🕳သင်္ချိုင်းနှင့်တူသောပုဂ္ဂိုလ် 🕳
~~~±±±~~~±±±±~~~±
ရဟန်းတို့လောက၌ သင်္ချိုင်းသည် အပြစ်ငါးမျိုးရှိ၏၊
၎င်းအပြစ်တို့မှာ
(၁) မစင်ကြယ်ခြင်း၊ မသန့်ရှင်းခြင်း
(၂) မကောင်းသောအနံ့ရှိခြင်း
(၃) ဘေးဘျမ်းရှိခြင်း
(၄) သရဲ၊ သဘက်တို့၏နေရာဖြစ်ခြင်း
(၅) များစွာသော လူအပေါင်းတို့၏ ငိုကြွေးရာနေရာ
ဖြစ်ခြင်းတို့ဖြစ်သည်၊
ရဟန်းတို့ ထိုအတူသာလျှင် သင်္ချိုင်းဥပမာရှိသော
ပုဂ္ဂိုလ်တို့၌လဲ အပြစ်ငါးမျိုးရှိကြကုန်၏၊ ယင်းတို့ကား...
(၁) ရဟန်းတို့ သင်္ချိုင်းသည် မစင်ကြယ်သကဲ့သို့
ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် ကာယကံ၊
ဝဇီကံ၊ မနောကံ မစင်ကြယ်ခြင်းတို့နှင့် ပြည့်စုံ၏၊
ထိုသို့ ကံသုံးပါး မစင်ကြယ်သော ပုဂ္ဂိုလ်ကို သင်္ချိုင်းနှင့်
တူသောပုဂ္ဂိုလ်ဟု ဆိုအပ်၏၊
(၂) ရဟန်းတို့ သင်္ချိုင်းသည် မကောင်းသောအနံ့ရှိသကဲ့သို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် ကာယကံ၊
ဝဇီကံ၊ မနောကံ မစင်ကြယ်ခြင်း၊ မကောင်းသော
ကျော်စောသတင်း ပျံ့နှံ့ခြင်းတို့ထွက်၏၊ ထိုသူသည်
မကောင်းသောအနံ့ရှိပြီး သင်္ချိုင်းနဲ့တူသောပုဂ္ဂိုလ်ဟု
ဆိုအပ်၏၊
(၃) ရဟန်းတို့ သင်္ချိုင်းသည် ဘေးဘျမ်းနှင့်တကွ ဖြစ်သကဲ့သို့ မစင်ကြယ်သော ကာယကံ၊ ဝဇီကံ၊ မနောကံနှင့်
ပြည့်စုံသောသူအား သီလကို ချစ်မြတ်နိုးကုန်သော
သီတင်းသုံးဖော်တို့သည် ဝေးဝေးရှောင်ကုန်ကြ၏၊
ထိုသူသည် ဘေးဘျမ်းနှင့်တကွ အမြဲပြည့်စုံသူဖြစ်၍
သင်္ချိုင်းနဲ့တူသောပုဂ္ဂိုလ်ဟု ဆိုအပ်၏၊
(၄) ရဟန်းတို့ သင်္ချိုင်းသည် သရဲ၊သဘက်တို့ နေထိုင်
ရာ နေရာဖြစ်သကဲ့သို့ မစင်ကြယ်သော ကာယကံ၊
ဝဇီကံ၊ မနောကံနှင့် ပြည့်စုံသောသူသည် ကာယကံ၊
ဝဇီကံ၊ မနောကံ မစင်ကြယ်သော ပုဂ္ဂိုလ်နှင့်သာ
အတူနေ၏၊ ထိုပုဂ္ဂိုလ်မျိုးကို သရဲ၊သဘက်နဲ့ အတူနေပြီး
သင်္ချိုင်းနဲ့တူသောပုဂ္ဂိုလ်ဟု ဆိုအပ်၏၊
(၅) ရဟန်းတို့ သင်္ချိုင်းသည် လူအများ ငိုကြွေးရာ နေရာ
ဖြစ်သကဲ့သို့ မစင်ကြယ်သော ကာယကံ၊ ဝဇီကံ၊
မနောကံနှင့် ပြည့်စုံသောသူအား သီလပြည့်စုံသော
သီတင်းသုံးဖော်တို့မြင်၍ "ငါတို့သည် ဤသို့သော
သဘောရှိသူနှင့် အတူတူနေရ၏၊ ငါတို့အား
ဆင်းရဲလေစွတစ်ကားဟု ရှုတ်ချကြကုန်၏၊"
ဤသည်ကိုပင် ထိုသူ၏ ငိုကြွေးရာဟုဆိုပြီး
သင်္ချိုင်းနဲ့တူသောပုဂ္ဂိုလ်ဟု ဆိုအပ်၏၊
ရဟန်းတို့ ဤသည်ပင်လျှင် သင်္ချိုင်းနဲ့တူသော ပုဂ္ဂိုလ်၏
အပြစ်ငါးမျိုးတည်း။
(ပဉ္စဂုင်္တ္တရပါဋိတော်)
မေတ္တာစေတနာဖြင့်
No comments:
Post a Comment