ရတနသုတ်ဖြစ်ပေါ်လာပုံ
**-**-**-**-**-**-**
ရတနသုတ်တော်သည် ဝေသာလီပြည်၌ စတင်ပေါ်ပေါက်သလို အစ, အဆုံး ရွတ်ဖတ်သရဇ္ဈာယ်သော ပုဂ္ဂိုလ်မှာ အရှင်အာနန္ဒာ မထေရ်ဖြစ်သည်။
ရတနသုတ်မရွတ်ခင် ဝေသာလီ၏ အခြေအနေမှာ အလွန်ဆိုးရွားနေသည်။ မိုးခေါင်သဖြင့် ကောက်ပဲသီးနှံများ ပျက်စီးကာ လူတွေထမင်းငတ်နေကြသည်။ အစာကို ၀၀လင်လင် မစားရတော့ ရောဂါမျိုးစုံ ၀င်ရောက်နှိပ်စက်ပြန်သည်။ နေ့စဉ် လူတွေ သောက်သောက်လဲ သေနေကြသည်။ မမြှုပ်နိုင်သော လူသေအလောင်းများ မြို့ပြင်၌ ပွကျဲနေသည်။
လူသေအနံ့များကြောင့် ဘီလူးသဘက်တို့က မြို့တွင်း မြို့ပြင်ဝင်ကာ လူတွေကို နှိပ်စက်ပြန်သည်။ သို့ဖြင့် ဝေသာလီပြည်သည် အငတ်ဘေး၊ ရောဂါဘေး၊ ဘီလူးသဘက်ဘေး ဟူသော ဘေးကြီးသုံးသွယ်နှင့် ရင်ဆိုင်နေရသည်။
ထိုအချိန်တွင် မင်းနှင့်ပြည်သူတို့က တိုင်ပင်ကာ ဗုဒ္ဓသီတင်းသုံးရာ ရာဇဂြိုလ်သို့ ဘုရားပင့်အဖွဲ့လွှတ်ကာ ပင့်ဆောင်စေသည်။ ဗုဒ္ဓကလည်း ရဟန်းငါးရာနှင့်အတူ လိုက်ပါကြွလာသည်။
ဗုဒ္ဓသည် ဝေသာလီတံခါးဝ ရောက်သည်နှင့် အရှင်အာနန္ဒာအား ရတနသုတ်ကို သင်ပေးပြီး ဝေသာလီ၏ တံတိုင်းသုံးထပ်ကြားဝယ် ညဥ့်သုံးယံပတ်လုံး ရွတ်စေသည်။ အရှင်အာနန္ဒာသည် ဗုဒ္ဓ၏ သပိတ်တော်တွင် ရေအပြည့်ထည့်ကာ နှုတ်နှင့်လည်းရွတ်.. ပရိတ်ရေနှင့်လည်း ပက်ဖြင့် ညဥ့်သုံးယံပတ်လုံး ပြုလုပ်ရာ ဘီလူးသဘက်တို့ ထွက်ပြေးကြသည်။
ဗုဒ္ဓကြွလာသည်မို့ မြို့သန့်မိုးကြီး ရွာချရုံတင်မက သိကြား ဗြဟ္မာစသော တန်ခိုးကြီး နတ်တို့ကြောင့်လည်း ဘီလူးသဘက်တို့ ပြေးကုန်ပြီး မထွက်ပြေးဘဲ ပုန်းခိုကပ်ရပ်နေသော သားရဲသဘက်များလည်း အရှင်အာနန္ဒာ၏ ပရိတ်ရေ ထိသဖြင့် မနေ၀ံ့ဘဲ ထွက်ပြေးကြရသည်။ ဗုဒ္ဓကလည်း မြို့လယ်လွှတ်ရုံး မဏ္ဍပ်ကြီး၌ ပရိတ်သတ်အပေါင်းအား ရတနသုတ်နှင့်စပ်သော တရားတို့ကို ဟောပေးလေသည်။
ဤသို့ဖြင့် ရတနသုတ်သည် ဝေသာလီပြည်၌ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်လေသည်။
=======××××××
ရတနသုတ် ရွတ်ရခြင်းအကျိုး
********************
ရတနသုတ်ကို နာကြားခြင်း၊ ရွတ်ဖတ်ခြင်း ပြုသူများ ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်ရုံမက ဘီလူးသားရဲတို့၏ ဘေးမှလည်း လွတ်ကင်းကြသည်။ နတ်ကောင်း နတ်မြတ်များ၏ ကူညီစောင့်ရှောက်မှုကိုလည်း ခံရသည်။
========××××××
ရွတ်သင့်ချိန်
*********
မြို့ရွာ ရပ်ကွက်အတွင်း၌ ရောဂန္တရကပ်၊ ကတ္ထန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်တို့ ဖြစ်ပေါ်မည်ဟု ထင်ရသောအခါ ၊ ဖြစ်ပွားနေသည့် အခါတို့၌ ရွတ်၊
နေ့စဉ်ရွတ်က မိမိနေအိမ်နှင့်တကွ မြို့ရွာ ရပ်ကွက်အတွင်း အန္တရာယ်ကင်းစေသည်။
❆ ဓမ္မမော်ကွန်း ❆
No comments:
Post a Comment