်သာတက်ရင်း ကုသိုလ်ရအောင်
စီးပွားရေးလုပ်ရင်း ကုသိုလ်ရအောင်
စာသင်ရင်း ကုသိုလ်ရအောင်
ခရီးသွားရင်း ကုသိုလ်ရအောင်
နောက်ဆုံး-ဘာပဲလုပ်လုပ်
ဘာစကားပဲပြောပြော
ဘာပဲတွေးတွေး
တချက်ခုတ် နှစ်ချက်ပြတ်ပေါ့--
အသိတရားလေးနဲ့
သတိထားပြီး
(မင်း---)
ခြလိုပုံထား ပျားလိုအုံပြု
ရရာစုချိန် တန်ပြီ---နော်-။
မေတ္တာဖြင့်
🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹
Credit..
No comments:
Post a Comment