စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, July 16, 2020

နည်းတဲ့တန်ဖိုးမဟုတ်

-    နည်းတဲ့ တန်ဖိုး မဟုတ်

ဝိပဿနာ ရှုမှတ်နေသူဟာ ရုပ် နာမ်
တစ်ချက် ရှုလိုက်ရင် ဖြစ်လာမယ့်
ကံတစ်ခု ပြတ်သွားတယ်လို့ 
ပြောကြပါတယ်။ 

ရုပ်ကိုရုပ်ပဲ နာမ်ကိုနာမ်ပဲလို့ သိပြီး
တစ်ချက် ရှုနိုင်တာဟာ နည်းတဲ့ 
တန်ဖိုး မဟုတ်ပါဘူး။

တစ်ချက် ရှုလိုက်ရင် 
ကိုယ့်မှာ ဖြစ်လာမယ့်
တစ်ဘဝစာ ဒုက္ခ သက်သာ
သွားတာပါ။ မရှုလို့ ရှိရင် တစ်ဘဝ 
ဒုက္ခတွေ ထပ်တိုး လာတာပါ။ 

မျက်စိ နား နှာ လျှာ ကိုယ် စိတ်ကနေ
ကံဆီကိုရောက်ရင် ဘဝဒုက္ခတွေ
တိုးလာပါမယ်။

ရှုမှတ်လိုက်တဲ့ အတွက် အရှုဉာဏ်က 
တစ်ဘဝစာ တွေ့ကြုံရမယ့်

အိုရမယ့်ဒုက္ခ, နာရမယ့်ဒုက္ခ, 
သေရမယ့်ဒုက္ဓ,
စိတ်ဆင်းရဲ, ကိုယ်ဆင်းရဲ ဖြစ်ရမှာတွေ,
ငိုကြွေး, ပူဆွေးရမှာတွေ, သောက
ရောက်ရမှာတွေကို ဖြိုချ ဖျက်ဆီး
ပေးလိုက်ပါတယ်။
သက်သာ သွားပါတယ်။

တရား အားထုတ်တာကို 
ပေါ့ပေါ့တန်တန် သဘော မထားပါနဲ့။

တစ်နာရီရှုလို့ လေးငါး ဆယ်ချက်ပဲ 
ရှုနိုင် ရှုနိုင် ဒါရုပ်ပဲ, ဒါနာမ်ပဲလို့
တစ်ခဏလေးပဲ ရှုနိုင် ရှုနိုင် 
စိတ်မပျက်ပါနဲ့။

လေးငါးဆယ်ချက် ရှုနိုင်ရင်လည်း
လေးငါးဆယ် ဘဝစာ ဒုက္ခတွေ 
ပြတ်သွားပါတယ်။ 

တစ်နေ့လုံး အားထုတ်လို့မှ ရုပ်လို့
တစ်ချက်သာ ရှုနိုင်လိုက်လို့ 
အရှုအမှတ် တစ်ချက် ရသွားရင်လည်း တစ်ဘဝစာ သက်သာသွားပါမယ်။

မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေ မပေါ်ခင် 
အရင်ဆုံး ရှေ့ကနေ ကံတွေ
ဖြတ်ပေးတာက ဝိပဿနာဉာဏ်ပါ။ 

ရုပ်နာမ်ကို ရှုတဲ့ ဝိပဿနာဉာဏ်က ရှေ့တန်းကနေပြီး ကံတွေ 
အသစ် ထပ်မဖြစ်အောင် 
ဖြတ်တောက်ပေးနေပါတယ်။

နောက်ကနေ ပါလာမယ့် လောကုတ္တရာ
မဂ်ဉာဏ်က အပြီးတိုင် ကံတွေကို 
ပယ်ဖျက် ရှင်းလင်းပေးပါတယ်။ 

ဖြစ်လာမယ့် ကံတွေကို သာမက 
ဖြစ်ပြီးသား ကံတွေကိုပါ 
ကြေပျက်သွားအောင် ချေဖျက်
ပေးပါတယ်။ 

ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ

No comments:

Post a Comment