စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, June 9, 2016

မုသာဝါဒအဓိပ္ပါယ်

၂း၆း၎။ မုသာဝါဒအဓိပ္ပါယ်
**********************
    ငါးပါးသီလတွင် စတုတ္ထမြောက်သိက္ခာပုဒ်ဖြစ်သည့် မုသာဝါဒသိက္ခာပုဒ်ကို ```မုသာဝါဒါ ဝေရမဏိသိက္ခာဒံ သမာဒိယာမိ=လိမ်လည်လှည့်စား မုသားစကားပြော ကြားခြင်းမှ ရှောင်ကြဉ် ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏´´´´  ဟုရွတ်ဆို ဆောက်တည်ရ၏။

    ထိုတွင် မုသာဝါဒဟူသောပုဒ်သည် မုသာနှင့်ဝါဒဟူသောပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ထင်ရှားမရှိမဟုတ်မှန်သော အကြောင်းအရာကို မုသားဟုခေါ်၏။ ထင်ရှားမရှိမဟုတ်မှန်သော အကြောင်းအရာကို ထင်ရှားရှိဟုတ်မှန်သောအားဖြင့် သိစေခြင်းကို ၀ါဒ ဟုခေါ်၏။
သို့ဖြစ်၍ မုသာဝါဒဟူသည် ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန် ပြောဆိုမှုကို ရှေးရှုသောသူ၏ သူတပါးအကျိုး စီးပွါးကို ပျက်ပြားစေတတ်သော ကိုယ်ဖြင့် လိမ်ညာခြင်း၊ နှုတ်ဖြင့်လိမ်ညာခြင်းတို့ကို ဖြစ်စေတတ်သည့် အကုသိုလ်စေတနာပင် ဖြစ်၏။

    ထိုမုသာဝါဒသည် မိမိ၏ လိမ်လည်မှုကြောင့် သူတပါး၏ အကျိုးစီးပွါးပျက်စီးမှု အနည်း အများအပေါ်မူတည်၍လည်းကောင်း၊ အလိမ်ခံရသူ၏ သီလစသည့်ဂုဏ်ရှိ မရှိအပေါ် မူတည်၍ လည်းကောင်း အပြစ်ကြီးငယ်ကွဲပြား၏။ မိမိ၏ လိမ်လည်မှုကြောင့် သူတပါး၏ အကျိုးစီးပွား အနည်းငယ်သာပျက်စီးလျင် အပြစ်သေးငယ်၍ ပျက်စီးဆုံးရှုံးများလျင် အပြစ်ပိုကြီး၏။ အလိမ်ခံရသူက သီလစသည့်ဂုဏ်မရှိလျင် အပြစ်သေးငယ်၍ သီလစသည့်ဂုဏ်ရှိသူဖြစ်လျင် အပြစ်ပိုကြီး၏။

၂း၆း၎း၁။ မုသာဝါဒအင်္ဂါ(၄)ပါး
    မုသားပြောရာ၌ အင်္ဂါ(၄)ပါးရှိ၏။ ထိုအင်္ဂါတို့မှာ-
    ၁။ မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊
    ၂။ ချွတ်ယွင်းလွဲမှားစေလိုသောစိတ်ရှိခြင်း၊ 
    ၃။ ထိုစိတ်မျိုးဖြင့် သူတပါးအား လိမ်ညာရန်အားထုတ်ခြင်း၊
    ၄။ အလိမ်ခံရသူက လိမ်သည့်အတိုင်း ယုံကြည်ခြင်း ဟူ၍ ဖြစ်သည်။

