စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Monday, July 13, 2020
ထိုင်နေစဥ်မှာ ရှု့မှတ်ပါ
ထိုင်နေစဉ်မှာ ရှုမှတ်ပါ
***********"'""""""""""""""**********
ထိုင်​တဲ့​နေရာမှာ ထိတဲ့ထင်​ရှားတဲ့ အမူအရာ​လေး​တွေက နာတယ်​၊ ကျင်​တယ်​၊ ထုံတယ်​၊ 
ကိုက်​တယ်​၊ စူးတယ်​၊ ပူတယ်​၊
ပူတဲ့သ​ဘော၊ ​အေးတဲ့သ​ဘောက
ရုပ်​တရား၊ နာတာ၊ ကျင်​တာ၊ ထုံတာ၊ 
ကိုက်​တာလည်း ရုပ်​တရား။ 
နာတဲ့၊ ကျင်​တဲ့၊ ထုံတဲ့၊ ကိုက်​တဲ့
သ​ဘော​တွေဟာ မျက်​စိနဲ့ မမြင်​ရဘူး။
ဖွဲ့စည်းထားတဲ့ ကိုယ်​ထည်​ကြီးက​တော့ 
မျက်​စိနဲ့ မြင်​ရတယ်​။ 
တရားနှလုံးသွင်းတယ်​၊ တရားရှုတယ်​၊ 
ဝိပဿနာအလုပ်​ လုပ်​တယ်​ဆိုတာ 
ဒီကိုယ်​ထည်​ကြီးကို ကြည့်​ရတာ
မဟုတ်​ပါ။ ဒီကိုယ်ထည်​​ပေါ်မှာ အ​ကြောင်းဆုံလို့ ပွလာတဲ့ နာတတ်​တဲ့သ​ဘော၊ 
ကျင်​တတ်​တဲ့သ​ဘော၊ 
ကိုက်တတ်တဲ့သ​​ဘော၊
အောင့်တတ်တဲ့သဘော၊
စူးတတ်​တဲ့သ​ဘော၊ 
တုန်​တတ်​တဲ့သ​ဘော၊ 
ခုန်​တတ်​တဲ့သ​ဘော၊ 
မူးတတ်​တဲ့သ​ဘော၊ 
ဒီသ​ဘောတရား​တွေကို ကြည့်​ရမှာပါ။ 
သ​ဘောတရား​တွေ​ ပေါ်တိုင်း​ ပေါ်တိုင်းမှာ
ဖောက်​ပြန်​တဲ့သ​ဘော ရုပ်​တရားရဲ့ 
အရှုခံ ပေါ်တိုင်း​ ပေါ်တိုင်းကို အသိတရား
ကိန်းလိုက်တဲ့ အခိုက်​မှာ
လောဘ၊ ဒေါသ၊ မောဟ  မလာတော့ပါဘူး။ အကုသိုလ်အညစ်အကြေးတွေလည်း
မကိန်းတော့ပါဘူး။ ဒီအချိန်လေး 
တစ်ချက်ရှု တစ်ချက် စင်ကြယ်နေပါတယ်။ တရားနဲ့နေလို့စင်ကြယ်တာပါ။ တရားနဲ့နေတဲ့ပုဂ္ဂိုလ်မှာ မတရား မလာပါဘူး။
ထိုင်တဲ့ အချိန်အခါမှာ ပေါ်တဲ့ အရှုခံလေးတွေကို သတိထားဆင်ခြင်နေရင် တရားနဲ့
နေတတ်သွားပြီ။ 
စိတ်နဲ့ဆက်ပြီးတော့ 
အတွေးအာရုံလေးတွေ လာပါတယ်။
တွေးတဲ့စိတ်ကို အာရုံပြုရင် နာမ်။ 
ကြံစည်တဲ့သဘောတွေလည်း
လာပါတယ်။ ကြံစည်တဲ့သဘောကို 
ဉာဏ်နဲ့လိုက်ရင် နာမ်။
ပျော်ရွှင်တဲ့သဘော၊ 
ဝမ်းသာတဲ့သဘော၊ 
ဝမ်းနည်းတဲ့သဘော၊ 
လိုချင်တဲ့သဘော ဘာတွေပဲလာလာ၊ 
စိတ်နဲ့ဆက်ပြီး ပွ​နေတာဟာ နာမ်။
ဘုရားပွင့်မှ အခုဟောကြားတဲ့
တရားတွေကို နာယူတဲ့အခိုက်မှာ ဒါက 
ရုပ်တရား၊ ဒါက နာမ်တရားလို့ 
သိခွင့်ရတယ်။ ဘုရားမပွင့်ရင် 
