ကောင်းသော ရက် လ နှစ်တွေ ဖြစ်စေဖို့
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဗုဒ္ဓမြတ်စွာဘုရားက "ပုဗ္ဗဏှသုတ်"မှာ အတိအလင်း ဟောထားပါတယ်။
ကောင်းသော ရက် လ နှစ် တွေ ဖြစ်လာ အောင်ဆိုရင် နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေ တွေးမယ်။
အပြစ်ကင်းတဲ့ အပြောတွေ ပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေ လုပ်မယ်။
ဆိုလိုတာက မနက်ခင်းမှာ ကာယသုစရိုက် ၀စီသုစရိုက် မနောသုစရိုက်ဆိုတဲ့ …
အကျင့်တရားတွေ ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် အဲဒီနံနက်ခင်းဟာ ကောင်းသော နံနက်ခင်းပါ။
နေ့လည်ခင်းမှာ ကောင်းတာပြောတယ်။
ကောင်းတာ တွေးတယ်။ ကောင်းတာလုပ် တယ်ဆိုလို့ ရှိရင်လည်း ကောင်းသော နေ့လည်ခင်း ဖြစ်ပါတယ်။
ညနေခင်းမှာလည်းပဲ အပြစ်ကင်းတဲ့ အတွေး တွေတွေးတယ်။ အပြစ်ကင်းတဲ့စကားတွေ
ပြောတယ်။ အပြစ်ကင်းတဲ့ အလုပ်တွေ လုပ် လို့ရှိရင် ကောင်းသောညနေခင်း ဖြစ်ပါတယ်။
အဲဒါကြောင့်မို့လို့ ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်အဖို့ ဘယ်တော့ဖြစ်ဖြစ် နက္ခတ်က အကောင်းပါပဲ။ အဆိုးမရှိပါ။
သို့သော် လူတွေက အကောင်းအဆိုးဆိုတာ နက္ခတ်ကိုပဲ သွားရှာကြတယ်။ ဗေဒင်သွား
မေးကြတယ်။ ကိုယ့်ရင်ထဲကအရာကိုတော့ မေ့နေကြပါတယ်။
ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါ။ ကိုယ့်သန္တာန် မှာဖြစ်နေတဲ့ လောဘတွေ ဒေါသတွေ မာန်မာန တွေ ဣဿာတွေကိုတော့ အကောင်းထင်နေ
ကြပါတယ်။
လောကမှာ လူဆိုးဖြစ်တယ်။ ရာဇ၀တ်မှုကို ကျူးလွန်တယ်ဆိုတဲ့ လူတွေဟာ သူ့စိတ်ကပဲ ကျူးလွန်တာပါ။
သူ့သန္တာန်မှာဖြစ်တဲ့ အကုသိုလ်တရားတွေက ဒီအလုပ်ကို လုပ်စေတာပါ။
ဆွဲခေါ်သွားတာက ကိုယ့်ရင်ထဲဖြစ်တဲ့
လောဘ ဒေါသတွေက ဆွဲခေါ်သွားတာပါ။
ခံရတော့လည်း ကိုယ်ပဲခံရတာပါ။
အဲဒါကြောင့်မို့ ကိုယ့်ရင်ထဲမှာဖြစ်တဲ့
အရာတွေဟာ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့
မကောင်းတဲ့ သဘောထားတွေဟာ
အင်မတန်မှ ကြောက်စရာကောင်းပါတယ်။
အပါယ်ငရဲဆိုတာ အပြင်က လာမချဘူး။ ကိုယ်လုပ်တော့ ကိုယ်ကပဲ ချတာပါ။
ကိုယ့်ရင်ထဲမှာဖြစ်တဲ့ လောဘ ဒေါသ မောဟ
ဆိုတဲ့ ဒီတရားတွေက အပါယ်ချတာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ လောဘတွေ ဒေါသတွေ မောဟတွေနည်းအောင် ဂရုစိုက် ဖို့လိုပါတယ်။
အဲဒီလို လောဘ ဒေါသ မောဟတွေ
နည်းအောင် ကြိုးစားတဲ့အချိန်ဟာ
“သုနက္ခတ္တံ” ကောင်းသောနက္ခတ်ပါပဲ။
ကိုယ့်အတွက် “သုမင်္ဂလံ” မင်္ဂလာအရှိဆုံးအချိန်ပါ။
စိတ်ဆိုးနေတဲ့ အချိန်ဟာ
မင်္ဂလာ မရှိပါ။
စိတ်မဆိုးဘူး။ မေတ္တာဘာ၀နာ ပွားနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်
မြတ် ရှိနေတယ်။မိတ်ဆွေမပျက်ဘူးဆိုရင်
မင်္ဂလာရှိတဲ့အချိန်ပါပဲ။
ဒါကြောင့်မို့ မနက်မိုးသောက် အလင်းရောက် တဲ့အချိန်မှာဖြစ်စေ နေ့လယ်အခါမှာဖြစ်စေ
ညနေအခါမှာဖြစ်စေ …
မြတ်စွာဘုရား ဟောကြားထားတဲ့ လမ်းစဉ် အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်သွား
ကြမယ်ဆိုရင် …
ကောင်းသောနံနက်ခင်း ကောင်းသော နေ့လယ်ခင်း ကောင်းသောညနေခင်း
ဆိုတဲ့ အချိန်ပိုင်းတွေနဲ့ ကြုံတွေ့ပြီးတော့
ကောင်းသော ဘဝြကီးတစ်ခုလုံးကို ဖြတ်သန်းပြီး နောက်ဆုံးမှာ သံသရာ၀ဋ်က လွတ်မြောက်တဲ့
နိဗ္ဗာန်ချမ်းသာသုခကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး
“ပုဗ္ဗဏှသုတ်" လာ ကျင့်စဉ်အတိုင်း မိမိဘဝ တိုးတက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ် တော်မူနိုင်ကြပါစေကုန်သတည်း။
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ပုဗ္ဗဏှသုတ် အနှစ်ချုပ် တရားတော်မှ
No comments:
Post a Comment