စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, June 22, 2016

ပရိတ်​နိဒါန်းမြန်​မာပြန်

ပရိတ်​တရား​ဒေသနာ​တော်​..
#နိဒါန်း
*****
1/ လူတို့ နေထိုင်လျက်ရှိသော ဤစကြဝဠာနှင့်အတူ တွဲဘက်တည်ရှိသော ပတ်ဝန်းကျင် စကြဝဠာ တသောင်းမှ သောင်းလောကဓါတ် နတ်မြတ်အပေါင်းတို့ - ရဟန်းတို့၏ မင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ နတ်ရွာနိဗ္ဗာန် ချမ်းသာမှန်ကို ပေးစွမ်းနိုင်သော သူတော်ကောင်းတရား (ပရိတ်တရား)ကို နာကြားအံ့သောငှာ ဤနေရာ ဤဒေသသို့ လာရောက်ကြပါကုန်လော့။ လာရောက်၍ ရိုသေစွာ နာယူကြပါကုန်လော့ ။

2/ အို…. သောင်းလောကဓာတ် နတ်မြတ်အပေါင်းတို့ ယခုအခါသည်ကား မြတ်စွာဘုရား၏ တရားတော်ကို နာကြားရမည့် မင်္ဂလာ အခါတော် ဖြစ်လေသည်။

3/ ကျွန်ုပ်တို့သည် ပစ္စည်းလေးပါးအလှူကို ခံယူတော်မူထိုက်သော လူသူလေးပါး မသိမမြင်နိုင်သည့် ဆိတ်ကွယ်ရာနေရာ၌ ဖြစ်စေကာမူ မကောင်းမှုဒုစရိုက်ကို ပြုလုပ်ခြင်း အလျှင်းမရှိသော ကိလေသာတို့ကို အပြီးသတ် ဖယ်ရှင်းပြီး မိမိအလိုလို ကိုယ်တော်တိုင် သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်တော်မူပြီးသော ဘုန်းတော်အနန္တ၏အရှင် ဘုရားသခင်အား ဦးညွှတ် ရှိခိုးကြပါကုန်၏။

4/ ဤစကြဝဠာ၌၎င်း၊ ပြင်ပ စကြဝဠာများ၌၎င်း နေထိုင်လျက်ရှိကြကုန်သော ကိုယ်ဣနြေ္ဒလည်း ငြိမ်သက်၊ စိတ်ဓါတ်လည်း ငြိမ်သက်လျက် ရှိကြကုန်သော ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပြီး လောကီကျေးဇူး လောကုတ္တရာ ကျေးဇူးတို့ကို ရရှိနိုင်ရန် အမြဲတမ်း လုံ့လစိုက်လျက်ရှိကြသော ဘုမ္မစိုးနတ် (မြေမှီနတ်)၊ အာကာသစိုးနတ် (ကောင်းကင်နေနတ်) အပေါင်းနှင့်တကွ မြတ်သော ရွှေစိုင်အတိပြီးသော မြင်းမိုရ်တောင်မင်း၌ မှီတင်းနေထိုင်ကြသော နတ်သူတော်ကောင်း အပေါင်းတို့သည် သောကကင်းဝေး နေထိုင်ရေးအတွက် ရောင့်ရဲလွယ်ခြင်း၏ အကြောင်းဖြစ်သော ဘုရားစကားတော် မြတ်ကို နာယူပန်ဆင်ရန် အလို့ငှာ တညီတညွတ်တည်း စုဝေး ရောက်လာကြပါကုန်လော့။

5/ - ၆၊ စကြဝဠာ ဟူသမျှ၌ ဘီလူးများ၊ နတ်များနှင့် ဗြဟ္မာများ ရှိကြကုန်သည်ပင် ဖြစ်၏။ ကျွန်ုပ်တို့သည် စည်းစိမ်ချမ်းသာ ဟူသမျှကို ဖြစ်ပေါ်လာစေနိုင်သော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ အသင် ဘီလူး၊ နတ်၊ ဗြဟ္မာတို့သည် ကျွန်ုပ်တို့ ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ဝမ်းမြောက် ကြည်နူးကြပါ။ ကျွန်ုပ်တို့နှင့် တစိတ်တဝမ်းတည်းထားကာ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်၌ မွေ့လျော် နှစ်ခြိုက်ကြပါ။ စောင့်ရှောက်ထိုက်သူများအား စောင့်ရှောက် ကြည့်ရရသည့် သင်တို့၏ လုပ်ငန်းတို့ကို မမေ့မလျော့ အထူး ဆောင်ရွက်တော်မူကြပါ။

7/ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်မြတ်ကြီးသည်၎င်း၊ လူတို့၏ ကမ္ဘာလောကြီးသည်၎င်း ထာဝရ တိုးတက် ကြီးမြင့်ပါစေ။ သာသနာတော်နှင့် လူ့လောကကို နတ်အပေါင်းတို့က အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်ကြပါစေ။

8/ မည်သူမဆို သူ၏ အသိုင်းအဝိုင်းနှင့်အတူတကွ ချမ်းသာကြပါစေ။ ဝမ်းမြောက်ရွှင်ပြုံး နှလုံး ချမ်းမြေ့ကြပါစေ။

9/ မင်းဘေး၊ ခိုးသူဘေး၊ လူဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊ မြေဘုတ်ဘီလူးဘေး၊ သစ်ငုတ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသော နက္ခတ်ဘေး၊ ဇနပုဒ် ရောဂါဘေး၊ မမှန်ကန်သော တရားဘေး၊ မှားသော အယူဝါဒဘေး၊ လူယုတ်မာတို့၏ဘေး၊ ဤကဲ့သို့ ဘေးဆိုး အန္တရာယ်ဆိုးတို့မှ၎င်း၊ ဆင်ဆိုး၊ မြင်းဆိုး၊ သားကောင်ဆိုး၊ နွားဆိုး၊ ခွေးဆိုး၊ မြွေဆိုး၊ ကင်းဆိုး၊ မြွေစိမ်းဆိုး၊ သစ်ဆိုး (ကျားသစ်ဆိုး)၊ ဝံဆိုး၊ အောင်းဆိုး၊ ဝက်ဆိုး၊ ကျွဲဆိုး၊ ဘီလူးဆိုး၊ ရေစောင့် ဘီလူးဆိုး စသည်တို့ကြောင့် ဖြစ်တတ်သည့် ဘေးအမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ဥပါဒ်အမျိုးမျိုးတို့မှ၎င်း လူတို့ ကင်းဝေးအောင် မမြင်ရအောင် နတ်အပေါင်းတို့က အစောင့်အရှောက် တာဝန်ယူကြပါကုန်

No comments:

Post a Comment