မသိပါဘူး။ 
ရုပ်ကို ရုပ်မှန်းသိရင်၊ နာမ်ကို 
နာမ်မှန်းသိရင် သိတဲ့အခိုက်မှာ 
အကုသိုလ်တရားတွေ ကင်းပျောက်ပြီး 
ကုသိုလ်တရားတွေနဲ့  နေသူ 
ဖြစ်ပါတယ်။ သူတော်စင်များရဲ့ 
သန္တာန်မှာ ကိလေသာ မကပ်တဲ့
အတွက်ကြောင့် စင်ကြယ်တဲ့
အသိဉာဏ် ကိန်းပြီးတော့ 
တရားနဲ့ နေတတ်သွားပါတယ်။ 
   ရပ်နေစဉ်မှာ ရှုမှတ်ပါ
*******""""""""""""********
ရပ်တဲ့အခါမှာ တရားရှုမှတ်ပုံကို
ပြောပါမယ်။
နဂိုတုန်းက ရပ်တဲ့အခါမှာ အမှုမဲ့
အမှတ်မဲ့ အဝိဇ္ဇာနဲ့ရပ်ပေမယ့် အခု
အသိဉာဏ်ကိန်းပြီး ရပ်ပါမယ်။
ရပ်လိုက်တဲ့အခါမှာ တောင့်တာ၊ 
တင်းတာ၊ ညောင်းတာ၊ 
ကိုက်တာ၊ ခဲတာ လာပါမယ်။ 
ဒီသဘောလေးတွေဟာ
ရပ်တဲ့အခါမှာ ပြပါတယ်။
ပြတာတွေဟာ ရုပ်တရားပဲလို့ 
အသိဉာဏ်နဲ့ လိုက်ရင်
ယောဂီရဲ့ သန္တာန်မှာ သတိပဋ္ဌာန်
ကိန်းနေပါတယ်။ ဒီအချိန်​မှာ တရားနဲ့
နေသူ ဖြစ်သွားပါတယ်။ တရားနဲ့နေရင် 
မတရားတွေ မဝင်တော့ဘူးပေါ့။ 
အရှုခံတရားပေါ်မှာ အသိဉာဏ်လေး 
ကိန်းတဲ့အတွက်ကြောင့် 
စကားပြောချင်တဲ့စိတ်တောင်
မပေါ်တော့ပါဘူး။ 
ရပ်နေချိန်မှာ လှစ်ခနဲ အတွေးလေး
ပေါ်ရင် နာမ်တရား။ ပျော်နေတယ်
ဆိုရင် နာမ်တရား။ နာမ်တရား
ပေါ်ရင် နာမ်လို့ သိလိုက်မယ်။ 
ရုပ်တရားပေါ်ရင် ရုပ်လို့ သိလိုက်မယ်။ 
ရပ်တဲ့အခါမှာ တရားနဲ့ နေတတ်အောင် 
နှလုံးသွင်း လေ့ကျင့် ပေးပါ။
        သွားနေစဉ်မှာ ရှုမှတ်ပါ
************""""""""""""""""***********
တစ်နေရာက တစ်နေရာကို ပြန်တဲ့ အခါ 
သွားတဲ့ အခါမှာ အရှုခံနဲ့ 
အရှုဉာဏ်ကိန်းပြီး လာတာလား၊ 
သတိလက်လွတ်ပဲ လာသလား။ 
သတိလက်လွတ်လာရင် ဒီအချိန်
အဝိဇ္ဇာဖုံးနေလို့ မတရားနဲ့လာတာ။
တဏှာတွေနဲ့လာရင် မတရားနဲ့
လာတာ။
တရားလေးနဲ့ လာတတ်၊
ပြန်တတ်အောင် လေ့ကျင့်နည်းကို
ပြောပေးပါမယ်။
ခြေတစ်လှမ်းကို ချလိုက်တယ်။ 
ထိသွားတဲ့ နေရာမှာ အေးတယ်၊ 
ပူတယ်၊ တင်းတယ်​၊ တောင့်တယ် 
တစ်ခုခု ပြပါလိမ့်မယ်။ ထိလိုက်လို့
အေးခနဲပေါ်ရင် ရုပ်တရား၊ တင်းတဲ့
သဘော ပေါ်ရင် ရုပ်တရား၊ 
ပူတဲ့သဘော ပေါ်ရင် ရုပ်တရား၊
ကြမ်းတဲ့သဘော ပေါ်ရင် ရုပ်တရား၊ 
နူးညံ့တဲ့သဘော ပေါ်ရင် ရုပ်တရား။