    အထက်ပါသိက္ခာပုဒ်တို့၌ ဆိုင်ရာအင်္ဂါများနှင့် ပြည့်စုံလျင် ကမ္မပထမြောက်၏။ ဤမုသာ ၀ါဒသိက္ခာပုဒ်၌ကား မုသာဝါဒအင်္ဂါ(၄)ပါးနှင့် ညီညွတ်သော်လည်း သူတပါး၏ အကျိုးစီးပွားပျက်စီးမှု မရှိလျင် ကမ္မပထမမြောက်။ ကမ္မမတ္တ=ဒုစရိုက်ကံဖြစ်ရုံသာဖြစ်၏။ သိက္ခာပုဒ်သီလပျက်ရုံသာဖြစ်၏။
အထက်ပါအင်္ဂါ(၄)ပါးနှင့် ပြည့်စုံ၍ သူတပါးအကျိုးစီးပွား ပျက်စီးမှုလည်း ရှိလျင်ကား သိက္ခာပုဒ် လည်းပျက်၏။ ကမ္မပထလည်းမြောက်၏။

    အသက်အန္တရာယ်စသည်တို့ကြောင့် ကိုယ်လွတ်ရုန်းလို၍ လိမ်လည်ပြောရာ၌ကား မုသာဝါဒ ကမ္မပထမမြောက်ပေ။

သံသုမာရဇာတ်၌ မိချောင်းတစ်ကောင်သည် ဘုရားအလောင်းဝါနရိန္ဒမျောက်မင်း ၏ အသည်းနှလုံးကို တောင်းလေ၏။ ထိုအခါ မျောက်မင်းက 'ငါတို့မျောက်မျိုး၏ အသည်းနှလုံးကား ကိုယ်ထဲ၌ မရှိ။ ရေသဖန်းပင်၌ ချိတ်ထားသည်' ဟုပြော၍ နီရဲနေသော ရေသဖန်းသီးကို လက်ညှိုး ညွှန်ပြခဲ့၏။

