မာနနဲ့ ပတ်သက်တဲ့ မှတ်ချက်
--------------------------------
မာနနဲ့ ပတ်သက်ပြီး တစ်ချို့ကလေးတွေက မဟုတ်မခံစိတ်ကလေးတွေနဲ့ ကိုယ့်မာနကို အထိမခံဘဲ “ကိုယ်မှန်တာကိုယ်လုပ်မယ် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး“ဆိုတဲ့ အတွေးလေးတွေ ရှိတတ်ပါတယ်။ တစ်ခါတလေ အဲဒီစိတ်အတွေးက မာနမဟုတ်တော့ဘဲ အရွဲ့ တိုက်တဲ့ သဘောမျိုးလေးတွေ ဖြစ်သွားတာလည်း ရှိတတ်ပါတယ်။ အလွန်အကျွံ မာန၊ တလွဲမာန ထားမိသွားရင် ကိုယ့်မှာမရှိတဲ့ အရာတွေကိုလည်း အရှိထင်၊ အဟုတ်ထင်ပြီး နိမ့်ချမှု နိဝါတတရား၊ အရိုအသေပြုမှု ဂါရဝတရားတွေပါ ပျောက်သွားတတ်ကြပါတယ်။ အရိုအသေပြုခြင်း၊ နှိမ့်ချခြင်းတွေဟာ မင်္ဂလာတရားတွေပဲ ဖြစ်ပြီး တလွဲမာနကြောင့် အရိုအသေမပြုနိုင်၊ နှိမ့်ချမှု မပြုနိုင်ရင် အဲဒီမင်္ဂလာတရားလည်း မရှိတော့ဘဲ အမင်္ဂလာ သဘောတွေ ရောက်လာတတ်ပါတယ်။
တကယ်တော့ မာနဆိုတာ ကိုယ့်ကိုကိုယ် ကြိုးစားချင်လာအောင်၊ မဟုတ်တာတွေ မလုပ်ဖြစ်အောင်၊ မရှိချင်နေပါစေ အကျင့်တော့ ဘယ်တော့မှ မဖောက်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ သီလတွေ မကျူးလွန်မိအောင် တွန်းအားပေးတဲ့ သဘောမျိုးဆိုရင်တော့ အထိုက်အလျောက် ဘဝတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်လာနိုင်တဲ့ မာနမျိုးလို့ဆိုနိုင်ပေမယ့် တစ်ဦးတစ်ယောက်က ကိုယ့်အမှားကို ထောက်ပြလာတဲ့အပေါ်မှာ “သူကကော ဘယ်လောက်သိလို့လဲ၊ ဘာမှဆရာလုပ်စရာ မလိုဘူး” စတဲ့ ကိုယ့်အမှားကို မမြင်နိုင်၊ ကိုယ့်မာနနဲ့ကိုယ် အကျိုးလိုလားတဲ့ လမ်းညွန်မှုကို လက်မခံနိုင်တဲ့ မာနမျိုးဆိုရင်တော့ ဒါဟာ အကျိုးမရှိတဲ့ တစ်လွဲမာနလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
ဘာသာတရား ရှုထောင့်က တွေးကြည့်ရင်တော့ မာနဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ဖြစ်စေတတ်ပါတယ်။ မာနခံနေလို့ ကုသိုလ်မရတာ၊ မာနကြောင့် ကလျာဏမိတ္တ မရှိတာ၊ မာနကြောင့် တရားမရတာတွေအထိ ဖြစ်တတ်တဲ့အတွက် ဘဝလွတ်မြောက်ရေးမှာ မာနဟာ အနှောက်အယှက်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးတဲ့ စိတ်ကြောင့် တရားအားထုတ်တာတောင် “ငါအားထုတ်လိုက်ရင် ခဏလေးနဲ့ တရားရနိုင်ပါတယ်”ဆိုတဲ့ မာနကြောင့် တရားမရနိုင်ဘဲ ဖြစ်နေတတ်တာလည်း ရှိတတ်ပါတယ်။
ဆိုတော့ကား မာနဟာ လောကီပိုင်း တိုးတက်ရေးအတွက် အထောက်အကူပြုစေမယ့် သဘောမျိုးနဲ့ ကိုယ့်ကိုကိုယ် တွန်းအားပေးဖို့ တဒင်္ဂအသုံးချ မာနမျိုး ထားသင့်က ထားနိုင်ပေမယ့် အဲဒီမာနဟာ တလွဲမာန၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုမာနစတဲ့ သဘောမျိုး ဖြစ်သွားရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးဘက်ကိုသာ ဦးတည်သွားတတ်ပြီး နောက်ဆုံး တရားမရနိုင်တဲ့ အဖြစ်မျိုးထိတောင် ရောက်သွားနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတိပြုဆင်ခြင် မာနဘဝင် မမြင့်အောင်တော့ ထိန်းသိမ်းစောက်ရှောက်ကြရတော့မှာ ဖြစ်ပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
ဆရာတော် ၏ အဆုံးအမ ဒေသနာ များအား
အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမည်။
No comments:
Post a Comment