တစ်လှမ်းကို တစ်ခါသိလို့
အသိလေး ကိန်းသွားရင် ဒီအချိန်​မှာ 
ကိလေသာ စင်ပါတယ်။ 
တစ်လှမ်းတိုင်း တစ်လှမ်းတိုင်းမှာ အဲ
ဒီအသိလေး တစ်ချက် တစ်ချက်
ကိန်းပြီးတော့ သွားမယ်ဆိုရင် တရားနဲ့
နေတတ်သွားတာပေါ့။ လာတုန်းက
တရားနဲ့ လာခဲ့သလို အပြန်မှာလည်း 
တရားနဲ့ ပြန်တတ်အောင် 
လေ့ကျင့်ပေးပါ။
ကိုယ်ရဲ့ ဥစ္စာပစ္စည်းတွေဟာ 
အားမကိုး ရပါဘူး။ မွေးထားတဲ့
သားတွေ သမီးတွေကလည်း
အားမကိုး ရပါဘူး။ ကိုယ်ကြိုးစားနေတဲ့ 
တရားကမှ အားကိုးလို့ ရပါတယ်။ 
အားကိုးထိုက်တဲ့တရားကို အချိန်တိုင်း
ကြိုးစားပါ။ 
       လျောင်းနေစဉ်မှာ ရှုမှတ်ပါ
*************""""""""""""""""""**********
ညအချိန် အိပ်တော့မယ် ဆိုရင်
ကိုယ့်အိပ်ရာလေးကိုယ် ခင်းမယ်။
ခြင်ထောင်လေးတွေကို ထောင်မယ်။ 
အဲဒီအချိန်မှာ ခြင်ထောင်ကို
ကိုင်ရင် ကိုင်မှန်းသိမယ်၊ ကြိုးလေးတွေ 
ချည်ရင် ချည်မှန်း သိမယ်၊ 
ခြင်ထောင်ကို မရင် မမှန်းသိမယ်၊
စောင်ကို ခင်းရင် ခင်းမှန်းသိမယ်၊ 
ခြုံရင် ခြုံမှန်းသိမယ် ဆိုရင် 
လှုပ်ရှားတဲ့အမူအရာတွေကို 
တစ်သိပြီး
တစ်သိ သိနေတဲ့အခိုက်မှာ 
သတိပဋ္ဌာန် ကိန်းနေပါတယ်။
တရား ကိန်းနေပါတယ်။
လျောင်းတဲ့ အခါမှာ ပက်လက်
လှန်ထားမယ်ဆိုရင် ကျောနဲ့ထိနေတဲ့အရာ၊ 
ဒါမှမဟုတ် တစောင်းလေး
စောင်းထားတယ် ဆိုရင် 
ထိတွေ့နေတဲ့ နေရာလေးတွေမှာ 
တင်းတာ၊ တောင့်တာ၊ ပူတာ၊ အေးတာ 
တစ်ခုခု လာပါမယ်။ ဘာပဲပေါ်ပေါ်  
ရုပ်တရား။ ဒီအချိန်အခါမှာ 
အတွေး ဝင်လာလို့ တွေးတာကို 
သိလိုက်ရင် နာမ်တရား။ ရုပ်ပေါ်ရင် 
ရုပ်မှန်းသိ၊ နာမ်ပေါ်ရင် နာမ်မှန်းသိရင် 
တရားနဲ့နေတာပါ။
နဂိုတုန်းက ဘယ်လောက်ပဲ 
အမှုမဲ့ အမှတ်မဲ့နဲ့ သတိလက်လွတ် 
နေခဲ့ပါစေ၊ အခုလို သတိလေးထားပြီး 
အသိလေး ကပ်နေမယ် ဆိုရင် 
တရားနဲ့နေသူ ဖြစ်ပါပြီ။
ရပ်နေစဉ် သွားနေစဉ် ထိုင်နေစဉ်
လျောင်းနေစဉ် နေစဉ်တိုင်းမှာ 
ဖြစ်ပေါ်နေဆဲ ကိုယ် စိတ် အားလုံးကို
သတိနဲ့ သိနေမယ် ဆိုရင် 
အချိန်တိုင်းဟာ ယောဂီအတွက် 
သတိ ကုသိုလ်တွေ ရနေတာပါပဲလေ။
      ဆရာတော် အရှင်ပုညာနန္ဒ
Credit...
No comments:
Post a Comment