    ပဉ္စာဝုဓဇာတ်၌လည်း ဘုရားအလောင်းပဉ္စာဝုဓမင်းသားသည် တောအုပ်တစ်ခုအတွင်း၌ သိလေသလောမဘီးလူးမကြီးအား
```ငါ့ဝမ်းထဲ၌ ၀ရဇိန်လက်နက်ရှိ၏။ ငါ့အား သင်စားသော် အစာမကြေဘဲ အူအပိုင်းပိုင်းပြတ်၍ သေလိမ့်မည်´´´ ဟု ပရိယာယ်ဖြင့် လိမ်လည်လှည့်ပတ်ပြောဆိုရာ သေဘေးမှ လွတ်မြောက်ခဲ့၏။

ဤ၀တ္ထုတို့၌ ဘုရားအလောင်းသည် လိမ်ပြောသည်ပင်ဖြစ်သော်လည်း သူတစ်ပါးအကျိုးပျက်စီးရန် မရည်ရွယ်သောကြောင့် မုသာဝါဒကမ္မပထ မမြောက်ပေ။

၂း၆း၎း၂။  မုသာဝါဒကံ၏ ဆိုးကျိုးများ

    သူတစ်ပါး၏အကျိုးပျက်စီးဆုံးရှုံးအောင် မုသားစကားပြောဆိုသူတို့သည် ယခုဘ၀၌ပင် လူမှု ရေးဒုက္ခအ၀၀ကို ခံစားရနိုင်သည့်အပြင် နောက်ဘ၀၌လည်း အပါယ်ဘုံများသို့ ကျရောက်ရ၏။ ထိုအပါယ်ဘုံမှ လွတ်၍ လူဖြစ်ပြန်သောအခါ၌လည်း
    ၁။ စကားမပီသခြင်း၊ 
    ၂။ သွားများညီညီညာညာမရှိခြင်း၊
    ၃။ ခံတွင်းမှအပုပ်နံ့ထွက်ခြင်း၊
    ၄။ အသားအရေခြောက်ကပ်ခြင်း၊
    ၅။ မျက်စိနားစသော ဣနြေ္ဒများမကြည်လင်းခြင်း၊
    ၆။ ချွတ်ယွင်းဖောက်ပြန်ပုံဟန်မလှခြင်း၊ 
    ၇။ သူတစ်ပါးအပေါ်သြဇာအာဏာမတည်ခြင်း၊
    ၈။ အပြောအဆိုနှုတ်လျာများကြမ်းတမ်းခြင်း၊
    ၉။ လျပ်ပေါ်လော်လီစိတ်မတည်ကြည်ခြင်း၎ စသည့်ဆိုးကျိုးများကို ခံစားရ၏။

    ယင်းကိုရည်ရွယ်၍ ရှေးဆရာတို့က ''မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊သွား မညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏၊ မရောက် သြဇာ၊နှုတ်လျာကြမ်းထော်၊ လျပ်ပေါ်လော်လည်၊စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန်အကျိုးတည်း'' ဟု လင်္ကာစပ်ဆိုတော်မူခဲ့ကြ၏။

၂း၆း၎း၃း။  မုသာဝါဒမှရှောင်ကြဉ်ရကျိုးများ
    မုသားစကားပြောကြားခြင်းမှ ရှောင်ကြဉ်သောသူတို့သည် အထက်ပါဆိုးကျိုးများ၏ ဆန့်ကျင် ဘက်ဖြစ်သည့် ကောင်းကျိုးများကို ခံစားရမည့်အပြင် ဖြစ်လေရာဘ၀တို့၌-
    ၁။ မျက်စိနားစသောဣနြေ္ဒများကြည်လင်ခြင်း၊
    ၂။ စကားပီသချိုသာပြတ်သားခြင်း၊
    ၃။ ညီညွတ်၍သန့်စင်သောသွားရှိခြင်း၊
    ၄။ မ၀လွန်း၊မပိန်လွန်းခြင်း၊
    ၅။ အရပ်မနိမ့်လွန်း၊မမြင့်လွန်းခြင်း၊
    ၆။ ကောင်းသောကိုယ်အတွေ့ရှိခြင်း၊
    ၇။ ခံတွင်းမှမွှေးသောအနံ့ထွက်ခြင်း၊
    ၈။ မိမိစကားကိုနားထောင်ကြခြင်း၊
    ၉။ မိမိပြောဆိုသောစကားကိုအများကယုံကြည်ခြင်း၊
    ၁၀။ နူးညံ့နီမြန်း၍ပါးလွှားသောလျာရှိခြင်း၊
    ၁၁။ စိတ်တည်ကြည်ခြင်း၊
    ၁၂။ မလျပ်ပေါ်မလော်လည်ခြင်း၁စသည့် အကျိုးများကို ခံစားရနိုင်၏။
    ဤကဲ့သို့ အကျိုးများလှသည့် မုသားစကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းကို လူသားတိုင်း ကျင့်ကြံသင့်လှ၏။ ဘုရားရှင်၏လက္ခဏာတော်ကြီး ၃၂ ပါးအနက် ဧကေကလောမတာလက္ခဏာ= မွေးညှင်းတွင်းတစ်ခုလျင် တစ်ပင်စီသာပေါက်ခြင်းလက္ခဏာ နှင့် ဥဏ္ဏလောမတာလက္ခဏာ=မျက်မှောင် နှစ်ဖက်ကြား၌ နူးညံ့သည့် လဲ ၀ါဂွမ်းနှင့်တူ၍ ဖြူစင်သောဥဏ္ဏလုံမွေးရှင်တော်ပေါက်ခြင်းလက္ခဏာ ဟူသည့် လက္ခဏာတော်ကြီး(၂)ပါးနှင့် ပြည့်စုံခြင်းတို့မှာ ဖြစ်လေရာဘ၀တို့၌ မုသားစကားပြောဆိုမှုမှ ရှောင်ကြဉ်ခဲ့သောကြောင့်ဖြစ်၏။၂
သို့ဖြစ်၍ မုသာဝါဒမှ ရှောင်ကြဉ်မှုကို လူ့အခြေခံကျင့်ဝတ်အဖြစ် လူသားတိုင်းလိုက်နာသင့်၏။

Credit .. အနှိုင်းမဲ့ အလင်း blog.

No comments:

Post a Comment