စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, July 13, 2020

များလာပြီလား..ပါးလာပြီလား..

မ်ားလာၿပီလား ပါးလာၿပီလား
🌿🌿🌺🌿🌿🌺🌿🌿🌺🌿🌿

ယောဂီတွေဟာ လိုရင်း အချက်ကို
မေ့နေကြပါတယ်။ အဓိက လိုရင်းက
မိမိမှာ လိုချင်မှု လောဘ ကိလေသာ၊
စိတ်ဆိုးမှု ဒေါသ ကိလေသာ၊ အမှန်
မသိမှု မောဟ ကိလေသာ၊ 
ထောင်လွှားမှု မာနကိလေသာ၊ 
မနာလို ဝန်တိုမှု စတဲ့ ကိလေသာ၊
မကောင်းတဲ့ စိတ်ဓာတ်တွေ 
ပါးလာပြီလား။ ကောင်းတဲ့ 
စိတ်ဓာတ်တွေ များလာပြီလား။ 
ဒါတွေကို စိစစ်ဖို့ မေ့နေကြပါတယ်။
သီလနဲ့ ပြည့်စုံအောင် ကျင့်ဖို့ 
မေ့နေကြတယ်။

အချို့ ယောဂီတွေဟာ တရားထိုင်ရင်း
နာကျင် ကိုက်ခဲမှုတွေ ပြင်းပြင်း 
ထန်ထန်ဖြစ်တယ်။ အထိုင်ကြာတဲ့ 
အခါမှာ အဲဒီ နာကျင် ခံခက်တာတွေ
တဖြည်းဖြည်း လျှော့လျှော့လာပြီး
ချုပ်သွား အေးသွားတယ်။ ဒါဟာ
ထုံးစံပါပဲ။ ခန္ဓာရဲ့ သဘာဝပဲ။ ဒါကိုပဲ
တစ်ချို့က ကိုယ်ရှုမှတ်လို့ 
နိုင်သွားတယ်လို့ အထင်မှားကြတယ်။
နာကျင် ခံခက်မှု ရုပ်ဒုက္ခ ဝေဒနာတွေ
ချုပ်ငြိမ်း အေးသွားတာကို မဂ်လို့ 
ထင်နေသူတွေ ရှိပါတယ်။

ယောဂီတွေက မဂ်ဖိုလ် နိဗ္ဗာန်ဆိုတာ
ချုပ်တာ ငြိမ်းတာ အေးတာလို့ ခဏ ခဏ
ကြားဖူးနားဝ ရှိထားတော့ တရား
ရှုမှတ်ရင်းနဲ့ တစ်ခါမျှ မကြုံဖူးတဲ့
အေးမှု ငြိမ်းမှုမျိုးနဲ့ ထူးထူး ဆန်းဆန်း
ကြုံလိုက်ရင် ဒါ မဂ်ပဲ၊ ဖိုလ်ပဲလို့
ထင်တတ်ကြပါတယ်။

ဈာန်စိတ်တွေကြောင့်လည်း 
ငြိမ်းအေးတာ ဖြစ်တတ်ပါတယ်။ 
ပီတိကြောင့်လည်း ဖြစ်တတ်ပါတယ်။
သမာဓိကြောင့်လည်း 
ဖြစ်တတ်ပါတယ်။ တရားရှုရင်း 
လင်းခနဲ၊ လက်ခနဲ၊ ငြိမ့်ခနဲ ဖြစ်သွားပြီး
ဘာမျှ မသိဘဲ ဖြစ်သွားတယ်၊
အေးသွားတယ်၊ အရှုခံ 
ပျောက်သွားတယ်၊ အရှုခံ
ပျောက်သွားတာကိုပဲ ချုပ်သွားပြီလို့
ထင်လိုက်တယ်။ မဂ်လို့ 
ထင်လိုက်တယ်။

တကယ်တော့ ပရမတ် အာရုံ 
သဘာဝကို မယူတတ်တာပါ။ ပရမတ်
သဘာဝ အစစ် ရောက်သွားရင် 
ရှုမှတ်စရာ အာရုံ မရှိတော့ဘူးလို့ 
ထင်တတ်ပါတယ်။ မရောက်ဖူးတဲ့ 
နယ်ပယ်ထဲ ရောက်သွားလို့ 
ယောင်ချာချာ ဖြစ်သွားတာမျိုးပါ။
တကယ်တော့ အေးသွားရင် 
အေးသွားတဲ့ သဘာဝကို ဆက်သိ 
သွားရမှာပါ။ အရှုခံ သိစရာ ဘာမျှ 
မရှိရင်လည်း သိနေတဲ့ စိတ်ကိုပဲ 
ပြန်သိရမှာပါ။ သိစရာ ရှိသမျှ ဆက်
သိသိ သွားရမှာပါ။ ဒါဆို ဘာမှ 
ထင်ယောင် ထင်မှား ဖြစ်စရာ 
မရှိပါဘူး။

အိပ်ချင် ငိုက်မျဉ်းမှုကြောင့်လည်း 
အရှုခံ ပျောက်နေတတ်ပါတယ်။
သဒ္ဓါ လွန်ကဲရင်လည်း အရှုခံ 
ပျောက်နေတတ်ပါတယ်။ အရှုခံ 
ပျောက်သွားတာကို ယောဂီက မဂ်လို့ 
အထင် မှားတတ်ပါတယ်။ မှားစရာ
အကြောင်းတွေက အများကြီးပါ။
ဗဟုသုတ ရှိဖို့ အလွန် 
အရေးကြီးပါတယ်။ 

အမှား သံသရာ မလည်ရအောင်၊ 
မိမိမှာ တရား ရ မရ သိရအောင်
မိမိကိုယ်တိုင် မိမိရဲ့ စိတ်နေစိတ်ထား
ပြောင်း မပြောင်း၊ အသိ အမြင် ပြောင်း
မပြောင်း၊ သီလပိုင်းက ပြည့်စုံသလား၊
မပြည့်စုံဘူးလား ဆိုတာတွေကို ရိုးရိုး
သားသား စောင့်ကြည့်တာ 
အသေချာဆုံး ဖြစ်ပါတယ်။

ရွှေဥမင် ဆရာတော်ဘုရားကြီးက
သတိပဋ္ဌာန်တရား အားထုတ်လာတာနဲ့
အမျှ စိတ်နေ စိတ်ထားတွေ၊ အသိ
အမြင်တွေ ပြောင်းလာဖို့သာ လိုရင်းလို့
မိန့်ပါတယ်။

                  Credit... အရှင်ဥဇ္ဇယ

No comments:

Post a Comment